ရခိုင်နယ်စပ် မိုင်တိုင် ၄၀ တိုက်ပွဲ အပြင်းထန်ဆုံး ဖြစ်ခဲ့တယ်လို့ ဒေသခံတွေပြော

ဓာတ်ပုံ ရင်းမြစ်, Getty Images
တစ်လနီးပါးအကြာ တိုက်ပွဲတွေပြင်းထန်နေတဲ့ ရခိုင်ပြည်နယ် ၊ မောင်တောမြို့နယ်မြောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီးမှာ ရက္ခိုင့်တပ်တော်-အေအေနဲ့ စစ်ကောင်စီတို့အကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။
လက်နက်ကြီးပစ်ကူတွေအပြင် လေယာဉ်တွေနဲ့တိုက်ခိုက်နေတာ တစ်ပတ်ခန့်ကြာမြင့်လာနေပြီဖြစ်ပြီး မနေ့ကတော့အပြင်းထန်ဆုံး တိုက်ခိုက်မှုဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။
အေအေတပ်ဖွဲ့တွေရှိတဲ့နေရာတွေကို စစ်ကောင်စီက လေကြောင်းသုံးပြီး အဆက်မပြတ်တိုက်ခိုက် တာတွေလုပ်တယ်လို့ တိုက်ပွဲအခြေအနေကို သိရှိသူဒေသခံတွေက ပြောပါတယ်။
ဩဂုတ်လ ၃၀ ရက် က မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မိုင်တိုင် ၄၀ က စစ်ကောင်စီတပ်စခန်းကို အေအေကသိမ်းပိုက်ခဲ့တဲ့ နောက်မှာ အခုလို လေကြောင်းသုံးတိုက်ခိုက်တာတွေရှိလာတာဖြစ်ပြီး မိုင်တိုင်အမှတ် ၃၇ ကနေ ၄၀ အကြားနေရာတွေနဲ့ ဝေလာတောင်ကြောတခွင်မှာ နှစ်ဖက်တပ်တွေ အပြန်အလှန်ပိတ်ဆို့မှုတွေ လုပ်ထားကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မိုင်တိုင် ၄၀ ပတ်ဝန်းကျင်မှာ ဖြစ်ပွားနေတဲ့တိုက်ပွဲအခြေအနေတွေနဲ့ပတ်သက်လို့ ဒေသခံတစ်ဦးက အခုလို ပြောပါတယ်။
“ဝေလာတောင်ကြော တစ်လျှောက် မိုင်တိုင် ၄၀ ကို အဓိက တိုက်နေတာပါ။ တိုက်ပွဲကတော့ တော်တော်လေး ပြင်းထန်တယ်။ မနေ့ကဆိုရင် တစ်ရက်လုံး လေယာဥ်တွေ လာပစ်တယ်။”
“ပထဆုံး ဂျက်ဖိုက်တာ သုံးစင်းနဲ့ ဆက်တိုက် တိုက်ပြီး နောက်ထပ် တစ်စင်းပြီး တစ်စင်း လာပြီး ဗုံးကြဲနေတယ်”လို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Google Maps
ဘင်္ဂလားဒေ့ရှ်ဘက်ထိသက်ရောက်မှု
ဘင်္ဂလားဒေ့ရှ်အစိုးရကတော့ သြဂုတ်လနောက်ဆုံးပတ်က သူတို့ဧရိယာထဲ စစ်ကောင်စီလက်နက်ကြီးကျလို့ ပြင်းပြင်းထန်ထန်ကန့်ကွက်ထားပါတယ်။
မနေ့ စက်တင်ဘာ ၃ ရက်ကလည်း ဘင်္ဂလားဒေ့ရှ်ပိုင်နက်ထဲကို မြန်မာစစ်တပ်ရဲ့ ရဟတ်ယာဥ်ဖြတ်သန်းသွားတာကြောင့် နယ်စပ်တစ်လျှောက် လုံခြုံရေး တင်းကျပ်ထားပါတယ်။
မြန်မာစစ်တပ်ရဲ့ တိုက်လေယာဥ် ၂ စင်း နဲ့ ရဟတ်ယာဥ် ၂ စင်း ဟာ နယ်စပ်မိုင်တိုင်အမှတ် ၄၀-၄၁ ကြားမှာ ကင်းလှည့်ပျံသန်းခဲ့သလို လေယာဥ်တွေကနေ ပစ်ခတ်မှု ၁၀ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့တာကြောင့် အဲဒီလက်နက်တွေထဲက ၂ ကြိမ်ခန့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်နိမိတ်ထဲ ကျခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် သတင်းတွေမှာဖော်ပြပါတယ်။
ပစ်ခတ်မှုတွေ သီတင်းနှစ်ပတ်ကျော်လာတာနဲ့အမျှ သူတို့ဘက်ခြမ်းက နယ်စပ်ကို အမြောက်ကျည်ဆန်တွေ မကြခဏဆိုသလို ကျရောက်လာနေတယ်လို့လည်း ဆိုပါတယ်။
နယ်စပ်က ရှေ့တန်းစစ်မျက်နှာတစ်လျှောက်မှာ သံသယဖြစ်ဖွယ်လက်နက်ကိုင်လှုပ်ရှားမှုတွေကို မြန်မာစစ်တပ်က ရဟတ်ယာဥ်ပေါ်ကနေ ပစ်ချတာရှိနေတယ်လို့လည်း ဘင်္ဂလားဒေ့ရှ်ဘက်က ရွာသားတွေက ပြောထားပါတယ်။
မြောက်ဦးမြို့တွင်း ပစ်ခတ်မှု
မြောက်ဦးမြို့ ဘက်က အခြေအနေကတော့ မနေ့ စက်တင်ဘာ ၃ ရက်နေ့ညက စစ်ကောင်စီတပ်တွေ မြို့တွင်းဝင်ရောက်နေရာယူပြီး ပစ်ခတ်မှုတွေပြုလုပ်ခဲ့ကြတာကြောင့် မြို့ခံတွေအတွက် စိုးရိမ်မှုတွေ ဖြစ်ခဲ့ပါတယ်။
ညပိုင်း ၁၂ နာရီ ၅၀ လောက်မှာ ပစ်ခတ်သံတွေ ကြားခဲ့ရလို့ ဒေသခံတွေ စိုးရိမ်ထိတ်လန့်ခဲ့ရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒီနေ့မနက်ပိုင်းမှာလည်း မြောက်ဦးမြို့ပေါ်က ရက်ပါအဆိုတော်တစ်ဦးနဲ့ ဇနီးဖြစ်သူကိုလည်း တပ်အင်အားအလုံးအရင်းနဲ့ ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။
မြောက်ဦးမြို့မှာတော့ မြို့ရဲ့လူစည်ကားရာနေရာတွေ၊ မြို့တွင်းက လမ်းဆုံလမ်းခွတွေနဲ့ နန်းတော်ရာကုန်းလိုနေရာတွေမှာ စစ်ကောင်စီက နေရာယူထားတဲ့အတွက် လူသူအသွားအလာ ကင်းမဲ့ပြီး တစ်မြို့လုံးတိတ်ဆိတ်ခြောက်ကပ်နေတယ်လို့ မြို့ခံတွေက ပြောဆိုကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
တစ်ကျော့ပြန်တိုက်ပွဲတွေ နယ်မြေကျယ်ပြန့်လာ
ရခိုင်ပြည်နယ်တွင်း သြဂုတ်လကစပြီး စစ်နယ်ပယ်ကျယ်ပြန့်လာပြီး အရပ်သားဖမ်းဆီးခံရတာတွေလည်း ရှိနေပါတယ်။
တိုက်ပွဲတွေကြောင့် အရပ်သား သေဆုံးမှု တချို့လည်း ရှိခဲ့ပြီး ရခိုင်မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ စစ်ကောင်စီနဲ့ အေအေတို့ တစ်ကျော့ပြန် တိုက်ပွဲကြောင့် အဲဒီဒေသတွေက ကျေးရွာပေါင်း ၂၀ ဝန်းကျင်က လူဦးရေ သောင်းချီပြီး နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပါတယ်။
လမ်းတွေကိုပိတ်ဆို့ခံထားရတဲ့ နေရာတွေရှိနေတဲ့အတွက် ထွက်ပြေးလို့မရဘဲ တိုက်ပွဲတွေအတွင်း ပိတ်မိနေကြသူတွေလည်း ရှိတယ်လို့ ဒေသခံတွေက ပြောဆိုထားပါတယ်။
ပြီးခဲ့တဲ့ နှစ်နှစ်ကျော်အတွင်း ရခိုင်တစ်ပြည်နယ်လုံးမှာ ဖြစ်ခဲ့တဲ့စစ်ပွဲတွေကြောင့်လည်း ဒေသခံ ခြောက်သောင်းလောက်ဟာ စစ်ဘေးရှောင်စခန်းတွေမှာ လက်ရှိနေထိုင်နေရဆဲ ဖြစ်ပါတယ်။








