ထိုင်းဘက်ကိုကျော်လာတဲ့ စစ်ကောင်စီလေယာဉ်နဲ့ ဥကရစ်ထကုန်း အရေးပါပုံတွေ

ဓာတ်ပုံ ရင်းမြစ်, BBC Thai
စစ်ကောင်စီရဲ့ ဂျက်တိုက်လေယာဉ်တစီး ထိုင်းနယ်စပ်ကို ကျော်လွန်ပျံသန်းသွားတာကို ဒေသခံတွေ ဒီနေ့ နေ့လယ်ခင်းက ကြောက်ကြောက် လန့်လန့်နဲ့ တွေ့လိုက်ရပါတယ်။
စိတ်တုန်လှုပ်စရာ စစ်လေယာဉ်သံနဲ့အတူ ထိုင်းနိုင်ငံ ဖုတ်ဖ ခရိုင်၊ ဝေါလေရွာအတွင်းမှာရှိတဲ့ ဒေသခံတွေ အကာအကွယ် ရှိမယ့် နေရာတွေကို အပြေးပုန်းကြရသလို၊ စာသင်ကျောင်းအမိုးပေါ်ကနေ စစ်လေယာဉ်ဖြတ်ပျံသွားတာကို မြင်လိုက်ကြရတဲ့ ကလေး တွေ ကြောက်ရွံ့သွားကြပါတယ်။
ကျောင်းမှာ ကလေးတွေအတွက် သက်ဆိုင်ရာ ဆရာ၊ ဆရာမတွေက လုံခြုံစရာ ကြိုးစားပေးခဲ့ကြသလို၊ နောက်ပိုင်းမှာတော့ မိဘတွေကို ကလေးတွေကို ပြန်လည်ခေါ်ယူစေကာ ကျောင်းကို ပိတ်ထားလိုက်ကြပါတယ်။
တချို့ဒေသတွင်း ထိုင်းမီဒီယာတွေထဲမှာ ပစ်ကပ်ကားတစင်း ကျည်မှန်ရာတွေနဲ့အတူ ထိခိုက်မှု သတင်းတင် ထားတာကို တွေ့ရသလို၊ ထိုင်းဘက်ခြမ်းမှာ ရောက်နေပြီဖြစ်တဲ့ မြန်မာနိုင်ငံ ဝေါလေ ဘက်ခြမ်းက စစ်ဘေးရှောင် လူငယ်တယောက် လက်နက်ဘေးသင့်ကာ အသက်ဆုံးရှုံးခဲ့ရတယ်ဆိုတဲ့ သတင်းတခု လည်း ထွက်လာနေပါတယ်။ ဒါတွေကိုတော့ ဘီဘီစီ အနေနဲ့ သီးခြားအတည်ပြုလို့ မရသေးပါဘူး။
အခုလို မြန်မာဘက်ခြမ်းက စစ်လေယာဉ်တစင်း သူတို့နယ်မြေအပေါ် ဖြတ်ပျံသွားတာ သူတို့ ဘဝသက်တမ်းမှာ မှတ်မိသလောက် ဒါ ပထမဆုံးအကြိမ်ပဲလို့ ဒေသခံတွေက ဆိုပါတယ်။
ထိုင်းစစ်တပ်က ဖြစ်ပျက်သွားတဲ့ အဖြစ်ကို ကြည့်နေတယ်လို့ ဘီဘီစီ ထိုင်းသတင်းထောက်က ပြောပါတယ်။
ဘန်ကောက်ပို့စ်သတင်းစာမှာတော့ မြန်မာလေယာဥ်ပျံလာခဲ့တဲ့အတွက် ထိုင်းဘက်က ကင်းလှည့်လေယာဥ်နှစ်စင်းလည်း ပျံတက်ခဲ့တယ်လို့ ထိုင်းစစ်တပ်ကို ကိုးကားပြီး ရေးထားပါတယ်။ ဒါအပြင် စစ်သံမှူးကနေတစ်ဆင့် မြန်မာဘက်နဲ့ ဒီကိစ္စကို ဆက်သွယ်ဆောင်ရွက်နေတယ်လို့ အဲဒီသတင်းမှာ ဖော်ပြထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, BBC Thai
မြန်မာနိုင်ငံဘက်ခြမ်း မြဝတီမြို့နယ်၊ ဝေါလေ အရပ်အတွင်းက ဥကရစ်ထ စခန်းကုန်းမှာ အထိုင်ချနေတဲ့ စစ်ကောင်စီတပ်နဲ့ ကရင် အမျိုးသားအစည်းအရုံး (KNU) ရဲ့ တပ်တွေဦးဆောင်တဲ့ ပူးပေါင်းတပ်တွေအကြား ဇွန်လ ၂၅ ရက်နေ့က စလို့ ဒီနေ့ ဇွန်လ ၃၀ ရက်နေ့အထိ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေပါတယ်။
နှစ်ဖက်စလုံးမှာ အထိအခိုက်အသေအဆုံးတွေ ရှိတယ်ဆိုတဲ့ သတင်းတွေထွက်လာပေမယ့် အတိအကျတော့ မသိရ သေးပါဘူး။
တိုက်ပွဲကြောင့် စစ်ဘေးရှောင်ဒုက္ခသည် ဦးရေလည်း ထောင်နဲ့ချီပြီးရှိလာနေပါတယ်။
ဥကရစ်ထ စစ်စခန်းကုန်း (သူတို့အဆို စစ်ကောင်စီ ဗျူဟာကုန်း) ကို တိုက်နေတဲ့ တပ်တွေထဲမှာ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) ၊ ကရင်အမျိုးသား ကာကွယ်ရေးတပ် (KNDO))နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေ ပါဝင်ပါတယ်။
ဥကရစ်ထ စစ်စခန်းကုန်းက ဘယ်လိုအရေးပါနေလဲ

ဓာတ်ပုံ ရင်းမြစ်, Google Maps
အဲဒီနယ်စပ်အရပ်ဘက်က KNU ရဲ့ ဝေါလေစခန်းကို စစ်တပ်က ၁၉၉၀ နှစ်တွေ အလယ်ပိုင်းလောက်ကတည်းက သိမ်းခဲ့ပြီးတဲ့နောက် ဥကရစ်ထ ကုန်းအပါအဝင် တချို့ ကုန်းနေရာတွေမှာ စစ်ကောင်စီတပ်တွေက အခြေစိုက် နေတာပါ။
နယ်စပ်နဲ့နီးတဲ့ အဲဒီဗျူဟာကုန်းမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်အင်အား ရာနဲ့ချီချထားပါတယ်။ အနီးအနားက ကုန်း တခုမှာလည်း လေယာဉ်ပစ်လို့ရတဲ့ စစ်ကောင်စီအခေါ် လေကြောင်းရန် ကာကွယ်ရေး အမြောက် လက်နက် တွေ ချထားတယ်လို့ KNU နဲ့ နီးစပ်သူ တယောက်က ဘီဘီစီကို ပြောပါတယ်။
"မြဝတီကနေ တောင်ဘက် ဝေါလေအကြား နယ်စပ်တကြောမှာရှိတဲ့ စစ်ကောင်စီ အထိုင်ချ စခန်းတွေနဲ့ စစ်ကောင်စီ စိုးမိုးထား ရာ လမ်းကြောင်းတွေကို ထိန်းချုပ်နိုင်အောင်နဲ့ အနိမ့်ဆုံးအဆင့် အနေနဲ့ စစ်ကောင်စီရဲ့ လှုပ်ရှားမှုတွေကို ဘောင်ခတ် ကန့်သတ်ထား နိုင်အောင် တော်လှန်ရေးတပ်တွေဘက်က လုပ်တဲ့ စစ်ဆင်ရေး"လို့ သူက ဆိုပါတယ်။
ပြီးခဲ့တဲ့ ကာလပိုင်းတွေအတွင်းမှာလည်း KNU နဲ့ ပူးပေါင်းတပ်တွေက အဲဒီဒေသအတွင်း" စစ်ကောင်စီ စခန်း ၅ ခုကို သိမ်းထား နိုင်ခဲ့ပြီ"လို့လည်း သူက ပြောပါတယ်။
စစ်ကောင်စီအဖို့ သူတို့ကို ဆန့်ကျင်သူတွေရဲ့ နယ်စပ်က လက်နက်ကိုင်လှုပ်ရှားမှုကို ထိန်းချုပ်ထားနိုင်ရေး အပြင် ထိုင်းနိုင်ငံနယ်စပ် အထိ စိုးမိုးထားနိုင်ရေးအတွက် ရည်ရွယ် လုပ်ကိုင်ထားပုံရပါတယ်။
စစ်ကောင်စီကို ဆန့်ကျင်တဲ့ အင်အားစုတွေအနေနဲ့လည်း နယ်မြေစိုးမိုးပြီး "အုပ်ချုပ်ရေးပိုချနိုင်အောင် ကြိုးစားနေကြတာဖြစ်တယ်" လို့ KNU နဲ့ နီးစပ်သူက ဆိုပါတယ်။
မြဝတီရဲ့ ထိုင်းဘက်ခြမ်းကပ်လျက်က မဲဆောက်မြို့ကနေ ဝေါလေရွာရှိတဲ့ ဖုတ်ဖ မြို့နယ်ဘက်ကို ၄၅ မိနစ်လောက် ကားမောင်းသွားရင် ရောက်ပါတယ်။ အရင် KNU ရဲ့ ဝေါလေ စခန်းရှိစဉ်က အဲဒီဘက်က လမ်းကြောင်းဟာ မြန်မာနဲ့ထိုင်းကြား ကုန်သွယ်ရေးဂိတ်စခန်းကြီး တခုလည်းဖြစ်ခဲ့ပါတယ်။
ရက်နဲ့ချီတိုက်ပွဲတွေ ပြင်းထန်နေတဲ့ ဒီစခန်းကုန်းတိုက်ပွဲကို စစ်ကောင်စီဘက်က လေကြောင်းကနေပါ တိုက်နေတာကို တွေ့ရတဲ့ အတွက် စစ်ကောင်စီဘက်က အရေးပါတဲ့ စခန်းတခုဖြစ်တယ်ဆိုတာ သိသာပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက ဒီစခန်းကုန်းကို KNLA/KNDO ဦးဆောင်တဲ့ ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်ရရှိပြီဆိုတဲ့ သတင်းတွေ လူမှုမီဒီယာ တွေမှာ တက်လာပေမယ့် KNDO က အဲဒီသတင်းတွေက အကုန်အစင် အမှန် မဟုတ်သေးဘူး၊ သူတို့က တရားဝင်ထုတ်ပြန်တဲ့ သတင်း ကိုသာ အတည်ပြုပါလို့ ထုတ်ပြန်ထားပါတယ်။








