စစ်အာဏာသိမ်းပြီးတဲ့နောက် မြန်မာနိုင်ငံမှာ ဘိန်းထုတ်လုပ်မှု ပြန်မြင့်တက်လာ

ဂျိုနသန် ဟက် နဲ့ ကယ်လီ အန့်ခ်

ဘီဘီစီ သတင်း

မြန်မာနိုင်ငံမှာ ၇ နှစ်ကြာ ဘိန်းထုတ်လုပ်မှု ကျဆင်းလာခဲ့ပြီးတဲ့နောက် ပြန်ပြီး ထိုးတက်လာနေတယ်လို့ ကုလသမဂ္ဂရဲ့ စာရင်းတွေအရ သိရပါတယ်။

၂၀၂၂ မှာ ဘိန်းအထွက်က ၇၉၅ တန်ရှိခဲ့ပြီး ၄၂၃ တန် ထွက်ခဲ့တဲ့ စစ်တပ်အာဏာသိမ်း တဲ့နှစ် ၂၀၂၁ ကထက် ၂ ဆနီးပါး တက်လာပါပြီ။

စီးပွားရေကျပ်တည်းလာတာ၊ လုံခြုံစိတ်ချရမှုမရှိတာ၊ ကမ္ဘာမှာ ဘိန်းစျေးတွေ ကြီးလာတာ စတာတွေကြောင့် မြန်မာမှာ ဘိန်းထုတ်လုပ်မှု တွေ တိုးလာတာလို့ ကုလသမဂ္ဂက မြင်ပါတယ်။

စစ်အာဏာသိမ်းမှုကြောင့် မြန်မာပြည်က‌ နေရာဒေသ အတော်များများမှာ ပြည်တွင်း စစ် စဖြစ်ခဲ့လာပြီး ဆက်လက် ဖြစ်ပွားနေဆဲပါ။

 “၂၀၂၁ ဖေဖော်ဝါရီမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့ နောက်ပိုင်း ဖြစ်လာတဲ့ စီးပွားရေး၊ လုံခြုံရေး၊ စီမံအုပ်ချုပ်မှု အကျပ်အတည်းတွေက ပေါင်းစုံသွားကြပြီး ‌ဝေးလံခေါင်သီတဲ့ အရပ်က တောင်သူတွေ၊ အထူးသဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်း နဲ့ နယ်စပ်နဲ့ ကပ်လျက် ပြည်နယ်တွေက တောင်သူတွေဟာ ဘိန်းစိုက်ပျိုးရေးဘက်ကို ပြန်လှည့်ကုန်ကြတယ်” လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်ဆိုင်ရာရုံး (UN Office on Drugs and Crime - UNODC) က ဒေသဆိုင်ရာကိုယ်စားလှယ် ဂျယ်ရမီ ဒေါက်ကလပ်စ် ပြောပါတယ်။

ကြာသပတေးနေ့မှာ ထုတ်ပြန်လိုက်တဲ့ သူတို့ရဲ့ အစီရင်ခံစာထဲမှာ မြန်မာစီးပွားရေး ဟာ ၂၀၂၂ မှာ ပြည်တွင်းနဲ့ ပြည်ပက လာတဲ့ ရိုက်ခတ်မှုတွေကို ရင်ဆိုင်ခဲ့ရတယ်၊ အဲဒီ ရိုက်ခတ်မှုတွေကတော့ ရုရှား - ယူကရိန်း စစ်ပွဲ၊ နိုင်ငံတွင်း နိုင်ငံရေး မတည်ငြိမ် မှုတွေ၊ ငွေကြေးဖောင်းပွတာတွေဖြစ်ပြီး အဲဒါတွေကြောင့် တောင်သူတွေအဖို့ ဘိန်းစိုက်ပျိုး ထုတ်လုပ်ရေးကို ပြန်လုပ်ဖို့ ဒါမှမဟုတ် ချဲ့ထွင်ဖို့အတွက် “ကြီးကြီးမားမား မက်လုံးတွေ” ပေးခဲ့တယ်လို့ ရေးသားထားပါတယ်။

ကမ္ဘာမှာ အာဖဂန်နစ္စတန်ပြီးရင် မြန်မာက ဘိန်းထုတ်လုပ်မှု အများဆုံးနိုင်ငံပါ။ ဘိန်းကနေ ဘိန်းဖြူထုတ်လုပ်နိုင်ပြီး ကမ္ဘာမှာရောင်းနေကြတဲ့ ဘိန်းဖြူအများစုက ဒီ နှစ်နိုင်ငံက ဘိန်းတွေကို အခြေခံပြီးထုတ်လုပ်ကြတာပါ။ မြန်မာရဲ့ ဘိန်းစီးပွားရေး တန်ဖိုး ပမာဏက အမေရိကန်ဒေါ်လာ ၂ ဘီလျံ အထိရှိတယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပြီး ‌ဒေသတွင်း ဘိန်း ကုန်သွယ်မှု တန်ဖိုး ပမာဏက အမေရိကန်ဒေါ်လာ ၁၀ ဘီလျံ လောက်ရှိတယ်လို့ ဆိုပါတယ်။

စစ်အာဏာသိမ်းတာမတိုင်မီ ၁၀ စုနှစ်အတွင်း မြန်မာနိုင်ငံမှာ ဘိန်းအစားထိုး စိုက်ပျိုးသီးနှံ စီမံချက်တွေ၊ စီးပွားရေးအခွင့်အလမ်းတွေကြောင့် ဘိန်းစိုက်ပျိုး ထုတ်လုပ်တာက တဖြည်းဖြည်း ကျဆင်းခဲ့တာပါ။

ဒါပေမဲ့ မြန်မာနိုင်ငံမှာ ဘိန်းအထွက် ပြန်တိုးလာတာကို ကုလသမဂ္ဂကလုပ်တဲ့ နှစ်ပတ်လည် စစ်တမ်းတွေက ပြနေပါတယ်။ ၂၀၁၃ ခုနှစ်က စကြည့်ရင် အဲဒီနှစ် ဘိန်းအထွက်က ၈၇၀ တန်ရှိခဲ့ပါတယ်။ အဲဒီနောက်ပိုင်း တဖြည်းဖြည်း ကျဆင်းလာခဲ့ နေရာကနေ ၂၀၂၁ မှာ ပြန်တက်လာပြီး ၂၀၂၂ မှာ ဘိန်း ထုတ်လုပ်မှုက ထပ်တက်လာတာပါ။

ဓာတုပစ္စည်းတွေကနေ မူးယစ်‌ဆေးဝါးထုတ်လုပ်တာတွေ (ဥပမာ - အမ်ဖီတမင်း စိတ်ကြွ‌ဆေး) ကိုလည်း ကုလသမဂ္ဂက လေ့လာစောင့်ကြည့်ခဲ့ပြီး စစ်အာဏာ သိမ်းပြီးနောက်ပိုင်း အများအပြား တက်လာတာကို တွေ့ရပါတယ်။ အခုနှစ်ပိုင်းတွေအတွင်း မြန်မာပြည်နယ်စပ်ဒေသက လက်နက်ကိုင်အဖွဲ့တွေရဲ့ ရန်ပုံငွေ ရရှိမှုက အရင် ဘိန်းစီးပွားရေးက အစား စိတ်ကြွဆေး စီးပွားရေးကနေ ပြောင်းပြီး လာနေ ပါတယ်။

စိတ်ကြွ ဓာတုဆေးပြားတွေထက်စာရင် ဘိန်းထုတ်လုပ်မှုက ပိုပြီး လူအင်အား လိုပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်လာတဲ့ စီးပွားရေး အကျပ် အတည်းက အလုပ်အကိုင်ရရှိမှု အခက်အခဲတွေ ဖြစ်လာပြီး ငွေဖြစ်လွယ်တဲ့ ဘိန်းစိုက်ပျိုးမှုက လူအများအပြားကို ဆွဲဆောင်ခဲ့ပါတယ်။

ဘိန်းစိုက်တောင်သူတွေအနေနဲ့ မနှစ်က ဘိန်း တကီလိုကို အမေရိကန် ဒေါ်လာ ၂၈၀ အထိ စျေးရခဲ့ပြီး ဘိန်းက ဝယ်လိုအား မြင့်နေဆဲပါ။

၂၀၂၂ နှစ်ထဲမှာ ဘိန်းစိုက်ဧက သုံးပုံ တပုံ မြင့်တက်လာခဲ့ပြီး ၄၀,၁၀၀ ဟက်တာ ရှိလာတယ်လို့ ကုလသမဂ္ဂ အစီရင်ခံစာက ထောက်ပြထားပါတယ်။ စိုက်ပျိုးနည်း စနစ်တွေကလည်း သိပ်ကို တိုးတက်လာတယ်လို့ ဆိုပါတယ်။

၂၀၀၂ က စပြီး UNODC က ဘိန်းရဲ့ ပျမ်းမျှ တန်ဖိုးကို စောင့်ကြည့်လေ့လာခဲ့ရာမှာ အခုက အမြင့်ဆုံးစျေးနှုန်းကို ရောက်လာတာလို့လည်း ပြောပါတယ်။

မြန်မာ၊ ထိုင်း၊ လာအို ၃ နိုင်ငံနယ်စပ် ဆုံရာ “‌ရွှေတြိဂံ” ဒေသက အစဥ်အလာအရ ဘိန်းနဲ့ ဘိန်းဖြူအထွက်များတဲ့ အရပ်ပါ။

မစ္စတာ ဒေါက်ကလပ်စ်က မြန်မာ့အိမ်နီးချင်းနိုင်ငံတွေ အနေနဲ့လည်း ဒီအခြေအနေကို ဆန်းစစ်ပြီး ဖြေရှင်းကြဖို့ လိုတယ်လို့ ပြောပါတယ်။

“သူတို့အနေနဲ့ ခက်ခဲတဲ့ ရွေးချယ်စရာ တွေကို စဉ်းစားဖို့ လိုမယ်။”

အဖြေ ထုတ်တဲ့နေရာမှာ ဘိန်းစိုက်နေတဲ့ တောင်သူတွေဟာ ဝေးလံခေါင်သီတဲ့ ဒေသတွေမှာ နေရတာ၊ လက်နက်ကိုင် ပဋိပက္ခတွေရှိနေတာ စတာ တွေအပါအဝင် သူတို့ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ထည့်စဉ်းစားကြဖို့လည်း သူက ထည့်သွင်း တိုက်တွန်း သွားပါတယ်။

“နောက်ဆုံးအားလုံးခြုံကြည့်တော့ ဘိန်းစိုက်ပျိုးရေးက တကယ့်ကို စီးပွားရေးပါ။ ဘိန်းခင်းတွေ သွားဖျက်လိုက်တာနဲ့ ဒီဘိန်းပြဿနာကို ရှင်းနိုင်မှာ မဟုတ်ပါဘူး။ အကာအကွယ်မဲ့တွေအဖို့ ပိုဆိုးသွားရုံသာ ရှိပါတယ်” လို့ UNODC ရဲ့ မြန်မာနိုင်ငံဆိုင်ရာ မန်နေဂျာ ဘန်နဒစ် ‌ဟော့ဖ်မန်းက ပြောပါတယ်။

 “အစားထိုးစရာတွေ မရှိရင်၊ စီးပွားရေး တည်ငြိမ်မှုလည်း မရှိဘူးဆိုရင် ဘိန်းစိုက်ပျိုး ထုတ်လုပ်မှုက ဆက်ပြီး ကြီးထွားနေဦးမှာပါ” လို့လည်း သူက ထပ်လောင်း ပြောပါတယ်။