ဆိုင်ကလုန်းမုန်တိုင်း မိကျောင်းကြောင့် အိန္ဒိယမြို့ကြီး ရေလွှမ်းနေဆဲ

အိန္ဒိယနိုင်ငံတောင်ပိုင်း ကုန်းတွင်းပိုင်းကို အခုတစ်ပတ်အစောပိုင်းမှာ အင်အားနဲ့ဝင်ရောက် တိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုန်းမုန်တိုင်း မိကျောင်းကြောင့် ချန်နိုင်းမြို့ကြီးမှာ ဒီဇင်ဘာလ ၇ ရက်အထိ ရေလွှမ်းနေဆဲဖြစ်ပါတယ်။

မြို့အာဏာပိုင်တွေဟာ ဆင်ခြေဖုံးအရပ်တွေက လမ်းတွေနဲ့ အိမ်တွေထဲက မိုးရေတွေကို ရှင်းထုတ်ဖို့ ကြိုးစားနေရဆဲဖြစ်ပါတယ်။

ဒေသခံအချို့ကတော့ လျှပ်စစ်မီးနဲ့ရေလို အခြေခံလိုအပ်ချက်တွေ ပုံမှန်အတိုင်း ပြန်မရောက်သေးဘဲ လျှပ်စစ်မီးဆို မကြာမကြာ ပြတ်တောက်နေဆဲလို့ ပြောပါတယ်။

ပြည်နယ်မြို့တော် ချန်နိုင်းရဲ့ တမီလ်နာဒူးပြည်နယ်ထဲမှာတော့ မိုးရွာမှုနဲ့ဆက်စပ်တဲ့မတော်တဆမှုတွေကြောင့် လူပေါင်း ၁၈ ဦးထက်မနည်းသေဆုံးခဲ့ပြီးဖြစ်ပါတယ်။

ဒီဇင်ဘာလ ၄ ရက်နဲ့ ၅ ရက်မှာ ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းမှာ အင်အားကောင်းခဲ့တဲ့ မုန်တိုင်း‌‌မိချောင်းဟာ လေဖိအားနည်းရပ်ဝန်းအဖြစ် ပြန်ပြီး အားမပျော့ခင် ဒီဇင်ဘာလ ၆ ရက်မှာ အင်ဒရာပရာဒေ့ရှ် ပြည်နယ်ထဲကို ဝင်ရောက်ချိန် ကလေးငယ်တစ်ဦး သေဆုံးခဲ့ပြီး စိုက်ပျိုးသီးနှံတွေလည်း အတော်များများ ပျက်စီးခဲ့ပါတယ်။

ဒီဇင်ဘာလ ၅ ရက်မှာတော့ ချန်နိုင်းမြို့မှာ မိုးရေချိန်ဟာ ၂၄ စင်တီမီတာ(၉ လက်မကျော်) အထိရှိခဲ့တယ်လို့ အိန္ဒိယ မိုးလေဝသဌာနက သတင်းဖော်ပြပြီး ၂၁ စင်တီမီတာဟာ ‘‘အလွန့်အလွန်မိုးသည်းတဲ့အခြေအနေ’’ အဖြစ် ဖော်ညွှန်းပါတယ်။

အခုတစ်ကြိမ်မိုးသည်းမှုဟာ အိုင်ဖုန်းထုတ်တဲ့စက်ရုံတွေရှိတာကြောင့် အိန္ဒိယရဲ့ အကြီးဆုံးစက်မှုမြို့ကြီးဖြစ်ပြီး မြို့ကြီးတွေထဲက တစ်မြို့လည်းဖြစ်တဲ့ ချန်နိုင်းအတွက် လူပေါင်း ၂၀၀ ကျော်သေဆုံးခဲ့တဲ့ ၂၀၁၅ တုန်းက ရေကြီးမှု ဖြစ်ရပ်ဆိုးကို ပြန်အမှတ်ရစေခဲ့ပါတယ်။

ဆိုင်ကလုန်း မုန်တိုင်း မိကျောင်းဟာ အန်ဒရာပရာဒက်ရှ်မှာရှိတဲ့ နဲလိုရီမြို့နဲ့ ကာဗလီမြို့ကြားကနေ ကုန်းတွင်းပိုင်းဝင်ရောက်ခဲ့တယ်လို့ ပြည်နယ်ဝန်ကြီးချုပ်ရုံးက ပြောခဲ့ပါတယ်။

တမီလ်နာဒူးပြည်နယ်မှာလည်း မုန်တိုင်းတိုက်ခတ်မှုကြောင့် ဒီဇင်ဘာ ၅ ရက်နေ့က လူ ၈ ဦး ဓာတ်လိုက်သေဆုံးခဲ့ပြီး အဆောက်အဦတွေပြိုကျပျက်စီးတာတွေရှိတယ်လို့ ဘီဘီစီက သတင်းရရှိထားပါတယ်။

တမီနာလ်ဒူးနဲ့ အင်ဒရာပရက်ရှ်ပြည်နယ်ထဲက တချို့နေရာတွေကို အနီရောင်အဆင့်သတိပေးချက်ထုတ်ပြန်ထားပြီး ကျောင်းတွေနဲ့ ကောလိပ်တွေကိုလည်း ပိတ်ထားတာဖြစ်ပါတယ်။

မိုးသည်းထန်ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုတွေကြောင့် တမီလ်နာဒူးရဲ့ ကမ်းရိုးတန်းတစ်လျှောက်က ဒေသခံ ၇,၀၀၀ နီးပါးကိုလည်း ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်နေ့တည်းက ဘေးလွတ်ရာကို အာဏာပိုင်တွေက ရွှေ့ပြောင်းပေးထားပါတယ်။

အီလက်ထရောနစ်ပစ္စည်းတွေ အဓိကထုတ်လုပ်တဲ့ ချန်နိုင်းအနီးတစ်ဝိုက်မှာ အိုင်ဖုန်းထုတ်လုပ်တဲ့ စက်ရုံအပါအဝင် စက်ရုံတော်တော်များများကို ပိတ်ထားခဲ့ရပါတယ်။

ကြာသပတေးနေ့မှာတော့ ချန်နိုင်းမြို့က မြို့စည်ပင်သာယာရေးအရာရှိတွေဟာ မြို့တောင်ပိုင်းက ဆင်ခြေဖုံးရပ်ကွက်တွေမှာ ယာဥ်တွေ သွားလာနိုင်အောင် လမ်းပေါ်ကရေတွေကို စက်သုံးပြီး စုပ်ထုတ်နေရပါတယ်။

အာဏာပိုင်တွေကတော့ ‘‘၃၆ နာရီကြာ အဆက်မပြတ်ရွာခဲ့တဲ့မိုးရေကို လျော့အောင်လုပ်ဖို့’’ ရေတွေကို စုပ်ထုတ်နေခဲ့တာလို့ပြောပါတယ်။

တမီလ်နာဒူးပြည်နယ်အစိုးရကတော့ ကူညီကယ်ဆယ်ရေးအတွက် ပြည်ထောင်စုအဆင့် ရန်ပုံငွေကနေ ရူးပီးငွေ သန်း ငါးထောင်(အမေရိကန်‌ဒေါ်လာ သန်း ၆၀၀) နီးပါးအကူအညီရထားတယ်လို့ ပြောပါတယ်။

ပြည်နယ်ဝန်ကြီးချုပ်တော့ အခြေခံအ‌ဆောက်အအုံတွေ ‘‘အတော်များများ ပျက်စီး’’ ခဲ့တယ်လို့ လူမှုကွန်ရက် X (အရင်က တွစ်တာ)မှာ ရေးသားပါတယ်။

ဒါ့အပြင် မုန်တိုင်းနဲ့အတူပါလာတဲ့ မိုးရေ မဆင်းသေးတဲ့အရပ်တွေကို လေ့လာသွားမှာဖြစ်တယ်လို့ ဝန်ကြီးချုပ်က ပြောသလို ‘‘ဒါက ရှည်ကြာမယ့်လုပ်ငန်းစဥ်ဖြစ်ပါတယ်။ အခုတော့ ကျွန်တော်တို့ဟာ ကယ်ဆယ်ရေးအလုပ်ကို ပိုပြီး အာရုံစိုက်ပါမယ်’’ လို့ သူက ပြောပါတယ်။