ကျောက်ဆည်ဆင်ပွဲ - “ တစ်နိုင်ငံလုံး ဘေးတွေဝေးအောင် ဆုတောင်းကြတာပါ”

ဇော်ဂျီမြစ်ရေကို သောက်သုံးကြတဲ့ကျောက်ဆည် နယ်သူနယ်သားတွေအတွက်တော့ နှစ်တိုင်းကျင်းပတဲ့ ကုသိုလ်နဲ့ အပျော်ယှက်တဲ့ ဆင်ပွဲတော်ကို ပါဝင်ဆင်နွှဲရင် ကပ်ဘေးတွေကနေ ကင်းဝေးနိုင်တယ်လို့ ယုံကြည်ကြပါတယ်။

ပြည်တွင်းမှာမက ကမ္ဘာလှည့်ခရီးသွားတွေပါ စိတ်ဝင်စားတဲ့ ဆင်အကပြိုင်ပွဲကို မြန်မာလ သီတင်းကျွတ်လဆန်း ၁၄ ရက်နေ့မှာ ကျောက်ဆည်မြို့က ရွှေသာလျောင်းဘုရားရှိရာ တောင်ခြေမှာ ကျင်းပလေ့ရှိပါတယ်။ သီတင်းကျွတ်လပြည့်နေ့မှာတော့ ဆင်အလှူပွဲတော်ကို ပြုလုပ်ကြပါတယ်။

ဒေသခံတွေအပြောအရ ကျောက်ဆည်ကိုးခရိုင်နယ်မြေမှာ ဆည်၊ မြောင်း၊ ကန်ချောင်းတွေကို တူးဖော်ပေးခဲ့တဲ့ အနော်ရထာမင်းကြီးနဲ့ သီဟိုဠ်က ဗုဒ္ဓစွယ်တော်ပင့်ဆောင်လာချိန် ရွှေသာလျောင်းတောင်ထိပ်မှာ တစ်ထောက်နားခဲ့တဲ့ ဆင်ဖြူတော်တို့ရဲ့ ကျေးဇူးကို အောက်မေ့တဲ့အနေနဲ့ ရွှေသာလျောင်းဘုရားမှာ ဆွမ်းနဲ့ ဆီမီး ဆက်ကပ် ပူဇော်တာ၊ ဆင်ဖြူအတွက် ဆင်ရုပ်မုန့်လှူကြတဲ့ ဓလေ့ကစခဲ့တယ်လို့ ဆိုပါတယ်။

ဒီရိုးရာယုံကြည်မှုက အချိန်ရွေ့လျားတဲ့အခါ ဆင်အကပြိုင်ပွဲတွေလည်း ပါဝင်လာတာဖြစ်ပါတယ်။

ဒီနှစ်မှာတော့ မြို့ခံတွေဟာ ရေကြီးနစ်မြုပ်ခဲ့တဲ့ဒဏ်၊ ပတ်ဝန်းကျင်မြို့တွေမှာ စစ်ရေးမတည်ငြိမ်မှုတွေကြားကပဲ သူတို့ရဲ့ ယုံကြည်သက်ဝင်မှုဓလေ့ကို အပျက်မခံဘဲ ဆက်ပြီးအကောင်အထည်ဖော်ကျင်းပခဲ့ပါတယ်။

ဒေသခံတွေကတော့ ဆင်ပွဲဟာ ရိုးရာပွဲတော်ဖြစ်သလို သူတို့ကိုလည်း ဘေးအပေါင်းကနေ ကာကွယ်ပေးတယ်လို့ ယုံကြည်ထားကြပါတယ်။

“ဒီပွဲတော်ကို စည်ကားအောင် လုပ်မယ်ဆိုရင် ကပ်ဘေးတွေကနေ ကင်းလွတ်တယ်ပေါ့၊ ကပ်ဘေးမဆိုက်ဖို့အရေး ရွှေသာလျောင်းဘုရားမှာ ဆွမ်းတော်ပွဲတွေကပ်၊ ဆင်အကတွေနဲ့ ကန်တော့ကြတာပေါ့” လို့ ဆင်အကပြိုင်ပွဲမှာ ပါဝင်တဲ့ အသက် ၅၀ ကျော် မြို့ခံအမျိုးသားတစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

ဒါပေမဲ့ နှစ်ပေါင်း ၄၀ ကျော်လာတဲ့ဆင်အက ပြိုင်ပွဲမှာ ပါဝင်ယှဥ်ပြိုင်တဲ့ ဆင်အစီးရေ အဆမတန် လျော့ကျသွားပါတယ်။

ပြိုင်ပွဲဝင် ဆင်စီးရေ အဆမတန်လျော့ကျလာတဲ့ ကမ္ဘာသိ ရိုးရာပွဲ

ကိုဗစ်နဲ့ စစ်အာဏာသိမ်းမှုဖြစ်အပြီး ၂၀၂၂ ခုနှစ်တုန်းက ပြုလုပ်တဲ့ ကျောက်ဆည်ဆင်အကပြိုင်ပွဲမှာ ဆင်အစီးရေ ၇၀ နီးပါးအထိ ဝင်ပြိုင်ခဲ့ကြပြီး စစ်ကောင်စီ မန္တလေးတိုင်းဝန်ကြီးချုပ်ကိုယ်တိုင် တက်ရောက်ခဲ့ပါတယ်။

၂၀၂၃ ခုနှစ်မှာ ဆင်ပွဲတော်ကို စည်စည်ကားကားကျင်းပမယ်လို့ ဒေသခံတွေ အားခဲခဲ့ကြပေမဲ့ ဆင် ၁၇ စီးပဲ ဝင်ပြိုင်ခဲ့ပါတယ်။

ပြိုင်ပွဲဝင် ဆင်အကအဖွဲ့ တစ်ဖွဲ့မှာ ဆင်ပုံစံ အရုပ်ချိုးထားတဲ့ဆင်ထဲ ဝင်ကသူအပါအဝင် တီးမှုတ် ဖျော်ဖြေသူ ၁၀ ဦးခန့်ပါဝင်ပြီး ကုန်ကျစရိတ်ကလည်း မြန်မာကျပ်ငွေ သိန်း ၁၀၀ ကနေ ၂၀၀ ကြားအထိရှိပါတယ်။

ဒါပေမဲ့ ပြိုင်ပွဲနိုင်တဲ့အခါ သိန်း ၂၀ ကနေ ၅၀ ကြားပဲရပေမဲ့ မြန်မာမှာရော၊ ကမ္ဘာမှာပါ ကျော်ကြားတဲ့ ဒေသရိုးရာပွဲတော် တစ်ရပ်ကို ထိန်းသိမ်းတဲ့အနေနဲ့ အကုန်အကျခံပြီး ဒေသခံတွေက ပါဝင်ဆင်နွှဲကြပါတယ်။

၂၀၂၄ ခုနှစ်မှာတော့ ပြိုင်ပွဲဝင် ဆင် ၁၀ စီးသာဝင်ပြိုင်တယ်လို့ ပွဲကျင်းပရေး ကော်မတီဝင်တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလဆန်းတုန်းက ရာဂီမုန်တိုင်းအရှိန်ကြောင့် မိုးများရေကြီးမှုတွေ နိုင်ငံရဲ့ ဒေသ ၉ ခုထက်မနည်းမှာ ဖြစ်ခဲ့ပါတယ်။ ကျောက်ဆည်မြို့လည်း ရေဘေးမလွတ်ခဲ့ပါဘူး။ ဒါကပဲ ရိုးရာပွဲတော်မှာပါဝင်တဲ့ ဆင်အစီးရေ လျော့နည်းသွားရတဲ့ အကြောင်းရင်းခံတစ်ခုဖြစ်နေပါတယ်။

ကျောက်ဆည်မြို့အပါအဝင် ကျေးရွာပေါင်း ၄၂ ရွာမှာ ရေကြီးနစ်မြုပ်ခဲ့ပြီး ရေဘေးသင့်သူ ငါးသောင်းဝန်းကျင်ရှိခဲ့တယ်လို့ ကျောက်ဆည်လူမှုကယ်ဆယ်ရေး တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

အခုချိန်မှာ ရေထဲမျောပါသွားတဲ့၊ ရေစီးကြောင့် ပြိုပျက်သွားတဲ့ အိမ်ခြေ ၁၇၀ လောက်ကို ပြင်ဆင်နိုင်ဖို့ ကူညီပေးနေတယ်လို့လည်း သူက ပြောပါတယ်။

“ဆင်ပွဲတော်ထက် ကျွန်တော်တို့ ရေဘေးပြန်လည်ထူထောင်ရေးကို ဦးစားပေးပြီးလုပ်နေတယ်၊ ရေဘေးသင့်သူတွေမှာ စားဝတ်နေရေး အခက်အခဲတွေ ရှိနေတယ်”လို့ သူက ပြောပြပါတယ်။

ဆင်ပြိုင်ပွဲမှာ ပါဝင်သူတွေတချို့က ရေကြီးနစ်မြုပ်တဲ့ နေရာတွေကို ဝင်ရောက်ကူညီနေကြသလို ကိုယ်တိုင် ရေကြီးနစ်မြုပ်မှုကြုံကြရတာလည်း ရှိပါတယ်။

ဒါကြောင့် ကုန်ကျစရိတ် ကြီးမြင့်တဲ့ ဆင်ပြိုင်ပွဲတွေကို မပါဝင်နိုင်ကြတာလို့ ဆင်အက၊ ဆင်အလှ ပြိုင်ပွဲမှာ ပါဝင်သူတစ်ယောက်က ရှင်းပြပါတယ်။

“ရေဘေးလည်း လှူကြရတယ်၊ ဆင်ပြိုင်ပွဲအတွက် ကုန်ကျစရိတ်တွေက အနည်းဆုံး သိန်း ၂၀၀ အထက်မှာရှိတယ်ဆိုတော့ ရန်ပုံငွေ အင်အားလျော့ပြီး မပြိုင်နိုင်ကြတာပေါ့”လို့ သူက ပြောပါတယ်။

၂၀၂၃ ခုနှစ်ကတော့ ကားလမ်းတွေကို လမ်းကြောင်းပိတ်၊ လုံခြုံရေးအပြည့်နဲ့ စစ်ကောင်စီလက်အောက်ခံ မန္တလေးတိုင်း အစိုးရက ပွဲကျင်းပခဲ့ပါတယ်။

“ဟိုလမ်းက မဖြတ်ရဘူး၊ ဒီလမ်းက မသွားရဘူးနဲ့ ပြီးတော့ ဆိုင်ကယ်တွေက ဂိတ်မှာထားပြီး လမ်းလျှောက်ဝင်ရမယ်ဆိုတာတွေဖြစ်တော့ ကျွန်တော်တို့ ၂၀၂၂ ခုနှစ်က ပွဲသွားကြည့်တာ နောက်ဆုံးပဲ၊ ဒီနှစ်လည်း မကြည့်ဖြစ်တော့ပါဘူး၊ အလုပ်လည်းအဆင်မပြေလို့ သွားဖို့ ခက်တယ်”လို့ ကျောက်ဆည်မြို့နဲ့ ၄ မိုင်အကွာ၊ ဆိုင်ကယ်နဲ့ဆို မိနစ် ၂၀ ဝန်းကျင်လောက်သာ သွားရတဲ့ ကျေးရွာတစ်ရွာက ဒေသခံတစ်ယောက်က ပြောပါတယ်။

ကျောက်ဆည်ဆင်ပြိုင်ပွဲသွားကြည့်ရင် အနည်းဆုံး ငွေကျပ် နှစ်သောင်းခွဲလောက်သာ ကုန်ကျမယ်ဆိုပေမဲ့လည်း အဲဒီငွေပမာဏကိုပဲ ခက်ခဲနေတာလို့ သူက ပြောပါတယ်။

ဒါပေမဲ့ ကျောက်ဆည်မြို့ ဆင်ပွဲတော်မှာတော့ မြန်မာနိုင်ငံအနှံ့ကထက် မြို့ခံတွေနဲ့ အနီးနားက ဒေသခံတွေပဲ လာကြည့်ကြတာများတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ပွဲငတ်နေတာလည်း ပါမှာပေါ့”လို့ ဒေသခံက ပြောပါတယ်။

မန္တလေးတိုင်းထဲက တိုက်ပွဲတွေ

အခုဆင်ပြိုင်ပွဲကျင်းပနေတဲ့ ကျောက်ဆည်မြို့နဲ့ မိုင် ၅၀ အကွာမှာတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MDY-PDF) အပါအဝင် ပူးပေါင်းအဖွဲ့တွေ သိမ်းပိုက်ထားတဲ့ မတ္တရာမြို့နယ်မှာ စစ်ကောင်စီတပ်တွေက စခန်းတွေ ပြန်ရအောင် ကြိုးစားနေတာကြောင့် တိုက်ပွဲတွေ နေ့တိုင်းဖြစ်ပွားနေပါတယ်။

တိုင်းမြို့တော် မန္တလေးကနေ အထွက် မတ္တရာမြို့နဲ့ဆိုရင် မိုင်အနည်းငယ်ပဲကွာတော့တဲ့နေရာ အထိ PDF တွေက ကပ်လာတာကြောင့် စစ်ကောင်စီတပ်ကလည်း လေကြောင်းကနေ ပစ်ခတ်တာ၊ လက်နက်ကြီးနဲ့ပစ်တာတွေအပြင် စစ်ကြောင်းတွေနဲ့ပါ ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။

ဒီအချိန်မှာပဲ အောက်တိုဘာ ၁၁ ရက် နေ့လယ်ပိုင်းမှာ ဝေါစုကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်တာကြောင့် သံဃာတော်နဲ့ ကလေးငယ်တွေအပါအဝင် ပြည်သူ ၁၃ ယောက် သေဆုံးခဲ့ပါတယ်။

အဲဒီနောက်ပိုင်းမှာလည်း မတ္တရာမြို့နယ်ထဲက တုံကုန်းရွာနဲ့ ဝန်စုရွာ က နေအိမ်တွေကို စစ်ကောင်စီက မီးရှို့တာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မတ္တရာမြို့ တိုက်ပွဲအခြေအနေတွေနဲ့ ပတ်သက်လို့ MDY PDF က ကိုအော်စမွန်ကို ဘီဘီစီက ဆက်သွယ်မေးမြန်းထားပေမဲ့ ပြန်ဖြေဆိုတာ မရှိသေးပါဘူး။

ဒါ့အပြင် မြင်းခြံမြို့နယ်မှာလည်း သံဇွယ်၊ ရွာကြီး၊ ထိန်ပန်းအပါအဝင် ကျေးရွာ ၄ ရွာကို စစ်ကောင်စီက အောက်တိုဘာ ၁၅ ရက် ည ၇ နာရီခွဲလောက်မှာ လေကြောင်းကနေ ပစ်ခတ်တာကြောင့် ဒေသကာကွယ်ရေးအဖွဲ့ ၆ ယောက်သေဆုံးပြီး အရပ်သား ၄ ယောက် ထိခိုက်ခဲ့တယ်လို့ မြင်းခြံ ပြည်သူ့ကာကွယ်ရေး တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

“တိုက်ပွဲတွေမရှိဘူးဗျ။ ဒေသခံ ပြောက်ကျားအဖွဲ့ဝင်တွေက ကင်းလှည့်နေတုန်း ဖြစ်သွားတာ”လို့ သူက ပြောပါတယ်။

ဒီလိုမျိုး တိုက်ပွဲတွေ၊ ရေဘေးသင့်တာကြောင့် ပင်ပန်းဆင်းရဲကြနေချိန်မှာ အခုလိုမျိုး ပျော်ပွဲရွှင်ပွဲလိုမျိုး ကျောက်ဆည်မြို့မှာ ကျင်းပနေတာကိုလည်း ဝေဖန်တာတွေ ရှိနေတာလည်း တွေ့ရပါတယ်။

ကျောက်ဆည်မြို့ခံတွေကတော့ “မြို့ရဲ့ ကပ်ဘေးတွေတင် မဟုတ်ပါဘူး၊ တနိုင်ငံလုံး ကပ်ဘေးတွေ ကင်းဝေးအောင် ဆုတောင်းကြတာပါ” လို့ ပြောပါတယ်။