ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အမေရိကန်အထူးကိုယ်စားလှယ်နဲ့ ပူတင် စိန့်ပီတာစဘတ်မှာတွေ့
အမေရိကန်အထူးကိုယ်စားလှယ် စတိဗ် ဝစ်ကော့ဟာ ရုရှားသမ္မတဗလာဒီမီယာပူတင်နဲ့ စိန့်ပီတာစဘတ်မှာ သောကြာနေ့က တွေ့ဆုံခဲ့ပါတယ်။
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကလည်း ရုရှားသမ္မတပူတင်အနေနဲ့ ယူကရိန်းမှာ အပစ်အခတ်ရပ်စဲရေး သက်ရောက်မှုရှိအောင် လုပ်ဆောင်ဖို့ တိုက်တွန်းလိုက်ပါတယ်။
အမေရိကန်အထူးကိုယ်စားလှယ်နဲ့ ရုရှားသမ္မတတို့ တွေ့ဆုံမှုဟာ လေးနာရီကျော်ကြာမြင့်ခဲ့ပြီး ယူကရိန်းအရေးပြေလည်ဖို့ ရှုထောင့်တွေကို ဦးစားပေးဆွေးနွေးခဲ့တယ်လို့ ရုရှားအစိုးရက ထုတ်ပြန်ထားပါတယ်။ ဒီဆွေးနွေးမှုဟာ ဝစ်ကော့အတွက် ဒီနှစ်အတွင်း ပူတင်နဲ့ သုံးကြိမ်မြောက်ဆွေးနွေးမှုဖြစ်ပြီး အကျိုးကျေးဇူးရှိခဲ့တယ်လို့ ရုရှားအထူးကိုယ်စားလှယ် ကီရီး ဒီမီထရီယက်က ပြောပါတယ်။
ဒါပေမဲ့ ဆွေးနွေးမှုအခြေအနေနဲ့ပတ်သက်လို့ ပူတင်ကို စိတ်ပျက်မိတယ်လို့ ထရမ့်ကပြောပါတယ်။
"ရုရှားက ထိထိရောက်ရောက်စတင်လုပ်ဆောင်ဖို့လိုနေပြီ၊ အဲ့ဒီဆိုးရွားပြီး ဆင်ခြင်တုံမဲ့တဲ့ စစ်ပွဲမှာ လူအများကြီး သေနေတာ၊ တစ်ပတ်ကို ထောင်နဲ့ချီပဲ" လို့ ထရမ့်က သောကြာနေ့မှာ လူမှုမီဒီယာမှာ ရေးသားခဲ့ပါတယ်။
ယူကရိန်းကို ပိုင်းခြားပြီး အုပ်ချုပ်မယ်လို့ သူပြောခဲ့တဲ့အကြောင်း ထရမ့်ရဲ့ ယူကရိန်းဆိုင်ရာအထူးကိုယ်စားလှယ် ကိတ် ကဲလော့က ပြောထားပါတယ်။
အပစ်အခတ်ရပ်စဲရေးသေချာအောင် လုပ်ဆောင်တဲ့ အင်အားစုအဖြစ် ယူကရိန်းအနောက်ပိုင်းမှာ ထိန်းချုပ်ရေးနယ်မြေတွေထားပြီး ဗြိတိန်နဲ့ ပြင်သစ်တပ်တွေက နေရာယူထားသင့်တဲ့အကြောင်း ကဲလော့က ပြောခဲ့တယ်လို့ The Times က ဖော်ပြခဲ့ပါတယ်။
ရုရှားစစ်တပ်ကတော့ လက်ရှိသိမ်းပိုက်ထားတဲ့ အရှေ့ပိုင်းမှာ ဆက်နေသင့်တယ်လို့ ကဲလော့က အကြံပြုခဲ့တဲ့အကြောင်း သတင်းစာကဖော်ပြခဲ့ပါတယ်။
" ဒုတိယကမ္ဘာစစ်ပြီးနောက် ဘာလင်မှာဖြစ်ပျက်ခဲ့သလိုမျိုးလို့ ယူဆလို့ရပါတယ်" လို့ ကဲလော့က ပြောခဲ့တယ်ဆိုပြီး သတင်းစာက ကိုးကားဖော်ပြခဲ့ပါတယ်။
သူပြောတာကို သတင်းဆောင်းပါးက လွှဲမှားစွာ ဖွင့်ဆိုထားတယ်လို့ ကဲလော့က လူမှုမီဒီယာမှာ နောက်ပိုင်း ပြန်ရေးခဲ့ပါတယ်။
" ယူကရိန်းရဲ့ အချုပ်အခြာအာဏာကို ထောက်ခံတဲ့အနေနဲ့ အပစ်အခတ်ရပ်စဲရေးလွန် ပြန်လည်ရုန်းကြွရေးတပ်ကို ပြောနေတာပါ၊ ယူကရိန်းကို ပိုင်းခြားအုပ်ချုပ်ဖို့ ဆိုလိုနေတာမဟုတ်ပါဘူး" လို့ သူက X လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
အိမ်ဖြူတော်နဲ့ ယူကရိန်းအစိုးရတို့က ကဲလော့ရဲ့ပြောဆိုချက်ကို တစ်စုံတရာမှတ်ချက်ပေးတာမျိုးမရှိသေးပါဘူး။ ဘီဘီစီသတင်းဌာနကတော့ The Times ကို ဘယ်လိုတုံ့ပြန်မလဲဆိုတာ မေးမြန်းထားပါတယ်။
ယူကရိန်းကို စစ်ရေးအကူအညီ ယူရို ၂၁ ဘီလီယံ(ဒေါ်လာ ၂၄ ဘီလီယံ၊ ပေါင် ၁၈ ဘီလီယံ) ပေးအပ်မှာဖြစ်တဲ့အကြောင်း ဥရောပနိုင်ငံတွေက သောကြာနေ့အစောပိုင်းမှာ သဘောတူထုတ်ပြန်ခဲ့ပါတယ်။
ယူကရိန်းစစ်ပွဲပြီးဆုံးမယ့် အလားအလာမမြင်ဘူးလို့ ဥရောပနိုင်ငံတွေက ကာကွယ်ရေးဝန်ကြီးတွေက အခမ်းအနားမှာပြောပါတယ်။
ဆက်ဆံရေးပုံမှန်ဖြစ်အောင် လုပ်ဆောင်တဲ့ဖြစ်စဉ်က ဆက်ရှိနေဆဲဖြစ်တာမို့ ပေါက်မြောက်တဲ့ရလဒ်တွေ ရှိလာဖို့ မျှော်လင့်ထားလို့မရဘူးလို့ ရုရှားအစိုးရပြောခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့က ပူတင်နဲ့ ဝစ်ကော့တို့ ဆွေးနွေးမှုမလုပ်ခင်မှာ ပြောဆိုခဲ့ပါတယ်။
ပူတင်နဲ့ ထရမ့်တို့ တွေ့ဆုံဖို့ ရက်သတ်မှတ်တာပါဝင်နိုင်သလားလို့ မေးမြန်းတဲ့အခါ ပက်စ်ကော့က " ကြည့်ရအောင်လေ၊ ဝစ်ကော့ ဘာတွေတင်ပြမလဲဆိုတာ မူတည်နေတယ်" လို့ ဖြေပါတယ်။
ပူတင်နဲ့ မဆွေးနွေးခင်မှာ ဝစ်ကော့ဟာ ဒီမီထရီယက်နဲ့ စိန့်ပီတာစဘတ်က ဂရန်းဟိုတယ်ယူရုတ်မှာ တွေ့ဆုံခဲ့ပါတယ်။ အဲ့ဒီနေရာမှာ သံမဏိနဲ့ ရုရှားဈေးကွက်အကြောင်း ညီလာခံကို ပြုလုပ်နေတာဖြစ်ပါတယ်။
ရုရှားနိုင်ငံတော်အရန်ရန်ပုံငွေဌာနရဲ့အကြီးအကဲ အသက် ၄၉ နှစ်အရွယ် ဒီမီထရီယက်ဟာ လွန်ခဲ့တဲ့အပတ်မှာ ဝါရှင်တန်ကိုသွားရောက်ခဲ့ပါတယ်။ ဒါဟာ ရုရှားက ယူကရိန်းကို အလုံးစုံကျူးကျော်တဲ့ ၂၀၂၂ ခုနှစ်ကစလို့ အဆင့်အမြင့်ဆုံးရုရှားအရာရှိတစ်ဦး ပထမဆုံးအကြိမ်သွားရောက်ခဲ့တာလည်းဖြစ်ပါတယ်။
ရုရှားဟာ စစ်ကို ဆွဲဆန့်နေတာဖြစ်တယ်လို့ ယူကရိန်းသမ္မတ ဇလန်းစကီးက ရုရှားဒုံးကျည်နဲ့ တိုက်ခိုက်ခံခဲ့ရတဲ့ သူ့မွေးရပ်မြို့ 'ခရီဗယီရီ' ကို သောကြာနေ့မှာ သွားရင်း ပြောခဲ့ပါတယ်။ ဧပြီ ၄ ရက် တိုက်ခိုက်မှုကြောင့် ကလေးကိုးဦးအပါအဝင် လူ ၁၉ ဦးသေဆုံးခဲ့ပါတယ်။
ရုရှားဘက်မှာ ဝင်တိုက်ပေးရင်း တရုတ်နိုင်ငံသားရာပေါင်းများစွာသေဆုံးခဲ့တယ်လို့ ဇလန်းစကီးကပြောပါတယ်။ တရုတ်နိုင်ငံသားနှစ်ဦးကို ဖမ်းမိထားတယ်လို့ ယူကရိန်းက ထုတ်ပြန်ပြီးနောက် သူက အခုလိုပြောခဲ့တာဖြစ်ပါတယ်။
"ရုရှားကျူးကျော်ရေးတပ်တွေရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် တရုတ်နိုင်ငံသားရာပေါင်းများစွာ ဝင်ရောက်တိုက်ခိုက်နေတယ်လို့ သတင်းတွေရထားပါတယ်" လို့ ဇလန်းစကီးကပြောပါတယ်။
"ဒါကြောင့် ရုရှားဟာ တရုတ်အသက်တွေကို စတေးရင်း စစ်ကိုဆွဲဆန့်နေတာလို့ ပြောလို့ရပါတယ်" လို့ သူက ဆက်ပြောပါတယ်။
တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့တဲ့ အသက် ကိုးနှစ်အရွယ် ဟာမန် ထရိုင်ပိုလက်၊ အသက်ခုနစ်နှစ်အရွယ် အရီနာ ဆာမိုဒီနာနဲ့ ရာဒီဆလက် ယတ်စ်ကိုတို့ရဲ့ ဓာတ်ပုံတွေရှေ့မှာ ဇလန်းစကီးက ပန်းခွေချခဲ့ပါတယ်။
လူ့အသက်တွေနဲ့ မြို့တွေကို ကာကွယ်ဖို့ လေကြောင်းကာကွယ်ရေးစနစ်တွေ ထောက်ပံ့ပေးဖို့ သူက ထပ်မံတောင်းဆိုခဲ့ပါတယ်။
"ဒီကိစ္စကို သမ္မတထရမ့်နဲ့ ဆွေးနွေးခဲ့ပြီးပါပြီ၊ ယူကရိန်းက တောင်းနေတာမဟုတ်ပါဘူး၊ နောက်ထပ်စနစ်တွေ ဝယ်ဖို့ အသင့်ရှိနေပြီလို့ ဆိုလိုတာပါ" လို့ သူက လူမှုမီဒီယာမှာ ရေးသားခဲ့ပါတယ်။
"ရုရှားလို အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံရှိနေပြီဆိုရင် အသက်တွေ မဆုံးရှုံးစေဖို့အတွက် အင်အားကြီးတဲ့ လက်နက်တွေကိုပဲ လုံးဝအားကိုးရမှာဖြစ်ပါတယ်" လို့ သူက ဆက်ပြောပါတယ်။
ယူကရိန်း-ရုရှားစစ်ပွဲကို ၂၄ နာရီအတွင်း အဆုံးသတ်နိုင်တယ်လို့ ထရမ့်က အရင်က ပြောခဲ့ဖူးပါတယ်။ ရုရှားက အလုံးစုံကျူးကျော်စစ်ဆင်နွဲခဲ့တဲ့ ၂၀၂၂ ခုနှစ်မှာ သူသာ သမ္မတဖြစ်နေမယ်ဆိုရင် စစ်ပွဲတောင်ဖြစ်လာမှာမဟုတ်ဘူးလို့ သူက သောကြာနေ့မှာ ပြောခဲ့ပါတယ်။
" ကျွန်တော်သာ သမ္မတဖြစ်နေခဲ့မယ်ဆိုရင် မဖြစ်သင့်တဲ့ စစ်ပွဲက ဘယ်တော့မှဖြစ်ခဲ့မှာမဟုတ်ဘူး၊ ဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူး" လို့ သူက ရေးခဲ့ပါတယ်။
ကျူးကျော်ချိန်ကစလို့ ပထမဆုံးအကြိမ်အဖြစ် အမေရိကန်နဲ့ ရုရှားအစိုးရအရာရှိတွေဟာ ဆော်ဒီအာရေဗျမှာ ဖေဖော်ဝါရီမှာ ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင်တွေ့ဆုံခဲ့ပါတယ်။ သံတမန်ဆက်ဆံရေး အပြည့်အဝပြန်လည်ထားရှိဖို့ အစိုးရအရာရှိတွေ ဆွေးနွေးခဲ့တာဖြစ်ပါတယ်။
ထရမ့်ဟာ အမေရိကန်သမ္မတအဖြစ် ဒုတိယအကြိမ်ပြန်လည်ထမ်းဆောင်ပြီးချိန်ကတည်းက ဇလန်းစကီးနဲ့ ဆက်ဆံရေးအဆင်မပြေဖြစ်ခဲ့ပြီး ဖေဖော်ဝါရီမှာ အိမ်ဖြူတော်က ဘဲဥပုံရုံးခန်းအတွင်း ရန်လိုတဲ့ စကားပြောဆိုမှုတွေနဲ့ အဆုံးသတ်ခဲ့ပါတယ်။
ပင်လယ်နက်ထဲမှာ ယူကရိန်းနဲ့ ရုရှားတို့ အပစ်အခတ်ရပ်စဲရေး အမေရိကန်ရဲ့ ကြိုးပမ်းမှုဟာ တန့်နေခဲ့ရပါတယ်။
အိမ်နီးချင်းကို ကျူးကျော်ပြီးနောက် အမေရိကန်က ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေကို ရုတ်သိမ်းပေးဖို့ ရုရှားက တောင်းဆိုပြီးနောက်မှာ မအောင်မြင်ဘဲ တန့်နေခဲ့ရတာပါ။
အပစ်အခတ်ရပ်စဲရေးသဘောတူညီထားမှုနဲ့ပတ်သက်လို့ တိုးတက်မှုမရှိတာကြောင့် အင်မတန်ကို စိတ်တိုပြီး ပူတင်ကို မကျေနပ်ဘူးလို့ ထရမ့်က အဲ့ဒီအချိန်ကတည်းက ပြောထားပါတယ်။
အမေရိကန်ဟာ ရုရှားမဟာမိတ်မဟုတ်ဘူးလို့ ဗြိတိန်ဆိုင်ရာ ရုရှားသံအမတ် အန်ဒရေ ကဲလင်က ဘီဘီစီရဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ Sunday with Laura Kuenssberg မှာ ပြောခဲ့ပါတယ်။
ထရမ့် အိမ်ဖြူတော် ပြန်ရောက်ချိန် နှစ်လကြာကတည်းက အမေရိကနဲ့ ရုရှားတို့ဟာ လုံးဝမယုံကြည်ရမှုကနေ လက်တွဲညီရေးကို မရောက်နိုင်သေးဘူးလို့ သူကပြောခဲ့ပါတယ်။
"ကျွန်တော်တို့မှာ သဘောကွဲလွဲတာတွေ သိပ်များပါတယ်၊ ဒါပေမဲ့ အဲ့ဒီသဘောကွဲလွဲမှုတွေကို ကွဲပြားတဲ့နယ်ပယ်တွေမှာ တစ်ဆင့်ချင်း ဖြေရှင်းနေပါတယ်" လို့ သူကပြောခဲ့ပါတယ်။
အခုအပတ်အစောပိုင်းမှာ အမေရိကန်နဲ့ ရုရှားတို့ဟာ အကျဉ်းသားချင်းဖလှယ်တဲ့အစီအစဉ်ကို ဆက်လုပ်ခဲ့ပါတယ်။
စစ်ပွဲစတင်တဲ့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီမှာ ယူကရိန်းပရဟိတအဖွဲ့တစ်ဖွဲ့ကို ၅၁ ဒေါ်လာလှူဒါန်းမှုနဲ့ ရုရှားနွယ်ဖွား အမေရိကန်နိုင်ငံသား ကဆဲနီယာ ကာရီလီနာဟာ ထောင် ၁၂ နှစ်ချမှတ်ခံထားရပါတယ်။ လော့စ်အန်ဂျလိစ်ဒေသခံ သူဟာ ကြာသပတေးနေ့ နံနက်ပိုင်းမှာ ပြန်လွတ်ခဲ့ပြီး ၂၀၂၃ ခုနှစ်က ဆိုက်ပရပ်စ်မှာ အဖမ်းခံခဲ့ရတဲ့ ဂျာမနီနဲ့ ရုရှားနှစ်နိုင်ငံသားခံယူထားတဲ့ အာသာ ပဲထရော့ဗ်လည်း ဖလှယ်တဲ့အကျဉ်းသားအဖြစ် ပြန်လွတ်လာပါတယ်။
စစ်တပ်နဲ့လက်တွဲပြီး ပစ္စည်းထုတ်လုပ်ပေးနေသူတွေအတွက် ရုရှားကို မိုက်ခရိုအီလက်ထရွန်နစ်ပစ္စည်းတွေ တရားမဝင်တင်ပို့မှုနဲ့ သူ စွပ်စွဲခံခဲ့ရတာဖြစ်ပါတယ်။