May Day - မေလ ၁ ရက်ကို အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ အဖြစ် ဘာလို့သတ်မှတ်

    • ရေးသားသူ, နာတာရှာ အယ်ဂျယ်ခိုဗစ်
    • ရာထူးတာဝန်, ဘီဘီစီသတင်း(ဆားဘီးယားဘာသာစကားဌာန)

May Day ဒါမှမဟုတ် မေဒေးကို နိုင်ငံအများစုမှာ အရင်က နွေဦးပွဲတော်အနေနဲ့ သိကြပါတယ်။ ဒါပေမဲ့ အခုတော့ ကမ္ဘာတဝန်းက အလုပ်သမားတွေ အားထုတ်ခဲ့ကြတဲ့ သမိုင်းဝင် အောင်မြင်မှုတွေနဲ့ ရုန်းကန်ခဲ့ရမှုတွေကို အမှတ်တရဖြစ်စေဖို့ အလုပ်သမားနေ့ (ဒါမှမဟုတ် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့) အဖြစ် ပိုသိလာကြပြီဖြစ်ပါတယ်။

နှစ်စဥ်နှစ်တိုင်းမှာ ကမ္ဘာတဝန်း ပိုမိုကောင်းမွန်တဲ့လုပ်ငန်းခွင် အနေအထားတွေရရှိရေး ဆန္ဒဖော်ထုတ်တောင်းဆိုကြသလို အလုပ်သမားသမဂ္ဂတွေအနေနဲ့လည်း လုပ်ပိုင်ခွင့်ပိုရရေး တောင်းဆိုလာနေကြပါတယ်။

အစောပိုင်းကာလတွေတုန်းကတော့ ဆိုရှယ်လစ်၊ ကွန်မြူနစ်အဖွဲ့အမျိုးအမျိုးနဲ့ လုပ်သားအစုအဖွဲ့မျိုးစုံက ဒီနေ့ကို ကျင်းပခဲ့ကြတာဖြစ်ပါတယ်။

ကနဦးဆန္ဒပြမှုတွေကို အမေရိကန်ပြည်ထောင်စုမှာပြုလုပ်ခဲ့တာဖြစ်ပြီး အဲဒီမှာဆိုရင် စက်တင်ဘာလရဲ့ ပထမဆုံး တနင်္လာနေ့မှာ ကျင်းပကြပါတယ်။

အလုပ်သမားနေ့ ဘယ်ကစ

၁၈၈၆ ခုနှစ်မှာ အမေရိကန်ပြည်ထောင်စုက အလုပ်သမားသမဂ္ဂတွေဟာ ဗြိတိသျှလူမှုပြုပြင်ပြောင်းလဲရေးတွေးခေါ်ပညာရှင် ရောဘတ်အိုဝင်ရဲ့ တွေးခေါ်တင်ပြချက်ပေါ်မူတည်ပြီး တစ်နေ့ကို အလုပ်ချိန် ၈ နာရီ သတ်မှတ်ဖို့ တောင်းဆိုတဲ့ သပိတ်ကြီးတွေကို ဆင်နွှဲခဲ့ကြပါတယ်။ အိုဝင်ရဲ့ ၈ နာရီ အလုပ်လုပ်ပုံကတော့ ''၈ နာရီအလုပ်လုပ်၊ ၈ နာရီအပန်းဖြေပြီး ၈ နာရီအနားယူ'' ဆိုတဲ့ဆောင်ပုဒ်ပါ။

အကြီးမားဆုံးသပိတ်ကို ချီကာဂိုမြို့မှာ မေလ ၁ ရက်နေ့က ကျင်းပခဲ့ပြီး အလုပ်သမား ၄၀,၀၀၀ နီးပါး စုဝေးပါဝင်ခဲ့ကြပါတယ်။ အဲဒီတုန်းက စက်ရုံတွေမှာ အလုပ်ချိန်တိတိကျကျမရှိဘဲ ဒါမှမဟုတ် နားရက်တိတိကျကျမရှိဘဲ အလုပ်ကြမ်းလုပ်ကိုင်ရတာ ပုံမှန်ဆိုသလိုဖြစ်ခဲ့တာပါ။

အဲဒီတုန်းက ချီကာဂိုမြို့ဟာ အမေရိကန်စက်မှုလုပ်ငန်းမှာ အခရာကျတဲ့နေရာဖြစ်သလို အလုပ်သမားသမဂ္ဂ ဗဟိုတည်ရာလည်းဖြစ်ခဲ့ပါတယ်။

အဲဒီတုန်းက ဆန္ဒပြပွဲတွေကို စီးပွားရေးနဲ့ နိုင်ငံရေးအဝန်းအဝိုင်းတွေက သိပ်မကြိုက်ခဲ့ကြပါဘူး။ နောက်ပိုင်းမှာတော့ မကျေနပ်နေကြတဲ့ အလုပ်သမားတွေနဲ့ အုပ်စိုးသူတွေကို ဆန့်ကျင်တဲ့အုပ်စုတွေပါ ဆန္ဒပြပွဲတွေထဲ ပါဝင်လာကြပါတယ်။

အုပ်ချုပ်သူတွေကိုဆန့်ကျင်ကြသူတွေဟာ ဥပဒေနဲ့ထိန်းချုပ်ပြီး ဥပဒေနဲ့စည်းနှောင်တဲ့ လူမှုအသိုင်းအဝိုင်းတွင်းက ဖွဲ့စည်းမှုပုံစံကို ဆန့်ကျင်ကြတဲ့သူတွေဖြစ်ပါတယ်။

တင်းမာမှုတွေ မြင့်တက်ခဲ့ပြီး ရဲနဲ့ဆန္ဒပြသူတွေကြား ထိပ်တိုက်တွေ့တာတွေဖြစ်ခဲ့တာကြောင့် လူတစ်ဦးထက်မနည်းသေဆုံးပြီး နောက်ထပ်လူတော်တော်များများဒဏ်ရာရခဲ့ပါတယ်။

ရဲတွေရဲ့ရက်စက်မှုကို ဒေါသထွက်ခဲ့ကြတဲ့ အလုပ်သမားခေါင်းဆောင်တွေနဲ့ သပိတ်ခေါင်းဆောင်တွေဟာ အဲဒီနောက်တစ်နေ့ မေလ ၄ ရက်မှာ ချီကာဂိုမြို့က နာမည်ကျော် ဟေးစျေးရင်ပြင်မှာ ဆန္ဒပြပွဲကို ဦးဆောင်ပြုလုပ်ခဲ့ကြပါတယ်။

ဒီနေ့ကာလအထိ ဘယ်သူဘယ်ဝါလုပ်ခဲ့လဲဆိုတာမသိရတဲ့ လူတစ်ယောက်က ရဲတွေရှိရာကို ဗုံးတစ်လုံးနဲ့ ပစ်ခဲ့ပါတယ်။ အဲဒီပေါက်ကွဲမှုရဲ့ နောက်ဆက်တွဲ သေနတ်ပစ်ခတ်မှုတွေဖြစ်ခဲ့ပြီး ရဲ ၇ ယောက်သေဆုံးလို့ ဒါဇင်နဲ့ချီပြီးလည်း ဒဏ်ရာရခဲ့ပါတယ်။

သပိတ်မှောက်သူ ၄ ဦးထက်မနည်းလည်း သေဆုံးခဲ့ပြီး အယောက် ၃၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

ဟေးစျေး လူအစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှု ဒါမှမဟုတ် ဟေးစျေးအရေးအခင်းအဖြစ် လူသိခဲ့တဲ့ အဲဒီဖြစ်စဥ်မှာ အုပ်ချုပ်သူတွေကို ဆန့်ကျင်သူ လူ ၈ ဦးဟာ လူသတ်မှုနဲ့ တရားစွဲခံခဲ့ရပြီး သူတို့ထဲက အချို့ဟာ သေဒဏ်ပေးခံခဲ့ရပါတယ်။ သူတို့မှာ အပြစ်ရှိတဲ့အကြောင်း ထင်ထင်ရှားရှား သက်သေထူပြနိုင်တာမျိုးတော့ မရှိခဲ့ပါဘူး။

၁၈၈၉ ခုနှစ်မှာတော့ နိုင်ငံပေါင်း ၂၀ က အလုပ်သမားသမဂ္ဂတွေ၊ ဆိုရှယ်လစ်နဲ့ လေဘာပါတီတွေက ကိုယ်စားလှယ်တွေ တွေ့ဆုံကြတဲ့ ဒုတိယနိုင်ငံတကာ (Second Interanational) အစည်းအဝေးမှာ မေဒေး (May Day) နေ့က အဲဒီဖြစ်စဥ်တွေကို အောက်‌မေ့တသတဲ့အနေနဲ့ အထိမ်းအမှတ်နေ့ပြုလုပ်ဖို့ ဆုံးဖြတ်ချက်တစ်ရပ် ချမှတ်ခဲ့ပါတယ်။

မေဒေး သို့မဟုတ် May Day သတ်မှတ်တဲ့နိုင်ငံတွေ ပိုများလာ

ချီကာဂိုမြို့က အဓိကရုဏ်းတွေဟာ နောင်နှစ်ပိုင်းတွေမှာတော့ လက်ဝဲယိမ်းပါတီအများစုအတွက် အတုယူစရာဖြစ်လာပါတယ်။

ဥရောပတောင်ပိုင်းမှာဆိုရင် အဲဒီအချိန်တုန်းက အော်စတို- ဟန်ဂေရီ အင်ပါယာဖြစ်ခဲ့တဲ့ ဆလိုဗီးနီးယန်းနဲ့ ခရိုအက်တွေက ပထမဆုံးမေဒေးကို ပြုလုပ်ခဲ့ပါတယ်။

ခက်ခဲတဲ့လုပ်ငန်းခွင်အခြေအနေတွေ၊ လစာနည်းပါးမှုတွေနဲ့ နာရီရှည် အလုပ်လုပ်ရတာတွေဟာ ဆားဘီးယားက အလုပ်သမားတွေကို ၁၈၉၃ ခုနှစ်မှာ မေဒေး(May Day) လူထုစုဝေးပွဲကို စုစည်းပြုလုပ်ဖို့ ဖြစ်လာစေခဲ့ပါတယ်။

ပထမကမ္ဘာစစ်အပြီးမှာတော့ စက်မှုလုပ်ငန်းမြန်မြန်တိုးတက်လာမှုနဲ့ ရုရှားက ကွန်မြူနစ်တော်လှန်ရေး လွှမ်းမိုးမှုတွေအောက်မှာ ကမ္ဘာတဝန်းက အလုပ်သမားတွေဟာ အခြေခံလူ့အခွင့်အရေးရရှိဖို့ ရုန်းကန် လှုပ်ရှား လာခဲ့ကြပါတယ်။

ဂျာမနီနိုင်ငံမှာတော့ နာဇီပါတီ အာဏာရလာခဲ့ပြီးတဲ့နောက် အလုပ်သမားနေ့ဟာ ၁၉၃၃ ခုနှစ်မှာ တရားဝင်ရုံးပိတ်ရက်တစ်ရက်ဖြစ်လာပါတယ်။

ဒါပေမဲ့ အားလပ်ရပ်အဖြစ်သတ်မှတ်ပြီးနောက်တစ်ရပ်မှာပဲ လွတ်လပ်တဲ့သမဂ္ဂတွေ ဖွဲ့စည်းမှုကို ဖျက်သိမ်းလိုက်တာကြောင့် ဂျာမနီလုပ်သားလုပ်ရှားမှုကို ဖျက်ဆီးပစ်လိုက်သလို ဖြစ်ခဲ့ပါတယ်။ ခဲ့ရာလည်းရောက်ခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်အပြီးမှာတော့ အလုပ်သမားသမဂ္ဂတွေကို ပြန်လည်ဖွဲ့စည်းခဲ့ကြပါတယ်။

အရှေ့နဲ့ အနောက်

ဒုတိယကမ္ဘာစစ်မှာ မဟာမိတ်တပ်တွေ အောင်နိုင်ခဲ့ပြီးတဲ့နောက် ကမ္ဘာ့မြေပုံလည်း ပြောင်းလဲခဲ့ပါတယ်။ နိုင်ငံရေးနဲ့ စီးပွားရေးရာ ကွဲပြားမှုတွေလည်း ပိုပြီးထင်သာမြင်သာဖြစ်လာပါတယ်။

ကျူးဘားလို နောက်ပြီး အဲဒီအချိန်တုန်းက ဆိုဗီယက်ပြည်ထောင်စုနဲ့ တရုတ်တို့လို ဆိုရှယ်လစ်နိုင်ငံတွေဟာ Labour Day လို့ခေါ်တဲ့ အလုပ်သမားနေ့ကို အထူးခြားဆုံးအားလပ်ရက်တွေထဲက တစ်ခုအနေနဲ့ ဆယ်စုနှစ်တွေကြာအောင် ဆင်နွှဲခဲ့ကြပါတယ်။

ဆိုဗီယက်မှာတော့ မော်စကိုမြို့က ရင်ပြင်နီမှာ စီတန်းလှည့်လှည်မှုကြီးတွေနဲ့ ပုံမှန်ကျင်းပလေ့ရှိပြီး နိုင်ငံတော်နဲ့ ပါတီထိပ်တန်းခေါင်းဆောင်တွေ တက်ရောက်တဲ့ အခမ်းအနားဖြစ်ပါတယ်။ ဆိုဗီယက်ရဲ့ စစ်ရေး အင်အားကို ထုတ်ပြတဲ့ ပွဲလည်းဖြစ်ပါတယ်။

အသစ်သတ်မှတ်လိုက်တဲ့ အလုပ်သမားနေ့နဲ့ အဲဒီနေ့ကို ဆင်နွှဲမှုဟာ အရင်းရှင်ဝါဒကို ဆန့်ကျင်မှုမှာ အမေရိကန်နဲ့ ဥရောပက အလုပ်သမားလူတန်းစားတွေလည်း စုစည်းမိလာစေမယ်လို့ ကွန်မြူနစ်ခေါင်းဆောင်တွေက ယုံကြည်ခဲ့ကြပါတယ်။

ဆိုရှယ်လစ် ဖက်ဒရယ် ယူဂိုဆလားဗီးယားသမ္မတ နိုင်ငံမှာလည်း အလားတူ ဇာတ်လမ်းဖြစ်ပါတယ်။ ယူဂိုဆလားဗီးယားမှာ အလုပ်သမားနေ့ကို ၁၉၄၅ ခုနှစ်မှာ နိုင်ငံတော်အဆင့် အားလပ်ရက်အဖြစ် တရားဝင် သတ်မှတ်ပြီး စီတန်းလှည့်လည်ပွဲတွေ၊ စစ်ရေးပြပွဲတွေနဲ့ နိုင်ငံတော်အဆင့် ဝါဒဖြန့်မှုပါ သိသိသာသာထည့်ရင်း ကျင်းပခဲ့ပါတယ်။

ကမ္ဘာ့အခြား ဒေသတွေမှာတော့ လုပ်သားသမဂ္ဂတွေနဲ့ အလုပ်သမားတွေဟာ ပိုကောင်းမွန်နဲ့လုပ်ငန်းခွင် အခြေအနေ ဖန်တီးပေးရေး တောင်းဆိုဖို့ အလုပ်သမားနေ့မှာ ချီတက်ဆန္ဒပြပွဲတွေပြုလုပ်ကြပါတယ်။

ခန့်မှန်းထားတဲ့အတိုင်းဖြစ်လာတဲ့ အလုပ်လက်မဲ့မှု၊ လုပ်သားတွေ ဆင်းရဲမွဲတေမှု မြင့်တက်လာမှုနဲ့အတူ အလုပ်သမားတွေရဲ့အခွင့်အရေးတောင်းဆိုမှုဟာလည်း ဆက်ပြီးအရေးပါနေဆဲဖြစ်ပါတယ်။

အလုပ်လက်မဲ့နှုန်း နိမ့်လာတာနဲ့ အလုပ်ခန့်အပ်မှု အကောင်းဘက်ကို တက်လာတာရှိနေပမဲ့ အမှန်တကယ်ရရှိတဲ့ လုပ်အားခ ကျဆင်းနေတာဟာ စက်မှုထိပ်သီးနိုင်ငံ ၂၀ (G20) အဖွဲ့ဝင် နိုင်ငံအများစုမှာ ပြီးခဲ့တဲ့နှစ်အတွင်း လစာရရှိမှုက ငွေကြေးဖောင်းပွနှုန်းကို အမီမလိုက်နိုင်ဘဲ ဖြစ်နေဆဲလို့ ကမ္ဘာ့အလုပ်သမားအဖွဲ့ (ILO) က သူ့ရဲ့ ၂၀၂၄ ခုနှစ်အတွက် ခန့်မှန်း အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့နှစ်တုန်းကဆိုရင် တစ်နေ့ကို နှစ်ဒေါ်လာကျော်တော် မဝင်ဘဲ အလွန်အမင်းဆင်းရဲမွဲတေမှုနဲ့နေထိုင်နေရတဲ့ အလုပ်သမားအရေအတွက်ဟာ တစ်ကမ္ဘာလုံးအတိုင်းအတာအနေနဲ့ ဆိုရင် တစ်သန်းလောက်အထိ တိုးလာတယ်လို့ ILO က ပြောပါတယ်။

တစ်နေ့ကို သုံးဒေါ်လာခွဲကျော်လောက်ရတဲ့ အတော်အသင့် ဆင်းရဲမွဲတေမှုနဲ့ နေထိုင်နေရတဲ့ အလုပ်သမားအရေအတွက်ကတော့ ၈.၄ သန်းလောက် ထပ်တိုးလာခဲ့တယ်လို့ဆိုပါတယ်။