1MDB အရှုပ်တော်ပုံကြောင့် မလေးရှား ဝန်ကြီးချုပ်ဟောင်း နာဂျစ် ရာဇက် ထောင် ၁၅ နှစ်ကျ

1MDB အရှုပ်တော်ပုံကြောင့် နာဂျစ် ရာဇက် ထောင် ခြောက်နှစ် ကျခံနေရ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, 1MDB အရှုပ်တော်ပုံကြောင့် နာဂျစ် ရာဇက် ထောင် ခြောက်နှစ် ကျခံနေရ
    • ရေးသားသူ, ခိုယွီး

မလေးရှား ဝန်ကြီးချုပ်ဟောင်း နာဂျစ် ရာဇက်ကို အာဏာ အလွဲသုံးစားလုပ်မှု၊ ငွေကြေး ခဝါချမှုတွေနဲ့ ထောင် ၁၅ နှစ် ချမှတ်ခဲ့ပါတယ်။

ဒေါ်လာဘီလျံချီတန်တဲ့ မလေးရှား အစိုးရ ရန်ပုံငွေ 1MDB ခြစားမှု အရှုပ်တော်ပုံကြီးကို စစ်ဆေးတဲ့ ဒုတိယ တရားခွင်မှာ ဆုံးဖြတ်ခဲ့တာပါ။

မလေးရှားဖွံ့ဖြိုးမှု ရန်ပုံငွေဆီက ရင်းဂစ် ဒေါ်လာ ၂.၃ ဘီလျံနီးပါးကို အလွဲသုံးစား လုပ်ခဲ့ကြောင်း ၇၂ နှစ် အရွယ် မစ္စတာ နာဂျစ်ကို စွပ်စွဲထားပါတယ်။

အာဏာအလွဲသုံးမှု စွဲချက် လေးခုနဲ့ ငွေကြေး ခဝါချမှု စွဲချက် ၂၁ ချက်နဲ့ သူ့မှာ အပြစ်ရှိကြောင်း သောကြာနေ့ နေ့လယ်မှာ တရားသူကြီးက ဆုံးဖြတ်ခဲ့ပါတယ်။

ဒီအရှုပ်တော်ပုံနဲ့ ဆက်စပ်တဲ့ တခြားအမှုနဲ့ မလေးရှား ဝန်ကြီးချုပ်ဟောင်း ထောင်ထဲကို ရောက်နှင့်နေပြီး ဖြစ်ပါတယ်။

သက်သေ ၇၆ ယောက်ကို ဆင့်ခေါ်ပြီး ၇ နှစ်ကြာ တရားရင်ဆိုင်ပြီးနောက် ဒီလို စီရင်ချက် ချမှတ်ခဲ့တာပါ။

မလေးရှား အုပ်ချုပ်ရေး မြို့တော် ပူထရာ ဂျားယားမှာ ချမှတ်ခဲ့တဲ့ ဒီဆုံးဖြတ်ချက်ဟာ ၂၀၂၂ ကတည်းက ထောင်ကျနေတဲ့ မလေးရှား ခေါင်းဆောင်ဟောင်းအတွက် တပတ်အတွင်း ဒုတိယရိုက်ချက်လည်း ဖြစ်ပါတယ်။

နာဂျစ်ကို အာဏာအလွဲသုံးမှု လေးမှုအတွက် ထောင်ဒဏ် ၁၅ နှစ်စီနဲ့ ငွေကြေးခဝါချမှု ၂၁ မှုအတွက် ငါးနှစ်စီ ချမှတ်ခဲ့ပါတယ်။ မလေးရှားဥပဒေအရ ဒီထောင်ဒဏ်တွေကို တပေါင်းတည်း ကျခံရမှာ ဖြစ်ပါတယ်။

ကျန်တဲ့ သူ့ထောင်သက်တမ်းကို အိမ်အကျယ်ချုပ်နဲ့ ကျခံဖို့ နာဂျစ်ရဲ့ တောင်းဆိုချက်ကို တရားရုံးက တနင်္လာနေ့က ပယ်ချခဲ့ပါတယ်။

မလေးရှား ဝန်ကြီးချုပ်ဟောင်းဟာ မတရားဆုံးဖြတ်ချက်တွေရဲ့ သားကောင်ဆိုပြီး ကြုံးဝါးနေကြတဲ့ ထောက်ခံသူ ပရိသတ်ကျန်နေသေးပြီး ရုံးချိန်တွေမှာ လာပြီး သူ့ကို လွှတ်ပေးဖို့လည်း သူတို့က တောင်းဆိုကြပါတယ်။

သောကြာနေ့ ပူထရာဂျားရား တရားရုံးအပြင်ဘက်မှာလည်း ဒါဇင်နဲ့ချီတဲ့သူတွေ စုဝေးပြီး နာဂျစ်ကို အားပေးခဲ့ကြပါတယ်။

မလေးရှား ဝန်ကြီးချုပ်ဟောင်း ထောက်ခံသူ ပရိသတ်က သူ့ကို လွှတ်ပေးဖို့ တောင်းဆို

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မလေးရှား ဝန်ကြီးချုပ်ဟောင်း ထောက်ခံသူ ပရိသတ်က သူ့ကို လွှတ်ပေးဖို့ တောင်းဆို
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အရင်ဆယ်နှစ်က 1MDB အရှုပ်တော်ပုံသတင်းတွေ ထွက်ပေါ်လာပြီးနောက် မလေးရှားက ထင်ရှားတဲ့ ပုဂ္ဂိုလ်တွေကနေ Goldman Sachs ရင်းနှီးမြှုပ်နှံမှု ဘဏ်ကြီးနဲ့ ဟောလီးဝုဒ်ရုပ်ရှင်လောကထိ ရိုက်ခတ်သွားခဲ့ပါတယ်။

ဒေါ်လာ လေးဘီလျံခွဲလောက် အစိုးရ ရန်ပုံငွေထဲကနေ နာဂျစ် အပါအဝင် ပုဂ္ဂလိက ဘဏ်စာရင်းတွေထဲ ရောက်ကုန်ကြောင်း စစ်ဆေးရေး အရာရှိတွေက မှန်းဆပါတယ်။

ဒီအရှုပ်တော်ပုံရဲ့ အဓိက ကြိုးကိုင်သူလို့ စွပ်စွဲခံရတဲ့ ဂျိုလိုး အပါအဝင် ဆိုးသွမ်းတဲ့ စီးပွားရေး သမားတွေရဲ့ လမ်းလွဲခေါ်ဆောင်တာကို ခံရကြောင်း မစ္စတာ နာဂျစ်ရဲ့ ချေပမှုကို တရားရုံးက ပယ်ချခဲ့ပါတယ်။

ဂျိုလိုးကတော့ ထွက်ပြေး လွတ်မြောက်နေဆဲ ဖြစ်ပါတယ်။

၂၀၂၀ တုန်းကလည်း အာဏာ အလွဲသုံးမှု၊ ငွေကြေး ခဝါချမှု၊ ရင်းဂစ်ငွေ ၄၂ သန်းကျော်ကို သူ့ငွေစာရင်းထဲ လွှဲပြောင်းတဲ့ ယုံကြည်မှု ချိုးဖောက်မှုတွေနဲ့ နာဂျစ်ကို အပြစ်ရှိကြောင်း မလေးရှား တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။

အဲဒီတုန်းက သူ့ကို ထောင် ၁၂ နှစ် ချခဲ့ပေမယ့် မနှစ်က ပြစ်ဒဏ် ထက်ဝက်လျှော့ချပေးခဲ့ပါတယ်။

နောက်ဆုံးအမှုကတော့ 1MDB နဲ့ သက်ဆိုင်ပြီး ပိုများတဲ့ ငွေတွေနဲ့ ပတ်သက်ပါတယ်။ ၂၀၁၃ တုန်းက နာဂျစ်ရဲ့ ဘဏ်စာရင်းထဲကို ဝင်လာတဲ့ ဒီငွေတွေကို နတ်ရွာစံ ဆော်ဒီဘုရင် အဗ္ဗဒူလာက လှူတဲ့ငွေတွေလို့ ယုံကြည်ကြောင်း နာဂျစ်က ပြောပေမယ့် တရားသူကြီးက သောကြာနေ့မှာ ပယ်ချခဲ့ပါတယ်။

နာဂျစ်ရဲ့ ဇနီး ရိုစမာ မန်ဆောကိုလည်း ၂၀၂၂ က လာဘ်စားမှုနဲ့ ထောင် ဆယ်နှစ် ချမှတ်ခဲ့ပြီး အယူခံ တင်ထားတုန်းမှာ သူ့ကို အာမခံနဲ့ လွှတ်ပေးထားပါတယ်။

နာဂျစ်ရဲ့ ဇနီး ရိုစမာ မန်ဆောကိုလည်း ၂၀၂၂ က လာဘ်စားမှုနဲ့ ထောင် ဆယ်နှစ် ချမှတ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, နာဂျစ်ရဲ့ ဇနီး ရိုစမာ မန်ဆောကိုလည်း ၂၀၂၂ က လာဘ်စားမှုနဲ့ ထောင် ဆယ်နှစ် ချမှတ်

ဒီအရှုပ်တော်ပုံကြောင့် မလေးရှား နိုင်ငံရေးမှာလည်း ရိုက်ခတ်မှုက ကြီးမားပါတယ်။ ၁၉၅၇ လွတ်လပ်ရေး ရကတည်းက နိုင်ငံကို အုပ်ချုပ်လာတဲ့ နာဂျစ်ရဲ့ အမျိုးသား ညွန့်ပေါင်းအဖွဲ့ ၂၀၁၈ ရွေးကောက်ပွဲမှာ အကြီးအကျယ် ရှုံးနိမ့်ခဲ့ပါတယ်။

မလေးရှား ဝန်ကြီးချုပ် အန်နဝါ အီဘရာဟင်ကတော့ တရားရုံး ဆုံးဖြတ်ချက်ကို လိုက်နာကြဖို့ နိုင်ငံရေးသမားတွေကို တောင်းဆိုထားပါတယ်။

ဒီစီရင်ချက်က နံပါတ်တစ် ပုဂ္ဂိုလ်ကြီး ဖြစ်နေပါစေ၊ လာဘ်စားမှုနဲ့ အဖမ်းခံရနိုင်ကြောင်း နိုင်ငံ ခေါင်းဆောင်တွေကို ပေးတဲ့ သတင်းစကားလို့လည်း မလေးရှား အမတ်ဟောင်း တိုနီပွားက ဘီဘီစီကို ပြောပါတယ်။

ဒါပေမဲ့လည်း 1MDB အရှုပ်တော်ပုံဖြစ်ပြီးနောက် မလေးရှားမှာ ခြစားမှု တိုက်ဖျက်ရေးနဲ့ ပတ်သက်ပြီး တိုးတက်မှု နည်းနည်းသာ ရှိကြောင်း ခြစားမှုနဲ့ ခရိုနီဝါဒ တိုက်ဖျက်ရေးနဲ့ စင်တာကို တည်ထောင်သူ ဒါရိုက်တာ စင်သီယာ ဂေဘရီယယ်က ပြောပါတယ်။