တရုတ်နဲ့အမေရိကန် ထိပ်တိုက်တွေ့ကြပြီ - မတ်လ ၇ ရက် ညနေခင်း နိုင်ငံတကာ သတင်း

အမေရိကန် တရုတ် ပဋိပက္ခ ဖြစ်လာနိုင်တယ်လို့ သတိပေး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တရုတ်သမ္မတက အမေရိကန်ကို တိုက်ရိုက် ပြစ်တင်ပြောကြားလိုက်

အမေရိကန်ဟာ တရုတ်နိုင်ငံကို ထိန်းချုပ် ဖိနှိပ်ဖို့ ကြိုးစားနေတယ်လို့ တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်က ထူးထူးခြားခြား တိုက်ရိုက် ပြစ်တင်ပြောကြားလိုက်ပါတယ်။

အမေရိကန်ရဲ့ အပြုအမူတွေဟာ တရုတ်နိုင်ငံအတွက် ဆိုးရွားတဲ့ စိန်ခေါ်မှုတွေ ဖြစ်စေတယ်လို့ မစ္စတာရှီက လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံတဲ့ ပါလီမန်အစည်းအဝေးမှာ ပြောခဲ့တာပါ။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင့်ကန်ကလည်း အမေရိကန်ရဲ့ အပြုအမူတွေ မပြောင်းရင် နှစ်နိုင်ငံကြား ပဋိပက္ခ ပိုကြီးထွားလာနိုင်တယ်လို့ သတိပေးထားပါတယ်။

အမေရိကန်ရဲ့ လုပ်ရပ်တွေကို မရပ်တန့်ဘဲ လမ်းကြောင်းမှားကို အရှိန်နဲ့ဆက်သွားနေရင် အခြေအနေဟာ ပဋိပက္ခနဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေဆီ သေချာပေါက် ဦးတည်သွားစေလိမ့်မယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင့်ကန်က ပြောပါတယ်။

ပြီးခဲ့တဲ့လတုန်းက တရုတ်ရဲ့ မိုးပျံပူဖောင်းတွေကို အမေရိကန်က ပစ်ချခဲ့ပြီးနောက်မှာ နှစ်နိုင်ငံဆက်ဆံရေး ဆိုးရွားလာခဲ့တာ ဖြစ်ပါတယ်။

ဒီပူဖောင်းတွေဟာ ထောက်လှမ်းရေးရည်ရွယ်ချက်နဲ့ လွှတ်တင်ထားတာလို့ အမေရိကန်ဘက်က ပြောပေမယ့် မစ္စတာ ချင့်ကတော့ အမေရိကန်က ချဲ့ကားပြောတာသာ ဖြစ်တယ်လို့ ဆိုပါတယ်။

တာလီဘန်လက်ထက် အမျိုးသမီးတွေ အလုပ်အကိုင်ရမှုလျော့ကျ

လူငယ်အမျိုးသား အမျိုးသမီး သာတူညီမျှ ရှိဖို့ ILO ပြော

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အမျိုးသမီးတွေ တက္ကသိုလ်ပညာသင်ခွင့်ကို တာလီဘန်တွေ တားမြစ်ထား

အာဖဂန်နစ္စတန်မှာ တာလီဘန်တွေ အာဏာရပြီး ၁၈ လ အတွင်း အမျိုးသမီးတွေ အလုပ်အကိုင်ရရှိမှု လေးပုံတပုံ လျော့ကျသွားတယ်လို့ ILO က ပြောပါတယ်။

ပညာရေးနဲ့ အလုပ်အကိုင်စျေးကွက်မှာ အမျိုးသမီးတွေပါဝင်မှုကို ကန့်သတ်ထားတာကြောင့် အခုလို ကျဆင်းသွားရတာလို့ ဆိုပါတယ်။

အာဖဂန် အနာဂတ်စီးပွားရေးနဲ့ လူမှုအသိုင်းအဝိုင်းဟာ လူငယ်အမျိုးသား၊ အမျိုးသမီးတွေအားလုံး ပညာသင်ယူခွင့် ၊ အလုပ်အကိုင်ရခွင့်တွေမှာ သာတူညီမျှရှိဖို့ အပေါ်မှာမူတယ်လို့လည်း ILO က ပြောပါတယ်။

တာလီဘန်တွေဟာ မနှစ်နှစ်ကုန်ပိုင်းလောက်ကစပြီး အာဖဂန်မှာ အမျိုးသမီးတွေ တက္ကသိုလ် ပညာသင်ယူခွင့်နဲ့ အရပ်ဖက်အဖွဲ့ NGO တွေမှာ အလုပ်လုပ်ခွင့်တွေကို ပိတ်ပင်ခဲ့တာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် တတိယမြောက် သားသမီး ရှိတယ်လို့ တောင်ကိုရီးယား ထောက်လှမ်းရေးသတင်းမှာ ဖော်ပြ

သမီးဖြစ်သူကို ပွဲထုတ်လာတဲ့ မြောက်ကိုရီးယား ခေါင်းဆောင်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မြောက်ကိုရီးယားခေါင်းဆောင် သားသမီးရတနာ နောက်ထပ်တယောက် ထွန်းကားပြီလို့ တောင်ကိုရီးယား ထောက်လှမ်းရေးသတင်းတွေ ဖော်ပြ

မြောက်ကိုရီးယားမှာ ဒီနှစ်အတွင်း ဆန်ပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရတယ်လို့ တောင်ကိုရီးယား ထောက်လှမ်းရေး အေဂျင်စီက ပြောပါတယ်။

ဒါပေမယ့် ဒီအခြေအနေက ကင်မ်ဂျုံအွန်းအုပ်ချုပ်မှုကို မတည်မငြိမ်ဖြစ်စေလောက်အောင် ခြိမ်းခြောက်တာမျိုး ဖြစ်လာမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

မြောက်ကိုရီးယားမှာ စစ်ရေးလေ့ကျင့်မှုတွေနဲ့ တိုက်ချင်းပစ် ဒုံးကျည်စမ်းသပ်မှုသစ်တွေ အခုလနဲ့ နောက်လအတွင်း လုပ်လာနိုင်တယ်လို့ တောင်ကိုရီးယား ဥပဒေပြု အမတ်တွေက ပြောပါတယ်။

ဒါ့အပြင် မစ္စတာကင်မ်ဟာ တတိယမြောက် ကလေးရှိတယ်လို့ ယူဆရပေမဲ့ မိန်းကလေးလား ယောက်ျားလေးလား ဆိုတာ မသိရသေးဘူးလို့ သူတို့က ဆိုပါတယ်။

တောင်ကိုရီးယား ထောက်လှမ်းရေး သတင်းတွေ အရ သူ့ရဲ့ ပထမဆုံးကလေးက ယောက်ျားလေး ဖြစ်ပြီး ဒုတိယမြောက်က သမီး လေးဖြစ်ကာ ခုလပိုင်းတွေအတွင်း လူထုကြား ပွဲထုတ်လာတဲ့ မိန်းကလေးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

သီရိလင်္ကာအကြွေးတွေ တရုတ်က ဖြေလျှော့ပေးတော့မလား

ကြွေးမြီလျှော့ချဖို့ နိုင်ငံတကာငွေကြေးရန်ပုံငွေ အဖွဲ့ မျှော်လင့်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, သီရိလင်္ကာ အကြွေးတွေ တရုတ်က ဖြေလျော့ပေးဖို့ ရှိလာနိုင်သလား

သီရိလင်္ကာ တင်ရှိနေတဲ့ ကြွေးမြီတွေနဲ့ ပတ်သက်လို့ တရုတ်အစိုးရပိုင် ဘဏ်တခုက ပြန်လည်သုံးသပ် ပြင်ဆင်ပေးမယ်လို့ ကတိပေးခဲ့ကြောင်း သမ္မတ ရာနီ ဝါခရီမေဆင်းဂါးက ပြောပါတယ်။

ဒါဟာ သီရိလင်္ကာအနေနဲ့ အကြွေးတွေကို ဒေဝါလီခံဖို့ နိုင်ငံတကာ ငွေကြေး ရန်ပုံငွေ အဖွဲ့ IMF က တိုက်တွန်းနေတဲ့ အချက်တွေထဲက တခုပါ။

တရုတ်ဘဏ် Exim Bank of China က မနေ့ တနင်္လာနေ့က စာတစောင်ရခဲ့ပြီး အကြွေးတွေကို ပြန်လည်စိစစ်ပေးလိုတဲ့ အရိပ်အယောင်တွေ့ရတယ်လို့ မစ္စတာ ဝါခရီမေဆင်းဂါး က ပါလီမန်မှာ ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် ဘယ်လိုပြန်လည် ချမှတ်လုပ်ဆောင်သွားမလဲ ဆိုတဲ့ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။

ဒီကိစ္စနဲ့ ပတ်သက်လို့ တရုတ်ကကော IMF ကပါ ချက်ချင်း အတည်ပြု ပြောလာတာ မရှိသေးပါဘူး။

သီရိလင်္ကာမှာ ထင်မှတ်မထားတဲ့ စီးပွားရေး အကြပ်အတည်း ရင်ဆိုင်နေရပြီး IMF ရဲ့ ကယ်ဆယ်ရေးအစီအစဉ် ဒေါ်လာ သန်းနှစ်ထောင့်ကိုးရာကို မဖြစ်မနေ လိုအပ်နေတာ ဖြစ်ပါတယ်။

ဂျပန်ဒုံးပျံပစ်လွှတ်မှုမအောင်မြင်လို့ တောင်းပန်ရပြီ

ဂျပန်ဒုံးပျံအစီအစဉ်ကို အမေရိကန် SpaceX နဲ့ နှိုင်းယှဉ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဒုံးပျံပစ်လွှတ်မှု မအောင်မြင်ရခြင်းကို စုံစမ်းစစ်ဆေးတော့မယ်

ဂျပန်မှာ လူအများစိတ်ဝင်စားနေကြတဲ့ ဒုံးပျံ ပစ်လွှတ်စမ်းသပ်မှု မအောင်မြင်ခဲ့တဲ့အပေါ် အာကာသအေဂျင်စီ အကြီးအကဲက တောင်းပန်လိုက်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ သူ့မှာ တာဝန်ရှိကြောင်းနဲ့ သူ့အနေနဲ့ လူထုယုံကြည်မှုရအောင်ပြန်ကြိုးစားသွားမယ်လို့ Hiroshi Yamakawa က သတင်းစာရှင်းပွဲမှာ ပြောပါတယ်။

လုပ်ငန်းစဉ်အပြီး သူ့အလိုလို မီးလောင် ပျက်စီးသွားအောင် စီမံထားတဲ့ ဒုံးပျံတင်ဆောင်ရာ H-3 ရော့ကတ်ဟာ ပစ်လွှတ်ပြီး မိနစ်ပိုင်းအတွင်း ဒုတိယအင်ဂျင် မီးမလောင်ဘဲ ရှိခဲ့တာပါ။

ဒါဟာ နှစ်ပေါင်း ၃ဝကျော် ကြိုးစားပြီး ပထမဆုံး ဒုံးပျံပစ်လွှတ်ဖို့ ကြိုးစားခဲ့တဲ့ ဂျပန်အတွက် အခုနောက်ဆုံး ထွက်ပေါ်လာတဲ့ ဆုံးရှုံးမှုပါ။

အခု ဂျပန်ရဲ့ ဒုံးပျံ အစီအစဉ်ဟာ အမေရိကန်က SpaceX အစီအစဉ်နဲ့ ပြိုင်ဖက်ဖြစ်လာနိုင်တယ်ဆိုပြီး အစောပိုင်းတုန်းက အမွှမ်းတင် ပြောဆိုထားတာလဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လတုန်းက ပစ်လွှတ်ခဲ့တဲ့ ဂျပန်ရဲ့ ဒုံးပျံ စမ်းသပ်မှုဟာ နည်းပညာပြဿနာတွေနဲ့ ပတ်ချာလည်ဝိုင်းနေခဲ့တာ ဖြစ်ပါတယ်။