ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရာသီဥတု ယိုယွင်းလာတဲ့ အခြေအနေကို ကုလအကြီးအကဲထောက်ပြ - စက်တင်ဘာ ၆ ရက် ညနေခင်း နိုင်ငံတကာသတင်းများ
ကမ္ဘာမြေကြီးရဲ့ ရာသီဥတုဖြစ်စဉ်ဟာ ယိုယွင်းပျက်စီးနေတယ်လို့ ကုလသမဂ္ဂ အကြီးအကဲ အန်တိုနီယို ဂူးတားရက်စ်က ပြောကြားလိုက်ပါတယ်။
အခု ၂၀၂၃ ခုနှစ်ဟာ လူသားထုသမိုင်းမှာ အပူဆုံးနှစ်လို့ ရာသီဥတုစောင့်ကြည့်ရေး ဥရောပအေဂျင်စီ က ပြောကြားခဲ့ပြီးနောက် သူ့ပြောဆိုချက် ထွက်ပေါ်လာတာပါ။
မြောက်ကမ္ဘာခြမ်းမှာ နွေရာသီကျရောက်ချိန် ကမ္ဘာကြီးရဲ့ အပူချိန်ဟာ စံချိန်တင် အပူဆုံးဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
အပူလှိုင်းဖြတ်မှု ၊ မိုးခေါင်ရေရှားမှုနဲ့ တောမီးလောင်မှုတွေဟာ အာရှ ၊ အာဖရိက ၊ ဥရောပနဲ့ မြောက်အမေရိက တို့မှာ ပြီးခဲ့တဲ့ သုံးလအတွင်း အဆိုးရွားဆုံး ကြုံတွေ့ခဲ့ရတာပါ။
ဒီအခြေအနေတွေကြောင့် စီးပွားရေး ၊ ဂေဟစနစ်နဲ့ လူသားထု ကျန်းမာရေးတို့အပေါ် အကြီးအကျယ် သက်ရောက်မှု ရှိခဲ့တာ ဖြစ်ပါတယ်။
ရာသီဥတုဟာ လူတွေလက်ခံနိုင်တဲ့ အနေအထားထက် ပိုမြန်မြန် ထိခိုက်ပျက်စီးနေပြီး ဆိုးရွားတဲ့ ရာသီဥတုက လူသားတွေနေထိုင်ရာ နေရာတိုင်းကို ပုံစံမျိုးစုံနဲ့ ရိုက်ခတ်လာနေတယ်လို့ မစ္စတာ ဂူတားရက်စ်က ပြောပါတယ်။
တောမီးလောင်မှုတွေကြောင့်လည်း လေထုညစ်ညမ်းမှုတွေ ဖြစ်စေ
ရာသီဥတု ပြောင်းလဲမှုကြောင့် အပူလှိုင်းဖြတ်တဲ့ ဖြစ်စဉ်တွေဟာ လေထုအရည်အသွေး ကျဆင်းလာစေပြီး လေထုညစ်ညမ်းမှုတွေ ဖြစ်စေတယ်လို့ ကမ္ဘာ ရာသီဥတု လေ့လာစောင့်ကြည့်ရေးအဖွဲ့ WMO က ပြောပါတယ်။
ရာသီဥတုပြောင်းလဲမှုနဲ့ လေထုညစ်ညမ်းမှုဟာ ရောယှက် ဆက်နွှယ်နေပြီး ဒါတွေကို အတူတကွ ဖြေရှင်းရမယ်လို့ WMO က ဆိုပါတယ်။
မနှစ် ၂၀၂၂ နွေတုန်းကဆိုရင် ဥရောပရဲ့ အိုဇုန်းလွှာဟာ ပုံမှန် ဖြစ်သင့်တဲ့ ၊ လူတွေအတွက် စိတ်ချလုံခြုံတဲ့ ပမာဏထက် ပိုပါးလွှာလာတာ ဖြစ်ပါတယ်။
ဒီလိုဖြစ်စဉ်ကြောင့် လူ့တွေရဲ့ အဆုတ်ကို ထိခိုက်နိုင်ပါတယ်။
ဒါ့အပြင် တောမီးလောင်ကျွမ်းမှုတွေကြောင့် ထွက်ပေါ်လာတဲ့ မီးခိုးနဲ့ အမှုန်တွေက လေထုအရည်အသွေးကို ပိုမို ဆိုးရွားလာစေတာ ဖြစ်ပါတယ်။
ယူကရိန်းကို မကြေညာဘဲရောက်လာတဲ့ ဘလင်ကန် ခရီးစဉ်
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်ဟာ ယူကရိန်းနိုင်ငံ ကိဗ်မြို့တော်က စစ်သချိုင်းမှာ လွမ်းသူပန်းခွေချခဲ့ပါတယ်။
မစ္စတာ ဘလင်ကန်ဟာ ကိဗ်ကို မကြေညာဘဲ ရောက်လာခဲ့တာပါ။
ယူကရိန်းက ရုရှားကို သုံးလကြာ ထိုးစစ်ဆင်နေရာမှာ အမေရိကန်က အနောက်ကနေ ကူညီထောက်ပံ့နေတယ်ဆိုတာကို ပြသဖို့ သူအခုလို ရောက်လာတာ ဖြစ်ပါတယ်။
ယူကရိန်း ထိုးစစ်အရှိန် ကြန့်ကြာမှုနဲ့ ပတ်သက်လို့ အမည်မဖော်လိုတဲ့ အမေရိကန် အရာရှိတွေရဲ့ ဝေဖန်ချက်တချို့ ဒေသတွင်း မီဒီယာတွေမှာ ဖော်ပြခဲ့ပြီးနောက် အခုလို မစ္စတာ ဘလင်ကန် ခရီးစဉ် ထွက်ပေါ်လာတာပါ။
ဒါ့အပြင် လတ်တလော ထိုးစစ်အခြေအနေကိုလည်း ထောက်ပြထားပါတယ်။
အခု မစ္စတာ ဘလင်ကန်ရဲ့ နှစ်ရက်တာ ခရီးစဉ်အတွင်း အမေရိကန်က ယူကရိန်းကို ဒေါ်လာ သန်းတထောင်ဖိုး ကူညီမယ့် အစီအစဉ်ကိုလည်း ကြေညာသွားဖွယ် ရှိပါတယ်။
အမေရိကန်ဟာ ယူကရိန်းကို ကူညီပေးနေတာ ဒေါ်လာ ၄၃ ဘီလီယံခန့် ရှိလာပြီး ဒီအကူအညီတွေဟာ အများအားဖြင့် စစ်ရေးအတွက် ဖြစ်ပါတယ်။
မစ္စတာ ဘလင်ကန်ဟာ အခု ခရီးစဉ်မှာ ယူကရိန်း သမ္မတ ဗလော်ဒီမီယာ ဇယ်လန်းစကီး အပြင် တခြား ထိပ်တန်း အရာရှိတွေနဲ့လည်း တွေ့ဆုံသွားဖွယ် ရှိပါတယ်။
အငြင်းပွားနယ်မြေတွေကို တရုတ်ပိုင်အဖြစ်ဖော်ပြတဲ့ မြေပုံကို ဆန့်ကျင်
တောင်ကိုရီးယားဟာ အရှေ့တောင် အာရှနဲ့ ပစ္စဖိတ် ဒေသတလွှားမှာ ရေကြောင်းလုံခြုံရေး အကူအညီပေးဖို့ အတွက် ဂျပန်၊အမေရိကန် တို့နဲ့ မဟာမိတ် အဖွဲ့သစ် တည်ထောင်သွားမယ်လို့ သမ္မတ ယွန်းဆွတ်ယိုးက အာစီယံ ညီလာခံမှာ ပြောကြားလိုက်ပါတယ်။
တရုတ်က အသစ် ထုတ်ပြန်လိုက်တဲ့ မြေပုံကြောင့် သူ့အိမ်နီးချင်း နိုင်ငံတွေ ဒေါသထွက်မှု ဖြစ်ခဲ့ပြီးနောက်ပိုင်းမှာ သူ့ပြောကြားချက် ထွက်ပေါ်လာတာပါ။
တရုတ်ရဲ့ မြေပုံအသစ်မှာ တောင်တရုတ်ပင်လယ်က အငြင်းပွားနေတဲ့ ကျွန်းတွေကို သူတို့ပိုင်အဖြစ် ထည့်သွင်း ဖော်ပြထားတာ ဖြစ်ပါတယ်။
ဂျာကာတာမှာ ကျင်းပနေတဲ့ အာဆီယံ အစည်းအဝေး တက်နေတဲ့ တရုတ်ဝန်ကြီးချုပ် လီချန်း ကတော့ တရုတ်အစိုးရဟာ ဒေသတွင်း ငြိမ်းချမ်းမှုရဖို့ ဘုံသဘောတူချက်ရှာနေတယ်လို့ ဆိုပါတယ်။
တရုတ်မြေပုံသစ်ကို ဂျပန်က ဝေဖန်တဲ့အပေါ် တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း ပယ်ချထားပါတယ်။
အရှေ့တရုတ်ပင်လယ်က ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ကျွန်းတွေကို တရုတ်က သူ့ပိုင်နက်ထဲ ထည့်ထားတဲ့အတွက် ဂျပန်က ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။