ယူကရိန်းစစ်ပြေငြိမ်းရေး တရုတ်က ဘာလို့ မျက်နှာကောင်းဝင်ယူဖို့ လုပ်လာတာလဲ

လက်ရှိ ယူကရိန်းကို ရုရှားက ကျူးကျော်တဲ့ စစ်ပွဲကာလ တနှစ်ကျော်လာချိန်မှာ ဒီကာလတလျှောက် အနောက်နိုင်ငံတွေက ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးမှာ တရုတ်ပါဝင်လာဖို့ ဆွဲဆောင်နေခဲ့ကြတာ ဖြစ်ပါတယ်။

အခုလို အနောက်နိုင်ငံတွေရဲ့ ဆွဲဆောင်နေမှုတွေကို အခု တရုတ်က ရှင်းရှင်းလင်းလင်း တုံ့ပြန်လိုက်ပြီ ဖြစ်ပေမဲ့အနောက်နိုင်ငံအများစု လက်မခံချင်တဲ့ တုံ့ပြန်မှုမျိုးလည်း ဖြစ်နေတာကို တွေ့ရပါတယ်။

တရုတ်နိုင်ငံဟာ ယူကရိန်းစစ်ပွဲနဲ့ ပတ်သက်တဲ့ သူတို့ရဲ့ ဖြေရှင်းနည်းဆိုင်ရာ ကြေညာချက်ကိုသာမက ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ သူတို့ရဲ့ စီမံချက်ကိုပါ နိုင်ငံတကာကို ချပြခဲ့တာ ဖြစ်ပါတယ်။

ယူကရိန်းသမ္မတ ဗလိုဒီမီယာ ဇလန်းစကီး ကိုယ်တိုင်ကလည်း တရုတ်ဘက်က အခုလို အဆိုပြုချက်တွေ ထွက်လာတာဟာ ငြိမ်းချမ်းရေး အဖြေရှာလိုကြောင်း အချက်ပြမှု ဖြစ်တဲ့အတွက် တရုတ်သမ္မတ ရှီကျင့်ဖျင် ကိုယ်တိုင်နဲ့ တွေ့ဆုံ ဆွေးနွေးချင်ကြောင်း ထုတ်ပြောလာခဲ့ပါတယ်။

တရုတ်က ယူကရိန်းအရေးမှာ နိုင်ငံတကာကို ဘယ်လိုစပြီး တုံ့ပြန်လာခဲ့သလဲ

တရုတ်နိုင်ငံက အနောက်နိုင်ငံတွေရဲ့ ယူကရိန်းအရေး ပါဝင်ဖို့ ကမ်းလှမ်းချက် တုံ့ပြန်မှုကို ရဲရဲတင်းတင်းလုပ်ရာမှာ တရုတ်နိုင်ငံခြားရေးရာကော်မရှင်ရဲ့ ဒါရိုက်တာ ဝမ်ရီရဲ့ ဥရောပ ခရီးစဉ်နဲ့ စတင်ခဲ့ပါတယ်။

မစ္စတာ ဝမ်ရီဟာ ဒီခရီးစဉ်အတွင်းမှာ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်နဲ့ပါ တွေ့ဆုံခဲ့ပြီး မစ္စတာ ပူတင်ရဲ့ နွေးနွေးထွေးထွေး ကြိုဆိုတာကိုပါ ခံခဲ့ရပါတယ်။

တရုတ်ဘက်က ကြေညာခဲ့တဲ့ သူတို့ရဲ့ ယူကရိန်းအရေးနဲ့ ကမ္ဘာ့အရေး ဖြေရှင်းနည်း စီမံချက်တွေထဲမှာ ယူကရိန်းရဲ့ အချုပ်အခြာအာဏာကို လေးစားရမယ် ဆိုတဲ့အချက်၊ ရုရှားက သူ့နိုင်ငံတော်လုံခြုံရေး အကျိုးစီးပွားတွေကို ကာကွယ်ပိုင်ခွင့်ရှိရမယ် ဆိုတဲ့အချက်နဲ့ (အမေရိကန်လုပ်တာကို ရည်ရွယ်တဲ့) တဖက်သတ် စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်မှုတွေကို ဆန့်ကျင်တယ် ဆိုတဲ့ အချက်တွေက အဓိက အချက်တွေ အဖြစ် ပါဝင်ပါတယ်။

အမေရိကန်ရှေ့ဆောင်တဲ့ ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံကို တရုတ်က ဘယ်လိုပြောင်းချင်နေသလဲ

တရုတ်က အခုလို ယူကရိန်းအပါအဝင် ကမ္ဘာ့ငြိမ်းချမ်းရေး ခေါင်းစဉ်တပ်တဲ့ ကြေညာချက်တွေ ထုတ်လာတာဟာ ကမ္ဘာ့ငြိမ်းချမ်းရေး ဖော်ဆောင်သူအဖြစ် ပုံဖော်လိုတဲ့အတွက် ဖြစ်ကြောင်းကတော့ သိသာလှပါတယ်။

တရုတ်ရဲ့ ကြေညာချက်ထဲမှာ အရှေ့တောင်အာရှ၊ အာဖရိကနဲ့ တောင်အမေရိကဒေသတွေကို တခုတ်တရ ဖော်ပြထားတဲ့အတွက် ကမ္ဘာ့မြောက်ခြမ်းနိုင်ငံတွေနဲ့ ယှဉ်ရင် ဖွံ့ဖြိုးမှုနည်းတဲ့ ကမ္ဘာ့တောင်ခြမ်းနိုင်ငံတွေကို သူ့ဘက်ပါအောင် ဆွဲဆောင်လိုကြောင်းကလည်း ထင်ရှားနေပါတယ်။

ဒီလို ဆွဲဆောင်ရာမှာ အမေရိကန်ရှေ့ဆောင်တဲ့ ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံ အနေအထားကို တရုတ်ရှုထောင့်နဲ့ ပုံစံပြောင်းပြ ဆွဲဆောင်တာ ဖြစ်ပြီး အနောက်အုပ်စုမှ အပဖြစ်တဲ့ ကမ္ဘာတဝန်းက နိုင်ငံတွေကလည်း အနောက်နိုင်ငံတွေက ယူကရိန်းအရေးကို ဘယ်လို ဖြေရှင်းမလဲ စောင့်ကြည်နေတယ်ဆိုတာကို တရုတ်က သဘောပေါက်ထားပါတယ်။

တရုတ်က နိုင်ငံတကာ အသိုင်းအဝိုင်းကို ဘယ်လို သတင်းစကားတွေ ပေးချင်နေတာလဲ

ကနဦး သုံးသပ်ကြည့်လို့ ရသမျှ တရုတ်ရဲ့ ရည်ရွယ်ချက်ကတော့ သူတို့နဲ့ လတ်တလော သူလျှိုမိုးပျံပူပေါင်းကိစ္စနဲ့ ဆက်ဆံရေး တင်းမာထားတဲ့ အမေရိကန်အနေနဲ့ တရုတ်က ရုရှားနဲ့ ပေါင်းချင် ပေါင်းလိုက်လို့ ရတယ်ဆိုတဲ့အချက်ကို အမေရိကန်ကို အသိပေးခြင်း တမျိုးပဲ လို့လည်း ဆိုနိုင်ပါတယ်။

အခုလို သုံးသပ်ထားသူကတော့ သြစတြေးလျနိုင်ငံ နယူးဆောက်ဝေးလ်စ် တက္ကသိုလ်က တရုတ်-ရုရှား ဆက်ဆံရေး ကျွမ်းကျင်သူ အလက်ဇန်းဒါး ကိုရိုလက်ဗ် ဖြစ်ပါတယ်။

တရုတ်နိုင်ငံခြားရေးရာကော်မရှင် ဒါရိုက်တာ ဝမ်ရီဟာ သူ့ရဲ့ ဥရောပခရီးစဉ်အတွင်းမှာ ပြင်သစ်၊ ဂျာမနီ၊ အီတလီနဲ့ ဟန်ဂေရီတို့လို ရုရှားကို တခြား ဥရောပနိုင်ငံတွေလောက် တင်းတင်းမာမာ မဆက်ဆံတဲ့ နိုင်ငံတွေကို ရွေးချယ်သွားရောက်ခဲ့တဲ့အတွက် တရုတ်က ဥရောပမှာ သူရွေးပေါင်းလို့ရသူ ရှာတာမျိုးလည်း ဖြစ်နိုင်တယ်လို့ သုံးသပ်ချင်စရာ ရှိနေပါတယ်။

အမေရိကန်ကြီးစိုးတဲ့ ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံမှာ တရုတ်က တကယ်အစားထိုးဝင်ယူနိုင်ရေး ဆွဲဆောင်မှု အောင်မြင်မလား ဆိုတာကတော့ မေးခွန်းထုတ်စရာတွေရှိနေတယ်လို့ German Marshall Fund က တရုတ်-ဥရောပ ဆက်ဆံရေး ဝါရင့်သုတေသီ ဒေါက်တာ အန်ဒရူး စမောက ဆိုပါတယ်။

တရုတ်က သူတို့ဟာ အမေရိကန်နဲ့သာ ပြဿနာတွေ ရှိနေပြီး ဥရောပနဲ့ ပြဿနာမရှိပါဘူးလို့ သဘောရောက်တဲ့ ပြောဆိုမှုတွေနဲ့ ဥရောပက အမေရိကန်နဲ့ ဆက်ပေါင်းနေရင် ပြဿနာတွေ များမယ်လို့ သဘောသက်ရောက်တဲ့ ပြောဆိုမှုတွေ လုပ်နေပေမဲ့ ဒါမျိုးက နည်းနည်း အရှိန်လွန်တဲ့ တွန်းပြောမှု ဖြစ်သွားတာကြောင့် တကယ်တမ်း ဥရောပမှာ လက်ခံသူနည်းမယ်လို့လည်း သူက ဆိုပါတယ်။

ယူကရိန်းအရေးမှာ တရုတ်က ဘယ်လိုပုံစံမျိုးအထိ ပါဝင်ပတ်သက် လာနိုင်သလဲ

အမေရိကန်ဘက်က အပြောအရကတော့ တရုတ်ဟာ ရုရှားကို တိုက်ခိုက်ရေးမှာ သုံးနိုင်တဲ့ သေစေနိုင်တဲ့ လက်နက်တွေ ထောက်ပံ့ပေးဖို့အထိ စဉ်းစားနေတယ်လို့ ဆိုပါတယ်။

တကယ်တမ်းမှာလည်း တရုတ်ကုမ္ပဏီတွေဟာ ရုရှားကို လူသတ်လက်နက်မဟုတ်တဲ့ စစ်ရော အရပ်ဖက်ပါ သုံးနိုင်တဲ့ မောင်းသူမဲ့ယာဉ်နဲ့ လျှပ်စစ်ကိရိယာသုံး တစ်ပိုင်းလျှပ်ကူးပစ္စည်လို နည်းပညာဆိုင်ရာ ပစ္စည်းတွေ ထောက်ပံ့နေပြီးသား ဖြစ်တယ်လို့လည်း အမေရိကန်ဘက်က စွပ်စွဲထားခဲ့ပါတယ်။

မစ္စတာ ဝမ်ရီကတော့ တရုတ်ဟာ ရုရှားကို လက်နက်ထောက်ပံ့မှာ မဟုတ်ဘူးဆိုပြီး ဥရောပကော်မရှင် ဒုဥက္ကဌ ဂျိုးဇက် ဘော်ရဲလ်နဲ့ တွေ့ဆုံချိန်မှာ ရှင်းရှင်းလင်းလင်း ပြောဆိုထားခဲ့တာကို တွေ့ရပါတယ်။

ဒါပေမဲ့လည်း ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေ ကိုယ်တိုင်က ယူကရိန်းကို လက်နက်တွေ ထောက်ပံ့နေချိန်မှာ တရုတ်က ရုရှားကို လက်နက်ထောက်ပံ့မှာကို ဘာလို့ စိုးရိမ်နေရတာလဲ ဆိုပြီး မစ္စတာ ဝမ်ရီက ပြန်လည် မေးခွန်းထုတ်ခဲ့ကြောင်း မစ္စတာ ဘော်ရဲလ်က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

တရုတ်ဟာ ရုရှားကို တကယ်တမ်း လက်နက်အထိ ထောက်ပံ့လာမယ်ဆိုရင် အမေရိကန် မဟာမိတ်တွေကို အမေရိကန်ဘက်ကိုသာ ပိုတွန်းပို့သလို ဖြစ်စေပြီး စီးပွားရေး ပိတ်ဆို့ခံရမှုနဲ့တကွ ကုန်သွယ်ရေး နစ်နာမှုတွေလည်း ဖြစ်လာနိုင်တဲ့အတွက် ရုရှားကို တရုတ်က သွယ်ဝိုက်ထောက်ပံ့မှုသာ ဆက်တိုးပေးနိုင်တယ်လို့ သုံးသပ်သူတွေလည်း ရှိနေပါတယ်။

အခုလို သွယ်ဝိုက် ပံ့ပိုးမှုမျိုးထဲမှာ တရုတ်က ရုရှားနဲ့ ကုန်သွယ်ရေး တိုးမြှင့်တာနဲ့ ရုရှားကို ချမှတ်ထားတဲ့ နိုင်ငံတကာ စီးပွားရေး ဒဏ်ခတ်မှု စည်းကမ်းတွေကို တရုတ်က မလိုက်နာဘဲနေတာမျိုးတွေ ပါဝင်နိုင်ပြီး စစ်ဘက်ရော အရပ်ဘက်ပါ သုံးနိုင်တဲ့ နည်းပညာဆိုင်ရာ ထောက်ပံ့မှုတွေကို တရုတ်က အီရန်နဲ့ မြောက်ကိုရီးယားလို တတိယနိုင်ငံတွေ ခံပြီး ရုရှားကို ပေးတာမျိုး လုပ်နိုင်တယ်လို့လည်း ဒေါက်တာ စမောက သုံးသပ်ထားပါတယ်။