ဒီဇင်ဘာ ၇ ရက် နိုင်ငံတဝန်းသတင်းအနှစ်ချုပ် - စစ်ခေါင်းဆောင်က ဗိုလ်လောင်းသင်တန်းဆင်းတွေကို နိုင်ငံတကာစစ်ပွဲဥပဒေတွေလိုက်နာဖို့ပြော

ဓာတ်ပုံ ရင်းမြစ်, MOI
ပြင်ဦးလွင်စစ်တက္ကသိုလ်သင်တန်းဆင်းပွဲတက်ရောက်ခဲ့တဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သင်တန်းဆင်းဗိုလ်လောင်းတွေကို နိုင်ငံတကာစစ်ပွဲဆိုင်ရာဥပဒေတွေ နဲ့ ထိတွေ့တိုက်ခိုက်တဲ့စည်းမျဉ်းတွေ လိုက်နာဖို့ ပြောပါတယ်။
ဗိုလ်လောင်းသင်တန်းဆင်းတွေကို ရွေးကောက်ပွဲပြန်လည်ကျင်းပပေးမယ်လို့ထည့်ပြောပြီး ရွေးကောက်ပွဲက ထွက်ပေါ်လာတဲ့အစိုးရကို နိုင်ငံတော်တာဝန်များလွှဲအပ်နိုင်ရေး ဆက်လက် လုပ်ဆောင်ရာမှာ ကျရာအခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်သွားကြဖို့ တိုက်တွန်းတယ်လို့လည်း ဆိုပါတယ်။
ဒီဇင်ဘာ ၆ ရက်က စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်း ၆၆ သင်တန်းဆင်းချိန်မှာ ဗိုလ်လောင်းတွေကို ပြောခဲ့တာလို့ စစ်ကောင်စီကထုတ်ပြန်ပါတယ်။
ဒါ့အပြင် ဆန့်ကျင်ဘက်အဖွဲ့အစည်းများနဲ့ လူပုဂ္ဂိုလ် တချို့က တပ်မတော်အပေါ် ပြည်သူလူထုအထင်အမြင်လွဲမှားအောင်လုပ်နေတာကြောင့် တပ်တွင်းစည်းလုံးညီညွတ်ရေးကို ခိုင်မာ အားကောင်းအောင် တည်ဆောက်ဖို့နဲ့ တပ်ပြင်စည်းရုံးရေးကို အောင်မြင်အောင် လုပ်ဆောင်သွားကြဖို့ လိုအပ်တယ်လို့ ပြောတာလည်းတွေ့ရပါတယ်။
တိုက်ပွဲဝင်ရာမှာလည်း တပ်ဖွဲ့ဝင်တွေရဲ့ တိုက်လိုခိုက်လိုစိတ် မြင့်မားစေဖို့အတွက် တပ်မတော်ရဲ့ စိတ်ဓာတ်တွေဖြစ်တဲ့ လှေခွက်ချည်းကျန် အလံမလှဲတဲ့ စိတ်ဓာတ်၊ ပေးအပ်တဲ့တာဝန်အပေါ်မှာတုံးတိုက်တိုက် ကျားကိုက်ကိုက် မဖြစ်မနေအောင်မြင်အောင်လုပ်မယ် ဆိုတဲ့စိတ်ဓာတ်၊ တပ်မတော်ရဲ့အစဉ်အလာကောင်း တွေကို အသက်နဲ့လဲပြီး စောင့်ထိန်းမယ်ဆိုတဲ့ စိတ်ဓာတ်မျိုးရရှိအောင် တည်ဆောက်သွားကြဖို့ ဆိုပြီးလည်း သူကထည့်ပြောပါတယ်။
စစ်ခေါင်းဆောင် ပြင်ဦးလွင်ရောက်နေတဲ့ ကာလမှာ မြို့ဝင်မြို့ထွက်လုံခြုံရေးတင်းကျပ်ထားတာဖြစ်ပါတယ်။
တဖက်မှာလည်း ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံလူ့အခွင့်အရေးအထူးကိုယ်စားလှယ် အပါအဝင် နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တွေက မြန်မာစစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေကို ဒေသ အနှံ့မှာ နေ့စဥ်လုပ်နေတာကြောင့် စစ်တပ်ကိုလေယာဥ်ဆီလမ်းကြောင်းနဲ့ ဝင်ငွေလမ်းကြောင်းတွေကိုပိတ်ဆို့ အရေးယူမှုတွေလုပ်ဖို့ တောင်းဆိုနေကြပါတယ်။
ကုလသမဂ္ဂရဲ့ မြန်မာသံအမတ်ကြီးအဖြစ် ဦးကျော်မိုးထွန်း ဆက်ရှိ

ဓာတ်ပုံ ရင်းမြစ်, Permanent Mission of Myanmar to the United Nations
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ကုလသမဂ္ဂ မှာ နိုင်ငံအလိုက်ကိုယ်စားပြုခွင့်ရဖို့လျှောက်ထားမှုတွေအပေါ် စိစစ်အကဲဖြတ်တဲ့ Credential Committee (အရည်အချင်းစစ်ကော်မတီ) ကနေ နိုင်ငံကိုယ်စားပြုရွေးချယ်ခန့်အပ်ရေးဆုံးဖြတ်နိုင်ဖို့ကို ဆက်ပြီးရွှေ့ဆိုင်းထားတာကြောင့် လက်ရှိကုလရဲ့ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကပဲ ၂၀၂၅ တစ်နှစ်တာအတွက် ဆက်ရှိသွားပါတယ်။
နှစ်စဥ်ကုလသမဂ္ဂအချိန်ဇယားအရ နိုဝင်ဘာလမှာ အရည်အချင်းစစ်ကော်မတီအစည်းအဝေးလုပ်ပြီး နိုင်ငံအလိုက်ကိုယ်စားပြုခွင့်သံအမတ်ကြီးတွေကို ဒီဇင်ဘာလမှာ ဆုံးဖြတ်တာဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံ က ကိုယ်စားလှယ် တင်သွင်းမှု ဟာ NUG နဲ့ စစ်ကောင်စီ ၂ ဖက်လုံးက ရရှိထားတာကြောင့် ရွေးချယ်ခန့်အပ်ရေးကို စဉ်းစားဆုံးဖြတ်နိုင်ရေးကို ရွှေ့ဆိုင်းထားတာဖြစ်ပါတယ်။
ဒါကြောင့် ဆုံးဖြတ်ရေးကိုဆက်ပြီးရွှေ့ဆိုင်းထားတာကြောင့် ဦးကျော်မိုးထွန်းဆက်ရှိတာဖြစ်ပါတယ်။
NUG လူ့အခွင့်အရေးဝန်ကြီးဌာနဝန်ကြီး ဦးအောင်မျိုးမင်းကတော့ စစ်တပ်က ကုလမှာကိုယ်စားပြုဖို့ကြိုးစားနေတာကို ဆက်ပြီးတားဆီးနိုင်ခဲ့ပြီး ပြည်သူ့အောင်ပွဲလို့ သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
"မြန်မာပြည်သူလူထု လိုလားနေတဲ့ တရားမျှတမှု ရရှိဖို့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်ကောင်စီကို အရေးယူနိုင်ရေး ကုလစင်မြင့်ထက်ကနေတဆင့် ဆက်လက်တောင်းဆိုပေးဖို့ တိုက်တွန်းလိုပါတယ်" လို့ စစ်ရာဇဝတ်မှုတွေကို မှတ်တမ်းတင်နေတဲ့ Burma War Crimes Investigation က ဦးဆွေလင်းက ဘီဘီစီကို ပြောပါတယ်။
ဦးကျော်မိုးထွန်းဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက်က ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် / မြန်မာအသံအမတ်ကြီးအဖြစ် ခန့်အပ်ခံရပြီး စစ်အာဏာသိမ်းပြီးနောက်မှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ ပူးတွဲအလုပ်လုပ်နေပါတယ်။
ကုလသမဂ္ဂအစည်းအဝေးတွေမှာ မြန်မာနိုင်ငံမှာ စစ်တပ်က ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေကို တင်ပြနေပြီး ဒီလုပ်ရပ်တွေရပ်တန့်အောင် နိုင်ငံတကာက ဖိအားပေးလုပ်ဆောင်ဖို့ကို တောက်လျှောက် တိုက်တွန်းနေတာတွေ့ရပါတယ်။
စစ်ကောင်စီဘက်ကတော့ အမေရိကန်ပြည်ထောင်စုဆိုင်ရာ မြန်မာသံရုံးက ဦးအောင်သူရိန်ကို ကုလသမဂ္ဂဆိုင်ရာသံအမတ်ကြီးအဖြစ် အတည်ပြုပေးဖို့ အမည်တင်သွင်းနေတာဖြစ်သလို သံအမတ်ကြီးဦးကျော်မိုးထွန်းကို ရာထူးကထုတ်ပြီး နိုင်ငံတော်သစ္စာဖောက်ဖျက်မှုနဲ့ တရားစွဲဆိုထားတာပါ။
ရခိုင်၊ အမ်းအခြေစိုက်စစ်တပ်စခန်း ၃၀ ကျော်အေအေသိမ်းပိုက်ထားပြီး နပခ တစ်ခုသာကျန်

ဓာတ်ပုံ ရင်းမြစ်, AA Info Desk
စစ်တပ်ရဲ့ တပ်ကူအင်အား ၁၀၀ ကျော် သေဆုံးတယ်လို့ ထုတ်ပြန်
တပ်မြို့လို့ခေါ်ကြတဲ့ ရခိုင်ပြည်နယ်၊ အမ်းမြို့သိမ်းတိုက်ပွဲမှာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တစ်ခုသာ သိမ်းဖို့ကျန်တော့ပြီး အမ်းတမြို့လုံးက စစ်တပ်ရဲ့ တပ်ရင်းတွေအပါအဝင် စခန်းပေါင်း ၃၀ ကျော်ကို သိမ်းပိုက်ထားတယ်လို့ အာရက္ခ တပ်တော် အေအေက ဒီဇင်ဘာ ၇ ရက် က ထုတ်ပြန်လာပါတယ်။
အမ်းအခြေစိုက် စစ်တပ်ရဲ့ ခြေမြန်တပ်ရင်း၊ထောက်ပို့တပ် နဲ့ ဆက်သွယ်ရေးတပ်တွေအပါအဝင် အမ်း လေဆိပ်နဲ့ အစိုးရရုံးတွေမှာ အထိုင်ချထားတဲ့ တပ်စခန်းပေါင်း ၃၀ ကျော်ပါဝင်တယ်လို့ဆိုပါတယ်။
အမ်းမြို့သိမ်းတိုက်ပွဲတွေဟာ ၂၀၂၄ စက်တင်ဘာလ နောက်ဆုံးသီတင်းပတ်က အမ်းမြို့နယ်၊ ကျောက်စကွဲကျေးရွာအနီးကနေ စခဲ့တာပါ။ အာရက္ခတပ်တော်က အဲဒီကျေးရွာနဲ့ ၁၀ မိုင်လောက်ပဲဝေးတဲ့ မဲတောင်ဗျူဟာကုန်းစခန်းကို စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
အဲဒီနောက် အမ်းကို စတင်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ နိုဝင်ဘာ ၁၃ ရက်မှာ အေအေက ထုတ်ပြန်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာ အမ်းကိုလက်မလွှတ်ရဖို့ စစ်ကောင်စီက ရခိုင်ရိုးမဘက်ကနေ ရဟတ်ယာဉ်နဲ့စစ်ကူပို့ဆောင်ဖြည့်တင်းနေတယ်လို့ အေအေက ဆိုပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၈ ရက်က အမ်းကိုပို့လာတဲ့ စစ်တပ်ရဲ့ တပ်ကူအင်အား ၁၃၀ ဝန်းကျင်ပါ စစ်ကြောင်းကို အေအေက ဖြတ်တိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၁၁၀ ကျော်သေဆုံးပြီး သုံ့ပန်းတချို့ဖမ်းဆီးရမိတယ်လို့ ဒီနေ့ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
အမ်းကို ရိက္ခာနဲ့ တပ်ကူအင်အားပို့တဲ့ ကုန်းလမ်း အမ်း-ပဒါန်းလမ်းပိုင်းမှာလည်း ပြည်သူ့ကာကွယ်ရေးတပ်တွေက ဖြတ်တိုက်နေတာကြောင့် စစ်တပ်စခန်းရှိတဲ့ကုန်းတွေကို ရဟတ်ယာဥ်သုံးပြီးထောက်ပို့လုပ်နေတာဖြစ်ပါတယ်။
အာရက္ခတပ်တော်အေအေဟာ ရခိုင်ပြည်နယ်ထဲက အမ်းအပြင် တောင်ကုတ်၊ဂွ နဲ့ မောင်တောတို့မှာလည်း ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာ အေအေက မြို့ပေါင်း ၁၆ မြို့ကို သိမ်းထားပြီးဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AA Info Desk
ထိုင်းငါးဖမ်းလှေကနေ မြန်မာစစ်တပ်ဖမ်းထားတဲ့ မြန်မာရေလုပ်သား၂၇ ဦး ပြန်လွတ်ရေး ထိုင်းအလုပ်သမားဝန်ကြီးဌာနကို တောင်းဆိုမယ်

ဓာတ်ပုံ ရင်းမြစ်, Thai Maritime Enforcement Commmand Center Region 3
ထိုင်းငါးဖမ်းလှေကို ဖမ်းဆီးတဲ့အထဲ ပါဝင်ခဲ့တဲ့ မြန်မာရေလုပ်သား ၂၇ ဦးအရေးနဲ့ပတ်သက်ပြီး ထိုင်းအလုပ်သမားဝန်ကြီးဌာနကို မြန်မာရေလုပ်သားအရေး ဆောင်ရွက်နေသူတွေစုပေါင်းပြီး အိတ်ဖွင့်ပေးစာပေးပို့ဖို့ရှိတယ်လို့ ရနောင်းမြို့မှာ ရေလုပ်သားအရေးဆောင်ရွက်နေသူ ကိုရဲသူက ဘီဘီစီကိုပြောပါတယ်။
မြန်မာစစ်တပ်ဘက်က ထိုင်းနိုင်ငံသား ရေလုပ်သား ၄ ဦးကို ပြန်လွှဲပေးခဲ့ပေမဲ့ မြန်မာရေလုပ်သားတွေကိုတော့ လက်နက်ခဲယမ်းမဟုတ်တဲ့ အကြမ်းဖက်သံသယနဲ့ စစ်ဆေးနေတယ်လို့ မြန်မာစစ်တပ်က ပြောဆိုတဲ့နောက် စိုးရိမ်စိတ်တွေရှိနေကြတာပါ။
"လာမယ့် ၁၃ရက်မှာ ရနောင်းကို အလုပ်သမားဝန်ကြီးဌာနက အလုပ်သမားရုံးတွေကို လာစစ်ဆေးမယ် လို့သိရတယ်။ အဲ့ဒီနေ့မှာ ဒီရေလုပ်သား၂၇ယောက်အတွက် ဘယ်လိုတာဝန်ယူမလဲဆိုတာ အကြောင်းအရာကို အခြေခံပြီး အိတ်ဖွင့်ပေးစာပို့မှာပါ"လို့ ကိုရဲသူ ကပြောပါတယ်။
ကော့သောင်းမြို့နယ်၊သံကျွန်းအနီးကို နိုဝင်ဘာ ၂၉ ရက်က နယ်ကျော်လာတယ်ဆိုပြီး ထိုင်းငါးဖမ်းလှေကို မြန်မာရေတပ် ကပစ်ခတ်ဖမ်းဆီးခဲ့တာပါ။
နယ်ကျော်ထိုင်းငါးဖမ်းလှေတွေကို မြန်မာဘက်က ဖမ်းဆီးရင် နှစ်နိုင်ငံချစ်ကြည်ရေးအတွက် ထိုင်းနိုင်ငံသား တွေကိုပြန်လွှတ်ပေးပေမဲ့ လှေပေါ်မှာ အများဆုံးအလုပ်လုပ်နေတဲ့ မြန်မာရေလုပ်သားတွေကို ဖမ်းဆီးထောင် ချတဲ့ ဖြစ်စဉ်တွေက အရင်ကတည်းကရှိခဲ့တာပါ။
"ဒီရေလုပ်သားတွေထောင်ကျတဲ့သက်တမ်းတလျှောက် ထိုင်းဘက်က ကျန်ရစ် တဲ့မိသားစုကို ထောက်ပံ့တာမျိုး လုပ်ရမဲ့ တာဝန်ရှိပါတယ်။ ဒါကိုလည်းမေးခွန်းထုတ်သွားမှာပါ"လို့ ကိုရဲသူကပြောပါတယ်။
မြန်မာရေတပ်က ပစ်ခတ်ဖမ်းဆီးခဲ့တဲ့ လှေပေါ်ပါ ထိုင်းနိုင်ငံသားတွေပြန်လွှတ်ရေး ထိုင်းအစိုးရနဲ့စစ်တပ်ဘက် ကမြန်မာစစ်ကောင်စီကိုဖိအားပေးခဲ့ပေမဲ့ မြန်မာရေလုပ်သားတွေအရေးကိုထည့်သွင်းပြောဆိုတာမရှိခဲ့ပါဘူး။
ဘန်ကောက်မြန်မာသံရုံးရဲ့ ပတ်စ်ပို့စာအုပ်တွေသက်တမ်းတိုးရေးထုတ်ပြန်ချက် ဝေဖန်မှုတွေရှိနေ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ထိုင်းနိုင်ငံထဲ ယာယီနေထိုင်အလုပ်လုပ်ကိုင်ခွင့်ရဖို့အတွက် လက်ဝယ်ရှိရမယ့် မြန်မာအလုပ်သမား တွေရဲ့ မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံအထောက်အထားစာအုပ်( CI) နဲ့ နိုင်ငံကူးလက်မှတ် (ပတ်ပို့စ် ) စာအုပ်တွေကို သက်တမ်း ၂ နှစ်ခွဲအလိုမှာ သက်တမ်းတိုးရမယ်လို့ ဘန်ကောက်မြို့မြန်မာသံရုံး ဒီနေ့ ဒီဇင်ဘာ ၇ ရက်မှာ ထုတ်ပြန်ပါတယ်။
ထိုင်းလုပ်သားအရေးဆောင်ရွက်သူတွေနဲ့ ထိုင်းရောက်မြန်မာအလုပ်သမားအများစုကတော့ မြန်မာသံရုံးရဲ့ ထုတ်ပြန်ချက်ဟာ လုပ်ဖို့မလိုတဲ့လုပ်ငန်းစဥ်အတွက် လုပ်သားတွေဆီက ငွေကြေးတောင်းခံမှုသက်သက်ဖြစ်တယ်လို့ ဝေဖန်နေကြပါတယ်။
"ထိုင်းလဝကမှာ ဗီဇာသက်တမ်းတိုးရင် ပတ်စ်ပို့သက်တမ်းတစ်လလောက်ကျန်ရင်တောင် တိုးလို့ရတယ်။ အနည်းဆုံး ၆ မှာသက်တမ်းတိုးခိုင်းရင်တောင်လက်ခံတယ်။ အခုက မြန်မာသံရုံး က အခွန်လိုချင်လို့ သက်တမ်း ၂နှစ်ကျော်လောက်ကျန်တာကို အတင်းတိုးခိုင်းနေတာလို့ပဲ ပြောချင်တယ်" လို့ ထိုင်းရောက်မြန်မာရွှေ့ပြောင်းအလုပ်သမားအရေးဆောင်ရွက်နေသူ ကိုရဲမင်းက ဘီဘီစီကိုပြောပါတယ်။
ဒါပေမဲ့ မြန်မာသံရုံးရဲ့ထုတ်ပြန်ချက်မှာလည်း ရှင်းရှင်းလင်းလင်းပြောထားတာမရှိဘဲ သက်တမ်းကုန်ခါနီးစာအုပ်တွေကို ထိုင်းဌာနဆိုင်ရာတွေကလက်ခံရင်တော့ ယာယီနေထိုင်အလုပ်လုပ်ကိုင်ခွင့် ကိုထိုင်းဘက်ခြမ်းမှာတိုးထားပြီး စာအုပ်သက်တမ်းကုန်ရင် ဘန်ကောက်မြန်မာသံရုံး နဲ့ ချင်းမိုင် မြန်မာကောင်စစ်ဝန်ရုံးမှာ စာအုပ်အသစ်ပြုလုပ်ဖို့ ဆိုပြီးလည်း ဖော်ပြထားပါတယ်။
ထိုင်းနိုင်ငံအတွင်း ရွှေ့ပြောင်းအလုပ်သားတွေရဲ့ ယာယီနေထိုင်အလုပ်လုပ်ကိုင်ခွင့်သက်တမ်းတိုးကုန်ကျစရိတ် ဟာ ဘတ် ၅၀၀၀ ကျော်သာရှိပေမဲ့ ပြင်ပမှာ ဘတ် ၈၀၀၀ ကနေ ၁၀၀၀၀ ဝန်းကျင်
ပေးချေနေရတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက သက်တမ်းတိုးကုန်ကျစရိတ်မှာ မြန်မာသံရုံးစလစ်ကြေး နဲ့ အခွန် ၂ ရာခိုင်နှုန်းပေးဆောင်ရတာအပါအဝင် အလုပ်ရှင်တွေက ကိုယ်တိုင်တိုးပေးမယ်ဆိုပြီး ငွေကြေးပိုတောင်းတာတွေကြောင့် တစ်ဦးကို ဘတ် ၉၀၀၀ ဝန်းကျင်ကနေ ဘတ် ၁၃၀၀၀ ဝန်းကျင်အထိ ဈေးပေါက်တဲ့အပေါ် ထိုင်းစက်ရုံတွေထဲမှာ မြန်မာအလုပ်သမားတွေ ဘက်က ဆန့်ကျင်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ဒီသတင်းတွေကြောင့် စလစ်ကြေးနဲ့ အခွန်ကောက်ခံတာမရှိဘူးလို့ ဘန်ကောက်မြန်မာသံရုံးက ဒီဇင်ဘာ ၆ ရက်မှာ ထုတ်ပြန်အပြီးမှာ ဒီကနေ့ ဒီဇင်ဘာ ၇ ရက်မှာ ကုန်ကျစရိတ် တွေ ပြောင်းလဲသွားပေမဲ့ သံရုံးကနေ အခုလို CI နဲ့ နိုင်ငံကူးလက်မှတ်တွေ သက်တမ်းတိုးဖို့ ထပ်ထုတ်ပြန်လာ တာပါ။











