ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တရုတ်ရဲ့ "ဆွဲဆောင်စည်းရုံးမှု ထိုးစစ်"က အရှေ့တောင်အာရှကို အသွင်ပြောင်းလာနိုင်လား
ချန်ယန်း၊ ဂျွိုက်စ် လီ၊ သောင်လေ၊ ဒုခ်ဟာ
ဘီဘီစီ တရုတ်ဌာနနဲ့ ဗီယက်နမ် ဌာန
၂၀၁၇ ခုနှစ်တုန်းက ထရမ့် ၁.၀ သွင်းကုန်စည်းကြပ်ခွန်တွေ တိုးလို့ တရုတ် ထိခိုက်ခဲ့တဲ့ အချိန်မှာ "တရုတ် အပေါင်း တစ်" ခွဲဖြန့်ထုတ်ခြင်းအစီအစဥ်ကနေ အရှေ့တောင်အာရှဟာ အကျိုးစီးပွားတွေ ရရှိခဲ့ပါတယ်။
ဆိုလိုတာကတော့ ကုန်ထုတ်လုပ်သူတွေဟာ ဗီယက်နမ်၊ ကမ္ဘောဒီးယားနဲ့ တရုတ်ရဲ့ အိမ်နီးချင်းနိုင်ငံတွေကို ရွှေ့ပြောင်းသွားခဲ့ပြီး တရုတ်နဲ့ ထိတွေ့မှုကို လျှော့ချခဲ့သလို တရုတ်နဲ့ ခွဲခွာရေးလုပ်ဖို့ အမေရိကန်ရဲ့ ရည်မှန်းချက်ကိုလည်း ထောက်ခံရာ ရောက်ခဲ့ပါတယ်။
အခု ထရမ့် ၂.၀ က တင်သွင်းခွန်တွေ တိုးပြန်ပါပြီ။ ဒီတခါတော့ ဗီယက်နမ်၊ ကမ္ဘောဒီးယားတို့က သွင်းကုန်စည်းကြပ်ခွန် ၄၆% နဲ့ ၄၉% အသီးသီးနဲ့ နှုန်းအမြင့်ကြီး ထိပါတယ်။
အင်ဒိုနီးရှားက ၃၂%၊ မလေးရှားက ၂၄% ပါ။ ဒီနှုန်းတွေကို ဆိုင်းငံ့ပေးထားတာကလည်း ရက် ၉၀ ရယ်ပါ။ ဒီနိုင်ငံတွေဟာ အခုတော့ "အခွန်ရှောင်လွှဲသူတွေ" အဖြစ် အမေရိကန်ရဲ့ တံဆိပ်တပ်ခြင်းကို ခံနေရပါတယ်။
ဒီလိုကာလမှာ တရုတ်က ကြိုတင်တွက်ချက်ထားတဲ့ "ဆွဲဆောင်စည်းရုံးမှု ထိုးစစ်" တရပ်ကို ဖော်ဆောင်လိုက်ပါတယ်။
တရုတ် သမ္မတ ရှီက ဒေသတွင်းမှာ ခရီးလှည့်လည်သွားရင်း နိုင်ငံတွေကို "ကိုယ်ကျိုးစီးပွား ကာကွယ်ရေးဝါဒကို ပူးပေါင်း ခုခံကြပါစို့" လို့ ပြောဆိုကာ အင်ဒိုနီးရှားဆီက တင်သွင်းမှုတွေကို သူတို့ မြှင့်တင်ပေးမယ်လို့ ကတိပြုခဲ့ပါတယ်။
အခုလို လှိုင်းထန်နေတဲ့ အချိန်မှာ သူတို့ဟာ "စီးပွားရေး ဂလိုဘယ်လိုက်ဇေးရှင်းနဲ့ လွတ်လပ်စွာ ကုန်သွယ်ရေးကို ကာကွယ်သူ" ဖြစ်ကြောင်း တရုတ်က သူ့ကိုယ်သူ ပုံဖော်ပါတယ်။
စင်ကာပူ အမျိုးသား တက္ကသိုလ်က တွဲဖက် ပါမောက္ခ အီယန် ချောင်က "အရှေ့တောင်အာရှဟာ အမေရိကန်နဲ့ တရုတ်ကြားမှာ ထိန်းညှိလုပ်ဆောင်ကြရင်း ဘယ်ဘက်မှာမှ မပါတဲ့ ကြားလူ အဖြစ်နေခဲ့ကြတာပါ။ အခုတော့ ဒေသတွင်းနိုင်ငံတွေက တရုတ်ဘက်ကို ပိုနီးကပ်လာပါတယ်'' လို့ ဘီဘီစီ တရုတ် ဌာနကို ပြောပါတယ်။
ထရမ့်ရဲ့ အပြုအမူက အမေရိကန်အပေါ် ယုံကြည်လေးစားကြမှုတွေကို အများကြီး ထိခိုက်စေခဲ့ပါတယ်။ ဒါကြောင့် ဘာမှတောင် လုပ်စရာမလိုဘဲ ရှီက သိက္ခာပိုတက်လာတယ် လို့ သူက ပြောပါတယ်။
"ဒါပေမဲ့ တရုတ်က ဘယ်လောက် အားထားရမလဲ ဆိုတဲ့ အမေးက ရှိနေပါတယ်။ အရှေ့တောင်အာရှ နိုင်ငံတွေ အနေနဲ့ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ တရုတ် စျေးကွက်ကို လိုအပ်နေပါတယ်၊ ရှီက ကတိပြုတာလည်း အများကြီးပါ။ ဒါပေမဲ့ သူ့ ပြည်တွင်းမှာ ရှိနေတဲ့ စိန်ခေါ်ချက်တွေနဲ့ စီးပွားရေး ကျဆင်းမှုတို့ကြောင့် တရုတ်က တကယ် လုပ်ပေးနိုင်ပါ့မလား" လို့ ပါမောက္ခ ချောင်က ဆိုပါတယ်။
အပြန်အလှန် မှီခိုနေရတဲ့ စီးပွားရေး
စုစုပေါင်း လူဦးရေ ၆၈၀ သန်းရှိပြီး ကမ္ဘာမှာ ပဉ္စမအကြီးဆုံး စီးပွားရေးအသိုက်အဝန်းရှိတဲ့ အာဆီယံဟာ ကမ္ဘာ့ထောက်ပံ့ရေး ကွင်းဆက်မှာ အရေးပါ ပါတယ်။
အင်တဲလ်ကုမ္ပဏီအတွက် ဆီမီးကွန်ဒတ်တာတွေ၊ ဆမ်ဆောင်းအတွက် စမတ်ဖုန်းတွေ၊ နိုက်ခ် အတွက် ဖိနပ်တွေ ဒီဒေသတွင်းမှာ ထုတ်လုပ်ပါတယ်။
အမေရိကန် - တရုတ် ကုန်သွယ်ရေးစစ် ပထမအကြိမ်ဖြစ်ကတည်းက ကုန်ထုတ်လုပ်ရေး ရင်းနှီးမြှုပ်နှံမှုအများအပြားကို ဒီဒေသက ဆွဲဆောင်နိုင်ခဲ့ပါတယ်။
"အရှေ့တောင်အာရှစီးပွားရေးအနေနဲ့ တရုတ်ဟာ ပြိုင်ဖက်လည်းဖြစ်သလို၊ မိတ်ဖက်လည်း ဖြစ်ပါတယ်" လို့ သြစတြေးလျနိုင်ငံ လိုဝီ အင်စတီကျုက အရှေ့တောင်အာရှ အစီအစဥ် ဒါရိုက်တာ ဆူဇန်နာ ပက်တန်က ပြောပါတယ်။
၂၀၁၈ ကနေ ၂၀၂၂ အတွင်း အာဆီယံရဲ့ ထုတ်လုပ်မှု လုပ်ငန်း ၂၅% က အမေရိကန် ကုမ္ပဏီတွေပါ။ ဂျပန်က ၁၁% ၊ ဥရောပ သမဂ္ဂက ၁၀% လောက်သာ ရှိပါတယ်။
တရုတ်က ရုတ်တရက် တက်လာပေမဲ့ ၈% သာရှိခဲ့တာပါ။
ကျွမ်းကျင်သူ တချို့က တရုတ်နဲ့ ဆိုင်တဲ့ ပမာဏက ဒီထက်များနိုင်တယ်၊ ဘာ့ကြောင့်လဲ ဆိုတော့ ဟောင်ကောင်နဲ့ တရုတ်နိုင်ငံ ပြင်ပ အခြေစိုက် တရုတ်ကုမ္ပဏီတွေကလည်း ရင်းနှီးမြှုပ်နှံနိုင်တယ်လို့ ဆိုပါတယ်။
အမေရိကန် တင်သွင်းခွန် အသစ်က "တရုတ် အပေါင်း တစ်" ဗျူဟာကို ခြိမ်းခြောက်လာနေတော့ အာဆီယံ နိုင်ငံတွေ အနေနဲ့ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ တိုးများလာမှာကို လိုချင်ပါတယ်။
ဒါပေမဲ့ တရုတ် ရင်ဆိုင်နေရတဲ့ စီးပွားရေး စိန်ခေါ်ချက်တွေက ဒီမျှော်လင့်ချက်တွေကို မှေးမှိန်သွားစေခဲ့ပါတယ်။
၂၀၂၄ မှာ တရုတ် ဆိုလာ ကုမ္ပဏီတွေ အနေနဲ့ အရှေ့တောင်အာရှမှာ ရင်းနှီးမြှုပ်နှံမှုမျိုးကို လျှော့ချထားရပါတယ်။ ကားလုပ်ငန်းနဲ့ စားသုံးကုန် ကဏ္ဍတွေ မှာလည်း ဒီအတိုင်းပါပဲ။
ဘေဂျင်း အနေနဲ့ စီးပွားရေး တိုးတက်မှုနှုန်း အားပျော့လာချိန်၊ အလုပ်လက်မဲ့တွေ တိုးလာချိန်မှာ ပြည်တွင်းက ထုတ်လုပ်ရေး အလုပ်တွေကို ထိန်းထားရမှာ ဖြစ်ပြီး ပြည်ပကို သွားပြီး ရင်းနှီးမြှုပ်နှံကြမှာကို ထပ်တင်းကျပ်မှာပါ။
စိတ်ကောင်းစေတနာရှိကြောင်းပြတဲ့ တရုတ်ရဲ့ ဒီပလိုမေစီ
စီးပွားရေးပိုင်းရဲ့ အပြင်မှာတော့ ပထဝီနိုင်ငံရေး တင်းမာမှုတွေက ဆက်ပြီး ရှိနေဆဲပါ။
"တရုတ်နဲ့ အာဆီယံနိုင်ငံတွေက အိမ်နီးချင်းတွေပါ၊ ဒါကြောင့်မို့ တနိုင်ငံနဲ့ တနိုင်ငံ ဆက်စပ်မှီခိုနေကြပါတယ်၊ ဒါပေမဲ့ ပွတ်တိုက်မှုတွေလည်း အများကြီး ရှိပါတယ်" လို့ ပါမောက္ခ အီယန် ချောင်က ရှင်းပြပါတယ်။
နယ်မြေပိုင်ဆိုင်မှု အငြင်းပွားကြတာတွေ၊ အထူးသဖြင့် တောင် တရုတ်ပင်လယ် အတွင်း တရုတ်နဲ့ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မလေးရှားတို့ ပိုင်ဆိုင်မှု အငြင်းပွားကြတာတွေက တနိုင်ငံနဲ့ တနိုင်ငံကြား ဟ နေတာတွေကို အထင်အရှားပြသနေပါတယ်။
အာဆီယံနိုင်ငံတွေမှာ နေထိုင်ကြတဲ့ တရုတ် လူမှုအသိုင်းအဝိုင်းကို ဘေဂျင်းက စည်းရုံးနေတာကိုလည်း အာဆီယံနိုင်ငံတွေက သံသယနဲ့ ကြည့်နေတာပါ။
မွတ်စလင်အများအပြားနေထိုင်တဲ့ အင်ဒိုနီးရှား၊ မလေးရှား စတဲ့နိုင်ငံတွေကလည်း တရုတ် ရှင်ကျန်းပြည်နယ်က ဝိဂါ မွတ်စလင်တွေ အပေါ် တရုတ်ရဲ့ ပြုမူနေပုံတွေကို စောင့်ကြည့်ပြီး မကျေနပ်စရာ အဖြစ် မြင်ထားကြတာပါ။
ထိုင်ဝမ်ရေလက်ကြားနဲ့ တောင်တရုတ်ပင်လယ်တို့မှာ တင်းမာမှုတွေ တိုးလာနေတဲ့ အရေးက အဲဒီနေရာတွေကို အဓိက ကုန်သွယ်လမ်းကြောင်းအဖြစ် အားထားကြတဲ့ အရှေ့တောင်အာရှအဖို့ ပိုပြီး မသက်မသာ ဖြစ်လာစေပါတယ်။
အဲဒီနေရာတွေမှာ ပဋိပက္ခဖြစ်ရင် ကမ္ဘာ့ ထောက်ပံ့ရေး ကွင်းဆက်လည်း ထိခိုက်လာမှာဖြစ်သလို အာဆီယံ စီးပွားရေးတွေကို အကြီးအမား ဆိုးကျိုးဖြစ်စေမှာပါ။
"အရှေ့တောင်အာရှ နိုင်ငံတွေက တရုတ်နဲ့ ဆက်ဆံဆောင်ရွက်ရင် သတိထားနေဆဲပါ" လို့ ချောင်က ပြောပါတယ်။
"တရုတ်ရဲ့ စစ်ရေး ဆောင်ရွက်ချက်တွေက သူတို့ရဲ့ တည်ငြိမ်မှုနဲ့ ဓနပိုင်ဆိုင်မှုကို အန္တရာယ်များစေတယ်လို့ မြင်ကြတယ်" လို့ သူက ပြောပါတယ်။
တရုတ်ကလည်း ဒေသတွင်းအရေးတွေကို သတိထားပါတယ်။ ဗီယက်နမ်ကိုရောက်စဥ် ရှီက ကိုလိုနီစနစ်ကို အတူကျော်ဖြတ် ရုန်းကန်ခဲ့ကြတာကို အသားပေးပြောခဲ့ပြီး ထိလွယ်ရှလွယ် အရေးဖြစ်တဲ့ ၁၉၇၉ တရုတ် - ဗီယက်နမ်စစ်ပွဲတို့၊ တောင်တရုတ်ပင်လယ်တွင်း အငြင်းပွားမှုတို့ကို မပြောဘဲ ရှောင်ခဲ့ပါတယ်။
"ဖိလစ်ပိုင်ကို တရုတ်က အမာလိုင်းနဲ့ ချဥ်းကပ်ပေမဲ့ ဗီယက်နမ်ကိုတော့ နှိုင်းယှဉ်မှုအရ ပျော့ပြောင်းတဲ့နည်းကို သုံးတယ်" လို့ သြစတြေးလျ နယူးဆောက်ဝေးလ် တက္ကသိုလ်က ပါမောက္ခ ကားလ် သယာက ပြောပါတယ်။
ကမ္ဘောဒီးယားမှာ နောက်ထပ် သိမ်မွေ့တဲ့ ထိန်းညှိလုပ်ကိုင်မှု တခုကို တွေ့ရပါတယ်။
ရှီ အဲဒီကို သွားလည်စဥ်မှာ တရုတ်ပံ့ပိုးပေးမှုနဲ့ လုပ်နေတဲ့ ကမ္ဘောဒီးယားက ရီယန် ရေတပ်အခြေစိုက်စခန်း ချဲ့ထွင်မှု အကြောင်းကို သိပ်မပြောခဲ့ပါဘူး။
ရှီ ရောက်မလာခင်တုန်းက လုပ်တဲ့ အဲဒီအခြေစိုက် စခန်းဖွင့်ပွဲ အခမ်းအနားမှာလည်း ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်မာနက်က ဒီစခန်းကို ကမ္ဘောဒီးယားရဲ့ ထိန်းချုပ်မှု အောက်မှာပဲ ထားသွားမယ့်အကြောင်း အလေးပေး ပြောသွားတာ တွေ့ရပါတယ်။
ပါမောက္ခ သယာက "ဒီ ညင်သာတဲ့ လုပ်ကိုင်ပုံက တရုတ်ဟာ ဒေသတွင်းမှာ စိတ်ကောင်း စေတနာ ရှိပါတယ်ဆိုတာကို ပြသချင်တာ" လို့ ပြောပါတယ်။
"ရှီ လာမလည်ခင် အခြေစိုက်စခန်း ဖွင့်တဲ့ ဆုံးဖြတ်ချက်က ဂရုပြုစရာပါ။ နိုင်ငံတကာရဲ့စိုးရိမ်မှုကို လျော့ကျစေခဲ့ပါတယ်" လို့ သူကပြောပါတယ်။
ဒေသတွင်း ရပ်တည်ချက်တွေ ပြန်ချိန်ညှိဖို့ လုပ်ဆောင်နေ
တဖက်မှာ တရုတ်က ဒေသတွင်းနိုင်ငံတွေကို ပိုပြီးထိတွေ့ဆက်ဆံဖို့ ကြိုးစားနေပေမဲ့လည်း တချိန်တည်းမှာပဲ "တရုတ်ရဲ့ အကျိုးစီးပွားကို ထိခိုက်မယ့် သဘောတူညီမှုတွေကို တရုတ်အနေနဲ့ အခိုင်အမာ ဆန့်ကျင်သွားမှာဖြစ်တယ်။ တကယ်လို့ လုပ်လာရင် တရုတ်က လက်ခံမှာ မဟုတ်ဘူး၊ ဆန့်ကျင်တုံ့ပြန်သွားမှာ" လို့ ပြောထားပါတယ်။
တင်သွင်းခွန်တွေ လုပ်ပြီးကတည်းက အမေရိကန်ဟာ နိုင်ငံပေါင်း ၇၀ ကျော်နဲ့ ညှိနှိုင်းတာတွေ လုပ်ဖို့ စထားနေပြီလို့ ထရမ့်က ပြောပါတယ်။
ဒါက အရှေ့တောင်အာရှနိုင်ငံတွေထဲက နိုင်ငံ အများအပြားအဖို့ စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရတဲ့ အခြေအနေပါ။
"ထရမ့်ရဲ့ နိုင်ငံတကာ ဥပဒေတွေ၊ လွတ်လပ်တဲ့ ကုန်သွယ်မှုတွေ၊ ဂလိုဘယ်လိုက်ဇေးရှင်းတွေ အပေါ် လျစ်လျူရှုတာတွေကို ဗီယက်နမ်အနေနဲ့ ကာကွယ်နိုင်စွမ်းမရှိပါဘူး။ တချိန်တည်းမှာပဲ ဗီယက်နမ်ဟာ သူ့ ပထဝီမြေပုံကို ပြောင်းလဲပစ်လို့ မရပါဘူး" လို့ နယူးဆောက်ဝေးလ် တက္ကသိုလ်က ကားလ် သယာက ဘီဘီစီ ဗီယက်နမ် ဌာနကို ပြောပါတယ်။
ဗီယက်နမ်ဟာ အရှေ့အလယ်ပိုင်းနဲ့ တောင်အမေရိကက စျေးကွက် အသစ်တွေကိုလည်း ရှာနေတယ်လို့ ပါမောက္ခ သယာက ပြောပါတယ်။
အခွန်စစ်ပွဲမှာ မလေးရှားက အရှေ့တောင်အာရှမှာ နှိုင်းယှဉ်မှုအရ အနိုင်ရသူပါ။ သူက အမေရိကန် တင်သွင်းခွန် ၂၄% ပဲဆိုတော့ သူ့ထက် မြင့်တဲ့နိုင်ငံတွေက သူ့ဆီ လုပ်ငန်းတွေ ရွှေ့လာနိုင်တဲ့ အခြေအနေကို ရထားပါတယ်။
မလေးရှားမှာ တရုတ်လူမှုအသိုင်းအဝိုင်းကလည်း ရှိတာမို့ မလေးရှားကို လုပ်ငန်းတွေ ရွှေ့ဖို့ တရုတ် လူမှုမီဒီယာတွေမှာ အတော် ဆွေးနွေးလာနေပါတယ်။
ထိန်းညှိတဲ့ လုပ်ဆောင်မှု
ဗီယက်နမ်က ဒီလိုအခြေအနေမှာ "ဝါးပင် ဒီပလိုမေစီ - Bamboo Diplomacy" ဆိုတာကို ကျင့်သုံးပါတယ်။
ဒီအသုံးအနှုန်းက အရင် ခေါင်းဆောင် ငွင် ဖိုတန် နိုင်ငံအနေနဲ့ အင်အားကြီးနိုင်ငံတွေကို ချဉ်းကပ်ရင် သုံးစွဲသင့်တဲ့ နည်းနာ ကို ၂၀၁၆ က ဖွင့်ဆိုရာမှာ သုံးခဲ့တာပါ။
ဝါးပင်လိုပဲ ဗီယက်နမ်ဟာ သူ့ရဲ့ အဓိက အကျိုးစီးပွားတွေနဲ့ ပတ်သက်ရင် ခိုင်မာရမယ်၊ ဒါပေမဲ့ တရုတ်နဲ့ အမေရိကန်တို့ဆီက ဖိအားတွေ လာတဲ့အခါမှာ တိမ်းညွတ်ပျော့ပြောင်းနိုင်ရမယ်လို့ ဆိုလိုတာပါ။
"ဗီယက်နမ်က နှစ်ဖက်စလုံးနဲ့ ဆက်ဆံပြီး ဒီလို ထိန်းညှိတဲ့ လုပ်ဆောင်မှုတွေမှာ တကယ့်ကို အောင်မြင်ခဲ့ပါတယ်၊ ဝါးပင် ဒီပလိုမေစီက အာရှထိန်းညှိမှုရဲ့ အမှတ်လက္ခဏာ တခုပါ" လို့ ဒန်နီယယ် ကေ အင်နိုဝေး အာရှ-ပစိဖိတ်စင်တာက ပါမောက္ခ အလက်ဇန်းဒါး အယ်လ် ဘူဘင်းက ပြောပါတယ်။
"ဒါပေမဲ့ ကြိုးတန်းလျှောက် သလို လျှောက်နေရပြီး ကြိုးတန်းကလည်း ပိုသေးလာနေတယ်။ ဗီယက်နမ်က ဒါကို သိပ်မပြင်ဆင်ထားခဲ့ဘူး" လို့ သူက ဆိုပါတယ်။
အင်ဒိုနီးရှားမှာလည်း အလားတူ စိန်ခေါ်မှုတွေ ရှိနေပါတယ်။ ဘယ်ဘက်မှ မလိုက်ဘဲ ကြားနေနိုင်ငံအဖြစ် နေနေပြီး သမ္မတ ပရာဘိုဝို ဆူဘီယမ်တိုက "သူတို့ ငါတို့အတွက် စျေးကွက်တွေ မဖွင့်လည်း ငါတို့ ရှင်သန်နိုင်တယ်၊ ပိုပြီး သန်မာလာမယ်၊ ငါတို့ ခြေထောက်ပေါ် ငါတို့ ရပ်နိုင်တယ်" လို့ ဆိုပါတယ်။
ဒါပေမဲ့ စီးပွားရေးအရ အင်ဒိုနီးရှားက တရုတ်အပေါ် ပိုပြီးမှီခိုလာနေရတော့ အခြေအနေက ရှုပ်ထွေးပါတယ်။
"၂၀၂၄ မှာ တရုတ်ကနေ အင်ဒိုနီးရှားကို တင်သွင်းမှုက ပြီးခဲ့တဲ့ နှစ်ကထက် ၃၃% တက်သွားတယ်" လို့ စီးပွားရေးနဲ့ ဥပဒေလေ့လာရေးစင်တာ (CELIOS) က ဒါရိုက်တာ ဘီမာ ယုဒစ်ရှ်တီရာက ပြောပါတယ်။
"သဘောကတော့ ဘာပဲဖြစ်လာလာ အင်ဒိုနီးရှားဟာ တရုတ်ကို ပိုမှီခိုလာရနိုင်ပြီး တချိန်မှာ (ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်၊ တောင်အာဖရိကတို့ ပါတဲ့) BRICS ကို ပိုနီးသွားနိုင်ပါတယ်" လို့ သူက ပြောပါတယ်။
အမေရိကန်-တရုတ် ဘက်နှစ်ဖက်ကို ကျော်လွန်စဥ်းစားခြင်း
ယေဘုယျအားဖြင့် လက်ရှိအခြေအနေကို ဗျူဟာ ၄ ခုနဲ့ ချဉ်းကပ်ကြတယ်လို့ ပါမောက္ခ သယာက နိဂုံးချုပ်ပါတယ်။
ထိန်းညှိတာ၊ ကြိုးတန်းလမ်းလျှောက်ပြီး ပေါ်နေတဲ့ လမ်းကြောင်းကို လိုက်တာ၊ ကြားနေတာ၊ အကျိုးစီးပွားနဲ့ အညီ တဖက်ကနေ တဖက်ကို ရွှေ့တာ စတဲ့ ဗျူဟာ တွေပါ။
ဖိလစ်ပိုင်ဟာ ထိန်းညှိတဲ့ နည်းကို သုံးတယ်လို့ သူက ဆိုပါတယ်။ သူက ၁၉၅၁ မှာ အမေရိကန် နဲ့ မဟာမိတ်ပြုပြီး ကွန်မြူနစ် တရုတ်ကို ကာကွယ်ခဲ့ပါတယ်။
ပဋိပက္ခကို ရှောင်နိုင်အောင် ဒါမှမဟုတ် ထောက်ခံမှုတွေ ရအောင် အားနည်းတဲ့ နိုင်ငံတွေဟာ အားကောင်းတဲ့ နိုင်ငံတခုကို မဟာမိတ် လုပ်ပါတယ်။ မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတွေ တရုတ်နဲ့ နီးစပ်တာက အရှေ့တောင်အာရှမှာ ထင်ရှားတဲ့ ဥပမာပါ။
မလေးရှားနဲ့ ဗီယက်နမ် ဥပမာတွေကတော့ တချိန်တည်းမှာ အင်အားကြီးနိုင်ငံ အများအပြားကို ဆက်ဆံရေး ထူထောင်ထားပြီး သူတို့ထက်ပိုအင်အားကြီးတဲ့ ပြိုင်ဖက်ကို ထိန်းညှိတဲ့နည်းလို့ ပါမောက္ခ သယာက ဆိုပါတယ်။
အိန္ဒိယနဲ့ အင်ဒိုနီးရှားကတော့ ကြားနေအဖြစ် ကျင့်သုံးပါတယ်။
ထရမ့်ရဲ့ တင်သွင်းခွန်တွေကို ညီညီညွတ်ညွတ် ဆန့်ကျင်ကြဖို့ အာဆီယံက ကြိုးစားခဲ့ပါတယ်။ ဒီနှစ်အတွက် အာဆီယံ ဥက္ကဋ္ဌ ဖြစ်တဲ့ မလေးရှား ဝန်ကြီးချုပ် အန်နဝါ အီဗရာဟင်က သူ့နိုင်ငံဟာ "ဒေသတွင်း ညီညွတ်တဲ့ တပ်ဦးဖြစ်အောင် ကြိုးစားမယ်"လို့ ဆိုသလို "နိုင်ငံတကာ စင်မြင့်မှာ အာဆီယံရဲ့ စုပေါင်း ညီညွတ်တဲ့ အသံကို အသေအချာ ကြားကြရလိမ့်မယ်" လို့ ပြောခဲ့ပါတယ်။
ဟောင်ကောင် အခြေစိုက် အာရှလေ့လာရေးသုတေသနစင်တာက ဒါရိုက်တာ ဒေါက်တာ ပန် နီယမ်က အရင်ဟာတွေထက် ကွဲပြားတဲ့ ဗျူဟာတခု ပေါ်လာနေတာကို တွေ့နေရတယ်လို့ ဆိုပါတယ်။
" အမေရိကန်လား၊ တရုတ်လား ဆိုတာထက် အရှေ့တောင် အာရှနိုင်ငံတွေက အဲဒီထက် ပိုပြီး ကြည့်လာပါပြီ။ သူတို့ဟာ ဒီ နိုင်ငံကြီး ၂ ခုကို စီးပွားရေး မိတ်ဖက်နိုင်ငံတွေအဖြစ် မှီခိုနေရတာကို လျှော့ချပြီး ဥရောပနဲ့ တခြား စျေးကွက်တွေဆီကို ခွဲဖြန့်လာနေကြပါပြီ"