ထိုင်ဝမ်အရေး ရှီနဲ့ ဘိုင်ဒန် အပြန်အလှန် သတိပေး

ဓာတ်ပုံ ရင်းမြစ်, Reuters
အမေရိကန်နဲ့ တရုတ်ခေါင်းဆောင်တို့ နှစ်နာရီကျော်ကြာ တယ်လီဖုန်းနဲ့ ဆွေးနွေးခဲ့ကြရာမှာ ထိုင်ဝမ်အရေးနဲ့ ပတ်သက်ပြီး အပြန်အလှန် သတိပေးခဲ့ကြပါတယ်။
ထိုင်ဝမ်ကျွန်းကို အခြေအနေအပြောင်းအလဲ ဖြစ်စေမယ့် တစ်ဖက်သတ်လုပ်ဆောင်ချက်တွေကို အမေရိကန်က ပြင်းပြင်းထန်ထန် ဆန့်ကျင်တယ်လို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က တရုတ်သမ္မတ ရှီကျင့်ဖျင်ကို ပြောပါတယ်။
ဒါပေမဲ့ ထိုင်ဝမ်အပေါ် အမေရိကန်ရဲ့ မူဝါဒ အပြောင်းအလဲ မရှိဘူးလို့တော့ သူက ပြောပါတယ်။
တရုတ်တစ်နိုင်ငံတည်း မူဝါဒကို လိုက်နာဖို့နဲ့ "မီးနဲ့ကစားသူတိုင်း မီးလောင်လိမ့်မယ်"လို့ မစ္စတာ ဘိုင်ဒန်ကို မစ္စတာရှီက သတိပေးခဲ့ကြောင်း တရုတ်ဘက်က ပြောပါတယ်။
အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီပလိုစီ ထိုင်ဝမ်ကိုလာရောက်မယ်ဆိုတဲ့ သတင်းတွေကြောင့် တင်းမာမှုတွေ ဖြစ်ပေါ်လာပါတယ်။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ မစ္စပလိုစီက ဘယ်ခရီးစဥ်ကိုမှ ကြေညာထားတာ မရှိကြောင်းပြောထားပေမဲ့ သူဒီလို ခရီးစဥ်ကို ဆက်အကောင်အထည်ဖော်ရင် "ပြင်းထန်တဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေ" ရှိလိမ့်မယ်လို့ တရုတ်ဘက်က သတိပေးထားပါတယ်။
ဒီခရီးစဥ်နဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ သီတင်းပတ်မှာ မစ္စတာ ဘိုင်ဒန်က သတင်းထောက်တွေကို "စစ်တပ်ကတော့ ဒါက ကောင်းတဲ့အစီအစဥ် မဟုတ်ဘူးလို့ ထင်တယ်"လို့ ပြောပါတယ်။
ဒါပေမဲ့ ဒီလို ခရီးစဥ်တွေပေါ် တရုတ်ရဲ့ ဆန့်ကျင်တဲ့ ပြောဆိုမှုတွေက "လုံးဝ အထောက်အကူမဖြစ်သလို လိုလည်း မလိုအပ်ဘူး" လို့ ပြောပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဒီခရီးစဥ်ကို သွားရောက်ခဲ့ရင် ဒုသမ္မတပြီးရင် သမ္မတရာထူးဆက်ခံနိုင်တဲ့ ရာထူးရှိတဲ့ မစ္စပလိုစီဟာ ထိုင်ဝမ်ကျွန်းကို ၁၉၉၇ နောက်ပိုင်း လာတဲ့ ရာထူးအမြင့်ဆုံး အမေရိကန် နိုင်ငံရေးသမား ဖြစ်လာနိုင်ပါတယ်။
ကြာသပတေးနဲ့က ဖုန်းခေါ်ဆိုမှုအတွင်း မစ္စတာ ဘိုင်ဒန် နဲ့ မစ္စတာ ရှီတို့ဟာ လူကိုယ်တိုင် တွေ့ဆုံရေး စီစဥ်ဖို့လည်း ဆွေးနွေးခဲ့ကြတယ်လို့ အမေရိကန် အစိုးရ အဆင့်မြင့် အရာရှိ တစ်ဦးက ပြောပါတယ်။
ဒီဆွေးနွေးမှုကိုလည်း "ပွင့်ပွင့်လင်းလင်း" နဲ့ "ရိုးရိုးသားသား" ဆွေးနွေးမှု ဖြစ်တယ်လို့ လည်း ပြောပါတယ်။
မစ္စတာ ဘိုင်ဒန် ဒုသမ္မတ ရာထူးရယူထားစဥ် ၂၀၁၅ မှာ မစ္စတာရှီ အမေရိကန်ကို လာရောက်ချိန်မှာ တွေ့ဆုံဧည့်ခံခဲ့ဖူးပေမဲ့ မစ္စတာဘိုင်ဒန် သမ္မတ ဖြစ်လာပြီးနောက် သူတို့နှစ်ဦး လူချင်း မတွေ့ကြရသေးပါဘူး။
တရုတ်က ထိုင်ဝမ်ကို တရုတ်ရဲ့ ခွဲထွက်ပြည်နယ်အဖြစ် သဘောထားပြီး ပြည်မကြီးရဲ့ အစိတ်အပိုင်း ဖြစ်ရမယ်လို့ မှတ်ယူထားပါတယ်။ ဒါ့အပြင် ဒီလို ဖြစ်လာဖို့ အင်အားသုံးမယ့်အရေးကိုလည်း မပယ်ရှားထားပါဘူး။
တစ်ဖက်မှာလည်း တရုတ်တစ်ပြည်တည်း မူဝါဒအရ အမေရိကန်က ထိုင်ဝမ်အစိုးရကို သံတမန်ရေးအရ အသိအမှတ် မပြုထားပါဘူး။
ဒါပေမဲ့ ဒီမိုကရေစီနည်းအရ ကိုယ်ပိုင်အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ကျွန်း ကိုယ့်ကိုယ်ကိုယ်ကာကွယ်ရေးအတွက် ထိုင်ဝမ်ကို အမေရိကန်က လက်နက်တွေတော့ ရောင်းပါတယ်။
အမေရိကန်နဲ့ တရုတ် ခေါင်းဆောင်နှစ်ယောက် ဆွေးနွေးခဲ့ကြရာမှာ ထိုင်ဝမ်အရေးအပြင် ရာသီဥတုပြောင်းလဲမှုနဲ့ ကျန်းမာရေး လုံခြုံစိတ်ချရမှု ကိစ္စ အပါအဝင် တခြားအရေးကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။
ထရမ့်လက်ထက်က ချထားခဲ့တဲ့ တရုတ် သွင်းကုန်တွေကို အခွန်စည်းကြပ်မှုကို ပြန်ရုပ်သိမ်းလိုက်ရင် အမေရိကန် ငွေကြေးဖောင်းပွမှု မြင့်တက်နေတာကို ဖြေလျှော့ပေးနိုင်မယ်လို့ ယူဆပြီး ဒါကို ရုပ်သိမ်း၊မသိမ်း ဘိုင်ဒန်အစိုးရက စဥ်းစားခဲ့ဖူးပါတယ်။
ဒါပေမဲ့ ကြာသပတေးနေ့ မစ္စတာရှီနဲ့ ဆွေးနွေးစဥ်မှာ ဒီအကြောင်း မဆွေးနွေးခဲ့ဘူးလို့ အိမ်ဖြူတော် အဆင့်မြင့် အရာရှိက ပြောပါတယ်။
ဂျိုးဘိုင်ဒန်ရော ရှီကျင့်ဖျင်ပါ သဘောထားကွဲလွဲမှု ပေါ်ပေါ်တင်တင် ဖြစ်လာမှာကို ရှောင်ရှားချင်ကြပုံ ရတယ်လို့ အကဲခတ်တွေက သုံးသပ်ကြကြောင်း ဘီဘီစီ အမေရိကန် နိုင်ငံခြားရေး သတင်းထောက် ဘာဘရာ ပလက်အာရှာက သတင်းပေးပို့ပါတယ်။
ဒါပေမဲ့ သူတို့ရဲ့ မတူညီတဲ့ ပြောဆိုမှုတွေကို ဘယ်သူကမှ ပြောင်းလဲဖို့ မကြိုးစားခဲ့ကြပါဘူး။
ဒါဟာ "မတူညီမှုတွေကို ကိုင်တွယ်ဖြေရှင်း" ဖို့ ကြိုးပမ်းမှု နဲ့ "တူညီတဲ့ အကျိုးစီးပွားတွေ"ကို အတူတကွ အကောင်အထည်ဖော်ဖို့ ကြိုးပမ်းမှုရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်တယ်လို့ အိမ်ဖြူတော်ရဲ့ အကျဥ်းချုပ်အစီရင်ခံချက်မှာ ဖော်ပြထားပါတယ်။
အစီရင်ခံစာ အပြည့်အစုံမှာတော့ နှစ်နိုင်ငံကြား တူညီတဲ့ အကျိုးစီးပွားတွေ အများကြီး ရှိတယ်လို့ တရုတ်ဘက်က ပြောကြောင်း ဖော်ပြထားပါတယ်။
ဒါပေမဲ့ ဆက်ဆံရေး ဆိုးရွားလာအောင် လုပ်မှု၊ ဘိုင်ဒန်အစိုးရက တရုတ်ကို "အဓိက ပြိုင်ဘက်"လို့ ရှုမြင်မှုနဲ့ အမေရိကန်အတွက် "အကြီးဆုံး ရေရှည် စိန်ခေါ်မှု" လို့ မြင်နေတယ်ဆိုပြီး အမေရိကန်ကို တရုတ်က အပြစ်တင်ထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အပြုသဘော ရှာဖို့ခက်
သုံးသပ်ချက် - ရူးပတ် ဝင်းဖီးလ်ဒ် ဟေးစ်၊ ထိုင်ပေ
အဓိကကတော့ သမ္မတရှီက သမ္မတ ဘိုင်ဒန်ကို "မီးနဲ့ကစားသူ မီးလောင်လိမ့်မယ်" လို့ ပြောခဲ့တဲ့ အကြောင်းပါပဲ။
ဒါဟာ အမေရိကန်ကို ပြင်းပြင်းထန်ထန် သတိပေးလိုက်တာပါ။ ဒါပေမဲ့ ဒါဟာ ပထမဆုံးတော့ မဟုတ်ပါဘူး။
တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း အဲဒီအတိုင်း အတိအကျတူတဲ့ အသုံးအနှုန်းကို အမေရိကန် လွှတ်တော်အမတ်အဖွဲ့ ဒီနှစ်အစောပိုင်းမှာ ထိုင်ဝမ်ကို လာရောက်ခဲ့စဥ်က သုံးနှုန်းခဲ့ပါတယ်။
ဒီစကားနဲ့ပဲ တရုတ် ကာကွယ်ရေးဌာနက ထိုင်ဝမ်ကို ပြီးခဲ့တဲ့နှစ်က သတိပေးခဲ့ပါတယ်။
ထူးတာက အခု သမ္မတရှီက သုံးလိုက်ချိန်မှာ ပိုပြီး ပြင်းထန်လေးနက်သွားတာ ဖြစ်ပါတယ်။
ဒါပေမဲ့ အဲဒါက ဥပမာ- နန်စီပလိုစီသာ နောက်သီတင်းပတ်မှာ ထိုင်ဝမ်ကို ရောက်လာခဲ့ရင် တရုတ်က ထိုင်ဝမ်အပေါ် စစ်ပြင်ပြီလို့ ဆိုလိုတာတော့ မဟုတ်ပါဘူး။
အဲဒါက အမေရိကန်ကို ဒီလိုမျိုးတွေသာ ဆက်လုပ်နေရင် တစ်ချိန်ချိန်တော့ ပြဿနာ ဖြစ်လိမ့်မယ်ဆိုတာကို ပြောနေတာ ဖြစ်ပါတယ်။
ဒါကြောင့် ဒီတယ်လီဖုန်း ပြောဆိုမှုကနေ အမေရိကန်-တရုတ် ဆက်ဆံရေး တစ်ခုလုံးနဲ့ ဆိုင်တဲ့ အပြုသဘော ရှုမြင်မှု တစ်ခုခု မတွေ့ခဲ့ရပါဘူးလို့ ဆိုနိုင်ပါတယ်။








