ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တူမီးသေနတ်နဲ့စတင်တဲ့ မင်းတပ်တော်လှန်ရေး ဘယ်လောက်ခရီးပေါက်ပြီလဲ
လွန်ခဲ့တဲ့ ၃နှစ်၊ ဧပြီလ ၂၄ ရက်က မင်းတပ်မြို့၊ ဗိုလ်ချုပ်ကြေးရုပ်ရှေ့မှာ အမျိုးသားညီညွတ်ရေး အစိုးရ(NUG) အဖွဲ့ဝန်ကြီးတွေရဲ့ဓာတ်ပုံကပ်လို့ လူငယ် ၇ ဦး ဖမ်းခံလိုက်ရပါတယ်။
ဒီလူငယ်တွေကို လွှတ်ပေးဖို့ မင်းတပ်လူထုက စုဝေးခဲ့ကြပါတယ်။ လွှတ်ပေးမယ်ပြောပြီး ကတိမတည်တဲ့ စစ်ကောင်စီတပ်ဖွဲ့ကို အဲဒီနှစ် မတ်လ ၁၂ ရက်နေ့မှာ ဖွဲ့စည်းထားတဲ့ ချင်းကာကွယ်ရေးတပ် (CDF) မင်းတပ်က စတင်တိုက်ခိုက်ခဲ့ပါတယ်။
ခေတ်မီတိုက်ပွဲဝင်သေနတ်မရှိသေးတဲ့ အဲဒီအချိန်မှာ အမဲလိုက်တူမီးသေနတ်နဲ့ လူငယ်တွေ အာဏာရှင်ဆန့်ကျင်တိုက်ပွဲ ဝင်လာတာ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၄ ရက်မှာ သုံးနှစ်ပြည့်ခဲ့တာပါ။
မင်းတပ် CDF တပ်ဖွဲ့ရဲ့ တူမီးသေနတ်စဖောက်ခဲ့တဲ့ အဲဒီနေ့ကို အဖွဲ့ရဲ့တော်လှန်ရေးနေ့အဖြစ်သတ်မှတ်ခဲ့ပါတယ်။
ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF မင်းတပ်ရဲ့ အစောပိုင်းကာလတွေ
ချင်းကာကွယ်ရေးတပ်ဖွဲ့(CDF)မင်းတပ်ကို အဖွဲ့ဝင် ၂၉ ဦးပါတဲ့ကော်မတီက ဦးဆောင်ပြီး CDM ဝန်ထမ်းတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေက တက်ကြွလူငယ်တွေနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၃,၀၀၀ ကျော်ပါဝင်ခဲ့တယ်လို့ ISP Myanmar ရဲ့ စစ်တမ်းအရ သိရပါတယ်။
စတင်ဖွဲ့စည်းခဲ့ချိန်တုန်းက တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေဆီမှာ စစ်သင်တန်းတက်ခဲ့ဖူးသူတွေသူတွေနဲ့ CDM ရဲတွေက အခြေခံစစ်သင်တန်း ၁၀ ရက် ပေးခဲ့ပါတယ်။ အဲဒီအချိန်ကစလို့ မြေအောက်လှုပ်ရှားမှုတွေရှိခဲ့တဲ့ CDF မင်းတပ်ဟာ ရက္ခိုင့်တပ်တော်(AA)ဆီမှာ စစ်ပညာထပ်သင်ပြီး လက်နက်ကိုင်တော်လှန်ရေးစတင်ခဲ့တာပါ။
စစ်ဦးစီးချုပ်ကဘယ်သူလဲ
CDF မင်းတပ်ရဲ့ စစ်ဦးစီးချုပ်က ဆလိုင်းထန်းချွန်ဖေ ဖြစ်ပါတယ်။
ဆလိုင်းထန်းချွန်ဖေဟာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ပြည်နယ်လွှတ်တော်အတွက် အနိုင်ရ NLD လွှတ်တော်အမတ်ဖြစ်ပါတယ်။
စစ်ဦးစီးချုပ် ဆလိုင်းထန်းချွန်ဖေက CDF မင်းတပ်ရဲ့ တော်လှန်ရေးကာလ ၃ နှစ်တာအတွင်း အားသာချက်ကော အားနည်းချက်ကောရှိခဲ့တယ်လို့ပြောပါတယ်။
“တော်လှန်ရေးကိုလည်း ကျွန်တော်တို့ အထိုက်အလျောက်စည်းလုံးညီညွတ်စွာနဲ့ အောင်မြင်မှုတွေကိုလည်း ရရှိခဲ့ပါတယ်။ တပ်ဖွဲ့ပိုကျစ်လစ်ခိုင်မာလာအောင် အဖက်ဖက်ကနဲ့ ပြည်တွင်းပြည်ပကမိဘပြည်သူတွေပံ့ပိုးမှုကြောင့် အခုဆိုကျွန်တော်တို့တပ်ဖွဲ့ဟာ အတိုင်းတာတစ်ခုထိ ကျစ်လစ်ခိုင်မာပြီး ရန်သူကို ချေမှုန်းနိုင်တဲ့ အနေအထားကို ပိုင်ဆိုင်ထားခဲ့ပြီဖြစ်ပါတယ်။ ဒါဟာ ကျွန်တော်တို့ ၃နှစ်တာမှာ ကြိုးစားခဲ့တဲ့အောင်မြင်မှု အသီးအပွင့်ဖြစ်ပါတယ်”လို့ သူကပြောပါတယ်။
သုံးနှစ်အတွင်း နယ်မြေထိန်းချုပ်နိုင်မှု
ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်မြို့နယ်ကို မြို့ပေါ်ရပ်ကွက် ၄ ခုကလွဲရင် မင်းတပ် CDF က မြို့နယ်ရဲ့ ၈၀ ရာခိုင်နှုန်းကို ထိန်းချုပ်ထားနိုင်ပြီလို့ တပ်ဖွဲ့ဘက်က ပြောပါတယ်။
တော်လှန်ရေး ၃ နှစ် အတွင်း မင်းတပ် CDF လှုပ်ရှားနယ်မြေဖြစ်တဲ့ မင်းတပ်နဲ့ မကွေးတိုင်းထဲက စခန်း ၃ခုကို မဟာမိတ်တပ်တွေနဲ့ ပူးပေါင်းတိုက်နိုင်ခဲ့တယ်လို့ သတင်းပြန်ကြားရေးနဲ့ မှတ်တမ်းဌာနရဲ့အချက်အလက်အရသိရပါ တယ်။
CDF မင်းတပ်ရဲ့ မဟာမိတ်တွေကတော့ ရက္ခိုင့်တပ်တော်(ULA/AA)၊ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/CNDF)၊ ဇိုမီးပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (PDF Zoland)၊ ချင်းကာကွယ်ရေးတပ်ဖွဲ့-ကန်ပက်လက်(CDF-Kanpatlet)၊ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ၊ ချင်းကာကွယ်ရေးတပ်ဖွဲ့ မတူပီ (CDF-Matupi Brigade (1)၊ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway)၊ ယောကာကွယ်ရေးတပ်(YDF) တို့ဖြစ်ပါတယ်။
မင်းတပ် CDFနဲ့ စစ်ကောင်စီတို့ဟာ လွန်ခဲ့တဲ့ ၃ နှစ်အတွင်း တိုက်ပွဲပေါင်း ၂၅၂ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ သတင်းပြန်ကြားရေးနဲ့မှတ်တမ်းဌာနက ဌာနမှူး ကိုဇလပ်သွေးက ပြောပါတယ်။
“တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်သား ရာနဲ့ချီကို သုတ်သင်နိုင်ခဲ့ပေမဲ့ CDF ရဲ့ပထမဆုံး တပ်မဟာမှူးဆလိုင်း ထန်းတိတ်မာန်နဲ့အတူ ချင်းသူရဲကောင်း ၆၅ ဦး တိုင်းပြည်နဲ့လူမျိုးအတွက် အသက်ပေးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ရာချီရှိခဲ့ပါတယ်”လို့ သူကပြောပါတယ်။
၃ နှစ်တာ တိုက်ပွဲကြားက မင်းတပ်မြို့နယ်အခြေအနေ
မင်းတပ်မြို့နယ် လူဦးရေဟာ စစ်အာဏာမသိမ်းခင်တုန်းက ငါးသောင်းကျော်ရှိခဲ့ပါတယ်။
အခု မင်းတပ်CDF က မထိန်းနိုင်သေးတဲ့မြို့ပေါ်ရပ်ကွက် ၄ရပ်ကွက်မပါဘဲ လူဦးရေ ၄၀,၈၀၀ ဝန်းကျင်ရှိပါတယ်။
မြို့ပေါ်မှာအရင်က လူဦးရေတစ်သောင်းကျော်ရှိပြီးတော့ အခုဆိုရင်တော့ အဲဒီထက်နည်းနိုင်တယ်လို့ မင်းတပ်မြို့ နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အတွင်းရေးမှူး ဆလိုင်းယောမာန်က ပြောပါတယ်။
မြို့ပေါ်နေသူတွေဟာ မင်းတပ်နဲ့ကပ်ရပ် ကျောက်ထုနဲ့ ရွာတွေဘက်ကို စစ်ရှောင်နေထိုင်နေကြတာပါ။
တချို့တွေက နိုင်ငံခြားထွက်အလုပ်လုပ်ကြတဲ့လူငယ်တွေလည်းရှိပါတယ်။
စစ်ကောင်စီဘက်က ၂၀၂၄ ခုနှစ်အတွင်း မင်းတပ်မြို့နယ်ထဲကို လေကြောင်းတိုက်ခိုက်မှုတွေ ပိုလုပ်လာပြီး တိုက်ပွဲမရှိတဲ့နေရာတွေကိုလည်း တိုက်ခိုက်တာရှိပါတယ်။
မင်းတပ်မှာ စစ်ကောင်စီတပ်က ၃ နှစ်တာ လေကြောင်းတိုက်မှုကြောင့် ကလေးသူငယ်တွေအပါအဝင် ပြည်သူ ၅၆ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မင်းတပ်CDF သတင်းပြန်ကြားရေးနဲ့ မှတ်တမ်းဌာနရဲ့အချက်အလက်အရ သိရပါတယ်။
ဒါအပြင် လက်နက်ကြီးကြောင့် ပြည်သူ ၂၀ကျော် သေဆုံးခဲ့ရပါတယ်။
လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးကြောင့် ဘာသာရေးအဆောက်အအုံ ၁၂ ခု အပါအဝင် ဆေးပေးခန်း၊ စာသင်ကျောင်းနဲ့ လူနေအိမ်ခြေ ရာနဲ့ချီပျက်စီးခဲ့ပါတယ်။
“စစ်ကောင်စီဟာ ၃နှစ် တာကာလအတွင်း တော်လှန်ရေးနဲ့ ပတ်သက်တယ်လို့စွပ်စွဲပြီး ပြည်သူ ၁၀၀ ကျော်ကို ဖမ်းဆီးထားတာ အခုချိန်ထိ ပြန်မလွှတ်သေးပါဘူး” လို့ သတင်းပြန်ကြားရေးနဲ့မှတ်တမ်းဌာန ဌာနမှူးက ပြော ပါတယ်။
၂၀၂၄ ခုနှစ်အတွင်း မင်းတပ် CDF ဘာတွေဆက်လုပ်သွားမလဲ
CDF မင်းတပ်ရဲ့ တော်လှန်ရေး ၃နှစ်ပြည့်ပွဲကျင်းပနေချိန်အတွင်းမှာပဲ တပ်ဖွဲ့ဝင်တွေဟာ ရှေ့တန်းတစ်နေရာမှာ တိုက်ပွဲပြင်းထန်နေတယ်လို့ စစ်ဦးစီးချုပ်က ပြောခဲ့ပါတယ်။
စစ်မြေပြင်မထွက်ခင် ဒုစစ်ဦးစီးချုပ်က ရှေ့တန်းသွားမယ့်ရဲဘော်တွေကို အမှာစကားပြောတဲ့ ရုပ်သံကိုလည်း လည်း CDF မင်းတပ်က သူတို့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ တင်ထားပါတယ်။
“ကိုယ့်သူငယ်ချင်းဒဏ်ရာရတာလည်းရှိမယ်။ မတွေဝေနဲ့။ ကိုယ်လုပ်စရာရှိတာ ပြတ်ပြတ်သားသားလုပ်။ မရဘူးဆိုတာမရှိဘူး”လို့ ဒုစစ်ဦးစီးချုပ်က အမှာစကားပြောခဲ့တာပါ။
မင်းတပ် CDFဟာ လက်ရှိအချိန်မှာ မဟာမိတ်အဖွဲ့တွေနဲ့ပူးပေါင်းပြီး ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်က ကျင်ဒွေးမြို့သိမ်းတိုက်ပွဲကို ဆင်နွှဲနေပါတယ်။
ကျင်ဒွေးမြို့ကို မပေးရရေး စစ်ကောင်စီကလည်း ဧပြီလ ၂၀ ရက်မှာ တပ်ကူအင်အား ၁၆၀ကို ထပ်ဖြည့်လာပြီး လေကြောင်းတိုက်ခိုက်မှုတွေလည်းလုပ်နေတာပါ။
ဒီကျင်ဒွေးတိုက်ပွဲကို ချင်းတပ်ဖွဲ့တွေဘက်ကနေ ရက္ခိုင့်တပ်တော်(AA)ကလည်း ကူတိုက်ပေးနေတာဖြစ်ပါတယ်။
၂၀၂၄ ခုနှစ်ဟာ ပြင်းထန်တဲ့တိုက်ပွဲတွေ မဖြစ်မနေဖော်ဆောင်ရမယ့်ကာလဖြစ်တယ်လို့ CDF မင်းတပ်ရဲ့ စစ်ဦးစီးချုပ် ဆလိုင်းထန်းချွန်ဖေက ပြောပါတယ်။
“တိုက်ပွဲမဖော်ဆောင်ဘဲဘယ်တော့မှ အောင်မြင်မှုရမှာ မဟုတ်ဘူး။ ဒါကို ပြည်သူလူထုတွေက နားလည်သဘောပေါက်ဖို့ လိုပါတယ်”လို့ စစ်ဦးစီးချုပ်ကပြောပါတယ်။
ဒီနှစ်ပြင်းပြင်းထန်ထန်တိုက်ပွဲတွေဆင်နွှဲပြီးတော့ မင်းတပ်တစ်ခုတည်းတင်မဟုတ်ဘဲနဲ့ ချင်းပြည် ချင်းလူမျိုးအားလုံးလွတ်မြောက်ပြီးတော့ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ တိုင်းရင်းသားအားလုံးလွတ်မြောက်ရေးအတွက် ကြိုးစားသွားမှာဖြစ်တယ်လို့ CDF မင်းတပ် စစ်ဦးစီးချုပ်က ၃ နှစ် ပြည့်အခမ်းအနားမှာ ပြောသွားခဲ့ပါတယ်။