ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ပါကစ္စတန်မှာ ငွေကြေးဖောင်းပွမှုမြင့်တက်- ဧပြီ ၁ရက် နောက်ဆုံးရ နိုင်ငံတကာ သတင်းများ
ပါကစ္စတန်နိုင်ငံမှာ ငွေကြေးဖောင်းပွမှု အမြင့်ဆုံး ဖြစ်လာပါတယ်။ ၁၉၇ဝ ခုနှစ် ပါကစ္စတန် စာရင်းအင်း ဌာနက အရေးယူ ဆောင်ရွက်ချက်တွေ စတင်ခဲ့တဲ့နောက်ပိုင်း အမြင့်ဆုံး တက်လာတာ ဖြစ်ပါတယ်။
တနှစ်ထက်တနှစ် ကုန်စျေးနှုန်းတွေ တက်လာရာကနေ မတ်လမှာ ဆိုရင် ၃၅.၃၇ ရာခိုင်နှုန်း အထိ မြင့်တက်လာခဲ့ပါတယ်။ ဖေဖော်ဝါရီလကနေ ယှဉ်လိုက်ရင် ၃.၇ ရာခိုင်နှုန်း မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။
အစားအစာနဲ့ ပို့ဆောင်ရေး စရိတ်တွေ တက်လာတဲ့အကြောင်းအရင်းက ငွေကြေးဖောင်းပွမှု မြင့်လာတဲ့ အကြောင်းအရင်းလို့လည်း ဆိုပါတယ်။
ပါကစ္စတန်မှာ စီးပွားရေး အကျပ်အတည်းက အဆိုးဆုံးကြုံနေရသလို နိုင်ငံခြားကနေ ပစ္စည်းတွေ တင်သွင်းဖို့ နိုင်ငံခြား အရန်ငွေကလည်း တလစာလောက်ပဲ ကျန်တယ်လို့ ဆိုပါတယ်။
ထောင်နဲ့ချီတဲ့လူတွေက အစိုးရရဲ့ ပံ့ပိုးမှုနဲ့ ဂျုံမှုန့်တွေ ဖြန့်ဝေပေးနေတဲ့ နေရာတွေမှာ တန်းစီနေပြီး တခါတခါ လူအုပ်ပိတာတွေ အထိ ဖြစ်နေတယ်လို့လည်း ဆိုပါတယ်။
တရုတ်နဲ့အပြုသဘောဆောင်တဲ့ ဆက်ဆံရေး တည်ဆောက်ဖို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး တရုတ်ကို ရောက်နေ
ဂျပန်နိုင်ငံခြားရေးဝန်ကြီး ယိုရှီမာဆာ ဟာယာရှီက တရုတ်နိုင်ငံကို ဒီကနေ့သွားရောက်ပြီး နိုင်ငံခြားရေးဝန်ကြီးနဲ့ အပြုသဘောဆောင်တဲ့ ဆက်ဆံရေးကို တည်ဆောက်ဖို့ ဆွေးနွေးမယ်လို့ ပြောပါတယ်။
နိုဝင်ဘာလက ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါ တရုတ်ကို သွားရောက်ခဲ့ပြီးတဲ့နောက် နိုင်ငံခြားရေး ဝန်ကြီးက ထပ်မံသွားရောက်တာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံမှာ သွားရောက် အလုပ်လုပ်ကိုင်ရင်း တစုံတရာ အကြောင်းပြချက်မရှိဘဲ ဖမ်းဆီး ထိန်းသိမ်းခံရတဲ့ ဂျပန် အမျိုးသားနဲ့ပတ်သက်ပြီး ပြောဆိုသွားဖို့ ရှိတယ်လို့လည်း မစ္စတာ ဟေယာရှီက ပြောပါတယ်။
နယ်မြေပိုင်နက် အငြင်းပွားမှု၊ တရုတ်က တောင်တရုတ်ပင်လယ်ထဲက စစ်ရေး လှုပ်ရှားမှုနဲ့ တပိုင်းလျှပ်ကူး ပစ္စည်းတွေထုတ်လုပ်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေ တရုတ်ကို တင်ပို့ဖို့ ဂျပန်က တားမြစ်ခဲ့ပြီးတဲ့နောက် နှစ်နိုင်ငံဆက်ဆံရေး ဆိုးဝါးခဲ့ပါတယ်။
ယူကရိန်းရောက် ရုရှားတပ်ဖွဲ့တွေကို လက်နက်တွေ တိုးထောက်ပံ့မယ်လို့ရုရှားကာကွယ်ရေးဝန်ကြီးပြော
ယူကရိန်းမှာရှိတဲ့ ရုရှားတပ်ဖွဲ့တွေအတွက် လက်နက်တွေ ထပ်ပြီး ထောက်ပံ့ပေးသွားမယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီး ဆာဂေးရွှေဂူက ပြောပါတယ်။
ထုတ်လုပ်မှုနဲ့ စက်မှုလုပ်ငန်းတွေရဲ့ စွမ်းရည်တွေ မြင့်တက်လာတာနဲ့ အမျှ စစ်လက်နက် ထုတ်လုပ်မှုတွေ ပိုများလာတယ်လို့ မစ္စတာ ရွှေဂူက ပြောပါတယ်။
“တပ်ဖွဲ့တွေကို သေစေနိုင်တဲ့လက်နက်တွေ ထောက်ပံ့ပေးတာက လက်ရှိ အချိန်ထိ အစိုးရနဲ့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထိန်းချုပ်မှုအောက်မှာရှိနေဆဲ ဖြစ်ပါတယ်။ လိုအပ်တဲ့လက်နက်တွေ ထောက်ပံ့မယ့် ပမာဏကို ဆုံးဖြတ်ပြီးပါပြီ၊ ဒီလို တိုးမြင့်ထောက်ပံ့ဖို့ လိုအပ်တဲ့ လုပ်ဆောင်မှုတွေကို လုပ်နေပါတယ်”လို့ သူက ပြောပါတယ်။
ယူကရိန်း စစ်ပွဲအတွက် လိုအပ်တဲ့ လက်နက်တွေထောက်ပံ့ပေးနိုင်တာ မရှိဘူးဆိုပြီး ရုရှားကာကွယ်ရေးဝန်ကြီးကို ပြီးခဲ့တဲ့လတွေမှာ ဝေဖန်နေကြတာ ဖြစ်ပါတယ်။
အီရန်အမျိုးသမီးတွေ မဖြစ်မနေ ခေါင်းစည်းပဝါခြုံဖို့ တာဝန်ရှိသူတွေ လုပ်ဆောင်နေ
အီရန်နိုင်ငံမှာ အမျိုးသမီးတွေ ခေါင်းစည်းပုဝါ ခြုံတာကို အဆုံးသတ်ပေးဖို့ လအတော်ကြာ ဆန္ဒပြခဲ့ပေမဲ့ အမျိုးသမီးတွေ မဖြစ်မနေ ခေါင်းစည်းပုဝါခြုံဖို့ တာဝန်ရှိသူတွေက စိတ်ပိုင်း ဖြတ်ထားပြီး ဖြစ်ပါတယ်။
တင်းမာတဲ့ သဘောထားရှိတဲ့ အီရန်လွှတ်တော်အမတ် တဦးက လာမယ့် ၄၈ နာရီအတွင်း အမျိုးသမီးတွေ မဖြစ်မနေ ခေါင်းစည်းပုဝါခြုံဖို့ စည်းကမ်းကို အသက်ဝင်အောင်ဆောင်ရွက်ဖို့ တရားစီရင်ရေးကို ရာဇသတ်တခုပေးပို့လိုက်ပါတယ်။
ဒီလိုမှမဟုတ်ရင် လွှတ်တော်အမတ်တွေက ဒီကိစ္စကို ကိုယ့်ဘာသာကိုယ် ဖြေရှင်းသွားမယ်လို့ လွှတ်တော်အမတ် ဟူစိန် အလီဟာဂျီ ဒယ်လီဂန်နီက ပြောပါတယ်။
အမျိုးသမီးတွေ ခေါင်းစည်းပဝါမခြုံရင် သည်းခံမှာမဟုတ်ဘူးဆိုတဲ့ ပြည်ထဲရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်နဲ့ သူ့ရဲ့စကားက တထပ်တည်းကျနေတာ ဖြစ်ပါတယ်။
ပုပ်ရဟန်းမင်းကြီး ဆေးရုံက ဆင်းပြီ
အသက်ရှုလမ်းကြောင်းနဲ့ ပတ်သက်ပြီး ဆေးကုသမှုခံယူနေတဲ့ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ် ဆေးရုံက ဆင်းပြီ ဖြစ်ပါတယ်။
ရောမမှာရှိတဲ့ ဂျေမဲလီ ဆေးရုံကနေ ဆင်းလာတဲ့ ပုပ်ရဟန်းမင်းကြီးက သူက အသက်ရှင်နေဆဲ ဖြစ်တယ်လို့ ပျက်လုံး ထုတ်ပါတယ်။
ဆေးရုံတက်စဉ်မှာ တာဝန်တချို့ကို ထမ်းဆောင်နေဆဲ ဖြစ်ပြီး မွေးစကလေးကို ရေဖြန်း မင်္ဂလာပြုပေးခဲ့တယ်လို့ ဗာတီကန်က ထုတ်ပြန်ပါတယ်။ ဆေးရုံအပြင်ဘက်မှာ ပြီးခဲ့တဲ့ညက ကလေးဆုံးရှုံးခဲ့တဲ့ စုံတွဲတတွဲကို ပုပ်ရဟန်းမင်းကြီးက နှစ်သိမ့်ပေးခဲ့ပါတယ်။
ရင်ကြပ်ချောင်းဆိုးတာကြောင့် မတ် ၂၉ ရက်နေ့က ပုပ်ရဟန်းမင်းကြီးကို ဆေးရုံတင်ပို့ခဲ့ရပြီး ပဋိဇီဝဆေးနဲ့ ကုသခံခဲ့ရတယ်လို့ ဆိုပါတယ်။ အီစတာ ပွဲတော်စတင်မယ့် Palm Sunday ဆုတောင်းပွဲကို သူက ဦးဆောင်မှာ ဖြစ်ပါတယ်။