အာဇာနည် ဆိုရှယ်လစ် ခေါင်းဆောင်ကြီး သခင်မြ

    • ရေးသားသူ, ဘိုဘို
    • ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း

၁၉၄၇ နိုင်ငံတော်လုပ်ကြံမှုကြီးမှာ ကျဆုံးခဲ့တဲ့ ဝန်ကြီး ၇ ယောက်မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ သခင်မြက နိုင်ငံရေး ဝါအရင့်ဆုံးနဲ့ အာဏာအရှိဆုံး နှစ်ယောက်ဖြစ်သလို ပြည်သူ့ရဲဘော်နဲ့ ဆိုရှယ်လစ် ဆိုတဲ့ အာဏာရ ဖဆပလအစိုးရရဲ့ အမာခံအဖွဲ့ကြီးနှစ်ခုရဲ့ ခေါင်းဆောင်တွေ ဖြစ်ကြပါတယ်။

သခင်မြရဲ့ နိုင်ငံရေးသမိုင်းမှာ ၁၉၂ဝ ပထမ ကျောင်းသားသပိတ်ခေါင်းဆောင်ဘဝကနေ ၁၉၃ဝ ဆရာစံအရေးတော်ပုံအပြီး လယ်သမားသူပုန် အမှုလိုက်ရှေ့နေဘဝ၊ တို့ဗမာအစည်းအရုံးခေါင်းဆောင်ဘဝတွေကို လူသိများပေမယ့် ဂျပန်ခေတ် လွတ်လပ်ရေးရချိန်မှာ ဒုတိယဝန်ကြီးချုပ်တာဝန်ယူခဲ့တာနဲ့ ဒုတိယကမ္ဘာစစ်ဖြစ်ခါနီးနဲ့ ပြီးစက ပြည်သူ့အရေးတော်ပုံခေါ် ဆိုရှယ်လစ်ပါတီ ခေါင်းဆောင်ဖြစ်ခဲ့တာတွေကို သတိမူမိသူ နည်းပါတယ်။

၁၉၄၇ နောက်ပိုင်း မြန်မာနိုင်ငံရေးမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဂုဏ်ကို ဖွဲ့နွဲ့အမွမ်းတင်တာ များသလောက် သခင်မြကိုတော့ အာဇာနည် ဝန်ကြီးတယောက်အဖြစ်နဲ့ ပန်းခြံအမည်ပေး ဂုဏ်ပြုတာလောက်သာ ရှိခဲ့ပါတယ်။ သူချန်ခဲ့တဲ့ပါတီ ခေါင်းဆောင်တွေထဲက ဝန်ကြီးချုပ် ဦးဗဆွေနဲ့ သမ္မတ ဦးနေဝင်းဆိုပြီး ပေါ်ထွက်လာခဲ့ပေမယ့် သခင်မြကိုတော့ ဆိုရှယ်လစ်ခေါင်းဆောင်ကြီးတယောက်အနေနဲ့ နေရာမပေးခဲ့ကြပါဘူး။

ကျောင်းသား၊ လယ်သမားနဲ့ သခင်

သခင်မြရဲ့ ဒုတိယကမ္ဘာစစ်မဖြစ်ခင် နိုင်ငံရေးမှာ ကိုလိုနီအစိုးရကို ဆန့်ကျင်အုံကြွတဲ့ဘက်က အမြဲပါဝင်ခဲ့တာကို တွေ့ရပါတယ်။ ထုံးဘို၊ သာယာဝတီကို အခြေခံတဲ့ သခင်မြရဲ့ အမျိုးသားရေးလှုပ်ရှားမှုတွေဟာ ၁၉၃၀ ဆရာစံ လယ်သမားသူပုန်ကြီး ခေတ်ကနေ ဒုတိယကမ္ဘာစစ်တွင်း မြန်မာစစ်တပ်တည်ထောင်ပြီး ဗြိတိသျှနဲ့ ဂျပန်ကို တလှည့်စီ တော်လှန်တဲ့ခေတ်ထိ ကျယ်ပြန့်ခဲ့ပါတယ်။

အာဇာနည် သခင်မြဟာ မြန်မာပြည်ရဲ့ ပထမဆုံး ကျောင်းသားသမဂ္ဂကို ကြည့်မြင်တိုင် ကျောင်းသားသမဂ္ဂကလပ် အဖြစ် ၁၉၁၆ မှာ စတင်ဖွဲ့စည်းခဲ့သူတယောက် ဖြစ်ကြောင်း အမျိုးသားအာဇာနည်ခေါင်းဆောင်ကြီး သခင်မြ စာအုပ်မှာ ဝိဓူရသခင်ချစ်မောင်က ရေးပါတယ်။ ၁၉၂၀ ပထမကျောင်းသားသပိတ်ကြီးမှာလည်း ရှေ့တန်းမှာ လူသိများသူမဟုတ်ပေမယ့် နောက်ကနေ ကြိုးကြိုးကုပ်ကုပ်နဲ့ အားစိုက်လုပ်ကြသူတွေထဲမှာ ကိုမြပါ၀င်ခဲ့ပြီး ၁၉၂၁ သပိတ်စခန်းမှာ နောက်ဆုံးကျန်တဲ့ ကျောင်းသား ခုနစ်ယောက်ထဲမှာ ကိုမြလည်း ပါခဲ့ပါတယ်။

နောက် ၁၉၂၃ ထိ ကြည့်မြင်တိုင် အမျိုးသားကျောင်းမှာ ဆရာအဖြစ် အမှုထမ်းခဲ့ပြီး သူ့ရဲ့ သပိတ်တာ၀န်ကို ကျေပွန်ခဲ့ပါတယ်။ အဲဒီနောက် တက္ကသိုလ်ပြန်တက်ပြီး ဓာတုဗေဒ သိပ္ပံဘွဲ့ ယူခဲ့သလို ဥပဒေဘွဲ့လည်း ယူပါတယ်။ သခင်မြဟာ သိပ္ပံပညာသင်အဖြစ် နိုင်ငံခြားသွားနိုင်တဲ့အခွင့်အရေးကို လက်လွှတ်ပြီး သိပ္ပံဆရာ ရှားပါးတဲ့ခေတ်မှာ ကျောင်းဆရာအဖြစ် ပညာသင်ပေးခဲ့သူလည်း ဖြစ်ပါတယ်။

သခင်မြဟာ သာယာဝတီနယ်မှာ ရှေ့နေအဖြစ် အသက်မွေးရင်း ကင်းထောက်မင်းကြီးလုပ်ခဲ့သလို ဆရာစံသူပုန်က လယ်သမားတွေအမှုမှာလည်း ဒေါက်တာဘမော်၊ သာယာဝတီဦးပု စတဲ့ တခြား နိုင်ငံရေးခေါင်းဆောင်တွေနဲ့အတူ လိုက်ပါဆောင်ရွက်ပေးခဲ့ပါတယ်။ ဆရာစံကို အချုပ်ခန်းထဲထိ သွားတွေ့ပြီး အမှုမှာ ရဲရဲရင့်ရင့် ထွက်ဆိုပြီး ဗြိတိသျှကို ဆန့်ကျင်ပြောဖို့ သူ တိုက်တွန်းခဲ့ပါတယ်။

၁၉၃၆ မှာ သခင်ဖြစ်လာပြီး သာယာဝတီတကြောက လယ်သမားတွေရဲ့ ဘဝတိုးတက်ရေးအတွက် စည်းရုံး ဆောင်ရွက်ခဲ့ပါတယ်။ ၁၉၃၇ မှာ သခင်ပါတီအမတ်ဖြစ်လာပြီး လွှတ်တော်ထဲမှာ မြန်မာလိုပြောဖို့ သူ ကြိုးပမ်းအောင်မြင်ခဲ့ပါတယ်။ လွှတ်တော်ဖွင့်ပွဲ ကြွလာတဲ့ ဘုရင်ခံကိုလည်း သခင်မြနဲ့ သခင်အမတ်တွေ မတ်တတ်ရပ် ကြိုဆိုတာ မလုပ်ခဲ့ပါဘူး။ သခင်နှစ်ခြမ်းကွဲချိန်မှာတော့ လက်ဝဲဆန်တဲ့ ကိုယ်တော်မှိုင်းအုပ်စုမှာ သခင်မြ ပူးပေါင်းခဲ့ပါတယ်။

၁၉၃၈-၁၉၃၉ မှာ ဖြစ်တဲ့ ၁၃ဝဝ ပြည့်အရေးတော်ပုံကြီးအတွင်း ဗတလစ ခေါ် လယ်သမားအစည်းအရုံးကြီးကို ဦးဆောင်ဖွဲ့စည်းပြီး ပထမဆုံး ဥက္ကဋ္ဌ ဖြစ်လာခဲ့ပါတယ်။ သပိတ်မှာ ဗိုလ်အောင်ကျော် အရိုက်ခံရပြီး ကွယ်လွန်တဲ့အတွက် သခင်မြ လွှတ်တော်အမတ်အဖြစ်က နုတ်ထွက်သလို ကြားရွေးကောက်ပွဲမှာ ပြန်အရွေးခံတော့လည်း အောင်မြင်ခဲ့ပါတယ်။

ပြည်သူ့အရေးတော်ပုံ ဥက္ကဋ္ဌ

သခင်မြရဲ့ အရေးပါဆုံး နိုင်ငံရေး ဆောင်ရွက်ချက်က ၁၉၃၉ မှာ ပြည်သူ့အရေးတော်ပုံခေါ် မြေအောက်အဖွဲ့ ခေါင်းဆောင် ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ဒီအဖွဲ့ဟာ ဗမာ့တပ်မတော်၊ ဆိုရှယ်လစ်နဲ့ ကွန်မြူနစ်ဆိုတဲ့ ဒုတိယကမ္ဘာစစ်ပြီးခေတ် မြန်မာ့နိုင်ငံရေးကို ကြီးစိုးခဲ့တဲ့ အုပ်စုကြီး သုံးရပ်ကို မွေးဖွားပေးခဲ့တဲ့ အမြုတေ အဖွဲ့ ဖြစ်ပါတယ်။ သခင်မြနဲ့အတူ သခင်အောင်ဆန်း၊ သခင်ဗဟိန်း စတဲ့ သခင်ခေါင်းဆောင်တွေ၊ မိတ္ထီလာ ကိုလှမောင်နဲ့ ဗိုလ်ဇေယျ ဖြစ်လာမယ့် ကိုလှမောင် စတဲ့ ကျောင်းသားခေါင်းဆောင်တွေ၊ ဆရာချစ်၊ ကိုကျော်ငြိမ်း စတဲ့ သူတို့နဲ့ နီးစပ်တဲ့ နိုင်ငံရေးသမားတွေ စုစည်းပြီး လွတ်လပ်ရေးအတွက် ပြည်ပက စစ်ရေး နိုင်ငံရေး အကူအညီတွေ ရဖို့ ရှာဖွေကြပါတယ်။

ဒီလိုရှာရာမှာ ဆိုရှယ်လစ်ဖြစ်လာမယ့်သူတွေက လက်နက်ပိုင်းကို အဓိက ဦးစားပေးပြီး ကွန်မြူနစ်ဖြစ်လာမယ့်သူတွေကတော့ အတွေးအခေါ်ပိုင်းအရ တည်ဆောက်မှုကို အလေးထားတယ်လို့ ဒေါက်တာ ကျော်ဇောဝင်းရဲ့ ဗမာပြည် ဆိုရှယ်လစ်ပါတီ သမိုင်းမှာ ပါရှိပါတယ်။ နောက်ပြီး ကမ္ဘာစစ်မှာ ဘယ်ဘက်က ရပ်တည်ကြမလဲ အငြင်းပွားရာက ဂျပန်နဲ့ ပူးပေါင်းပြီး ဗြိတိသျှကို တွန်းလှန်လိုတဲ့ ဆိုရှယ်လစ်တွေနဲ့ ဗြိတိသျှမဟာမိတ်တွေနဲ့ လက်တွဲပြီး ဂျပန်ဖက်ဆစ်ကို တိုက်ထုတ်လိုတဲ့ ကွန်မြူနစ်တွေကြား အက်ကွဲကြောင်း စခဲ့ပါတယ်။

နောက်ဆုံး ဂျပန် အကူအညီရပြီး ဘီအိုင်အေတပ်ဖွဲ့ကာ မြန်မာပြည်ထဲ ဝင်လာချိန်မှာတော့ ပြည်သူ့အရေးတော်ပုံအုပ်စု၊ သခင်ဗစိန် ထွန်းအုပ်အဖွဲ့နဲ့ ဒေါက်တာဘမော်ပါတီ ပူးပေါင်းပြီး အစိုးရဖွဲ့ခဲ့ကြပါတယ်။

ဓားစာခံ ရုပ်သေးဘဝ

ဂျပန်ခေတ် ၁၉၄၃ မှာ ဖွဲ့တဲ့ ဒေါက်တာဘမော်ရဲ့ ရုပ်သေးအစိုးရမှာ သခင်ကိုယ်တော်မှိုင်းအုပ်စုက ခေါင်းဆောင်အဖြစ် သခင်မြ ဒုတိယ၀န်ကြီးချုပ် တာဝန်ယူခဲ့ပါတယ်။ သူတို့နဲ့ ပြိုင်ဘက်ဖြစ်ခဲ့တဲ့ သခင်ဗစိန်နဲ့ သခင်ထွန်းအုပ်ကို ဝန်ကြီးတာဝန်ကနေ သံအမတ်တာဝန်ပြောင်းလဲပေးအပ်ပြီး စင်္ကာပူနဲ့ ဂျားဗားကျွန်းကို ပြည်နှင်ဒဏ်ပေးခဲ့ပေမယ့် သခင်မြ၊ သခင်နု၊ သခင်သန်းထွန်းနဲ့ သခင်လေးမောင်တို့ကတော့ ဂျပန်ခန့် အစိုးရမှာ ဆက်လက်တည်မြဲခဲ့ပါတယ်။

သခင်မြ၊ သခင်နု စတဲ့ ဂျပန်ခေတ် သခင်ဝန်ကြီးတွေဟာ ဂျပန် ညှဉ်းဆဲခံရတဲ့ သခင်နဲ့ တပ်ခေါင်းဆောင်ငယ်တွေ လွတ်မြောက်ရေးအတွက် ဆောင်ရွက်ရသလို ချွေးတပ်ဆွဲခံရတဲ့ ကျေးလက်က လယ်သမားတွေအတွက် သက်သာရာရအောင်လည်း ကြိုးစားရပါတယ်။ အာဏာမရှိတဲ့ ရုပ်သေးအစိုးရဖြစ်လို့ ထိရောက်အောင် မဆောင်ရွက်နိုင်တဲ့အခါမှာတော့ သခင်ကိုယ်တော်မှိုင်း စတဲ့ လူရင်းတွေရဲ့ မချိတင်ကဲ ဆူပူကြိမ်းမောင်းမှုကို ဝန်ကြီးတွေ ခံရပါတယ်။ နောက်ဆုံး ၁၉၄၅ ဂျပန် စစ်ပြေးချိန်မှာ သခင်မြနဲ့ သခင်နုတို့ ဒေါက်တာဘမော်အစိုးရနဲ့အတူ မုဒုံထိ ဗုံးဘေး၊ စက်သေနတ်ဘေးတွေကြားက လိုက်သွားကြရပြီး ဂျပန်ဖမ်းထားတဲ့ အာရှလူငယ်နဲ့ နိုင်ငံရေးသမားတွေကို တတ်နိုင်သလောက် ကယ်ခဲ့ရပါတယ်။

ဂျပန် လက်နက်ချပြီးနောက် ဗိုလ်ချုပ်အောင်ဆန်း အမိန့်နဲ့ သခင်မြနဲ့ သခင်နုကို ဂျပန်လက်ကနေ သွားခေါ်ရတယ်လို့လည်း ဒီခရီးစဉ်မှာ ပါဝင်ခဲ့တဲ့ တပ်မတော် အရာရှိဟောင်းတယောက်က မှတ်တမ်းတင်ခဲ့ပါတယ်။

နိုင်ငံသစ်ရဲ့ ဗိသုကာများ

၁၉၄၅ ဖဆပလ ဖွဲ့စည်းချိန်မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့အတူ သခင်မြ လက်တွဲခဲ့ကြပြန်ပါတယ်။ ပြည်သူ့အရေးတော်ပုံခေတ်ကလိုပဲ လှုပ်ရှားတက်ကြွသူ ဗိုလ်ချုပ်နဲ့ နောက်ကွယ်က စီမံခန့်ခွဲသူ သခင်မြတို့ ပူးပေါင်းမှုဟာ တရုတ်က မော်စီတုန်းနဲ့ ချူအင်လိုင်း၊ အင်ဒိုနီးရှားက ဆူကာနိုနဲ့ ဟတ္တာတို့လိုပဲ အတွဲညီခဲ့ကြပါတယ်။ တဘက်မှာလည်း ဆိုရှယ်လစ်ပါတီဆိုပြီး ကွန်မြူနစ်ထဲ မပါတဲ့ လက်ဝဲအင်အားစုတွေကို စုစည်းပြီး သခင်မြ ပါတီသစ် ဖွဲ့ခဲ့ပါတယ်။ ဒီပါတီမှာ ဦးကိုကိုကြီး၊ ဦးဗဆွေ၊ ဦးကျော်ငြိမ်း၊ ဗိုလ်နေဝင်း စတဲ့ လွတ်လပ်ပြီးခေတ် မြန်မာနိုင်ငံရေးကို ကြီးစိုးမယ့် ခေါင်းဆောင်တွေ ပါဝင်ကြပါတယ်။

၁၉၄၆ အထွေထွေသပိတ်ကြီးအပြီး ဗိုလ်ချုပ်အောင်ဆန်းအစိုးရမှာ ဘဏ္ဍာရေးဝန်ကြီးအဖြစ် သခင်မြ တာဝန်ယူသလို အောင်ဆန်း အက်တလီ စာချုပ်အပြီး မြ ခရွန်ဘီ စာချုပ်နဲ့ အင်္ဂလိပ် မြန်မာ ဘဏ္ဍာရေး ကိစ္စတွေ ရှင်းလင်းရေးမှာလည်း သူပါဝင်ခဲ့ပါတယ်။ ၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေရေးဆွဲရေးနဲ့ တိုင်းပြည်ပြုလွှတ်တော်အဖွင့်မှာလည်း သေတ္တာမှောက် မင်းသားကြီးအဖြစ် သခင်မြကို ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဖဆပလခေါင်းဆောင်တွေက အားကိုးခဲ့ကြပါတယ်။

၁၉၄၆ နဲ့ ၁၉၄၇ ကြား နိုင်ငံရေး အကွေ့အပြောင်းတွေမှာ ဖဆပလနဲ့ ကွန်မြူနစ်ကွဲတာ၊ ကွန်မြူနစ် နှစ်ခြမ်းကွဲတာ၊ ဖဆပလနဲ့ စောစိန်မော် ဆိုတဲ့ ဦးစော၊ သခင်ဗစိန်၊ ဒေါက်တာဘမော်အုပ်စုတွေ ကွဲကြတာတွေ ဖြစ်ခဲ့ပါတယ်။ ဒီအကွဲအပြဲတွေကြား နိုင်ငံရေးလေမုန်တိုင်းတွေ ထန်ခဲ့ပေမယ့် အုပ်စုတွေအားလုံးနဲ့ သင့်တင့်မျှတအောင် ဆက်ဆံနိုင်သူက သခင်မြဖြစ်ပါတယ်။ လူကြီးလူကောင်းဆန်သူ၊ ဒေါသမရှိသူ၊ စေ့စပ်ပြေလည်ရေးကို အလေးပေးသူလို့ နာမည်ရတဲ့ သခင်မြဟာ မူနဲ့ပတ်သက်လာရင် တင်းမာပြတ်သားတတ်ပေမယ့် လူလူချင်း ဆက်ဆံမှုမှာတော့ အင်မတန်ပြေပြစ်တယ်လို့ နာမည်ရကြောင်း ဝိဓူရ သခင်ချစ်မောင်၊ သခင်ခင်အောင်၊ သခင်လွင် စတဲ့ သူ့ရဲ့ တပည့်ရင်း သခင်ခေါင်းဆောင်တွေက မှတ်ချက်ပြုပါတယ်။ ဒါကြောင့် လုပ်ကြံမှုမဖြစ်ခင်မှာ သခင်မြကို သာယာဝတီနယ်သားချင်းမို့ မသေစေလိုဘူးလို့ ဂဠုန်ဦးစောက ပြောကြားခဲ့ကြောင်း ရေးသားမှုတွေ ရှိခဲ့ပါတယ်။

သခင်မြအနိစ္စရောက်တာ ၇၅ နှစ် ကျော်လာခဲ့ပေမယ့် နိုင်ငံရေးလုပ်ကြံသတ်ဖြတ်မှုတွေ မြန်မာပြည်မှာ ခေတ်မကုန်ဘဲ တကျော့ပြန် ပေါ်လာတာ တွေ့ရသလို သခင်မြနဲ့ သခင်အောင်ဆန်းတို့ ပြည်တွင်းပြည်ပ ပူးပေါင်းထူထောင်ခဲ့တဲ့ မြန်မာ့တပ်မတော်ကလည်း ပြည်တွင်းစစ်နွံထဲက ရုန်းမထွက်နိုင်ဘဲ တပ်ဟောင်းတပ်သစ်အစုံနဲ့ စစ်ခင်းနေတာကို တွေ့ရပါတယ်။ သခင်မြ ပါဝင်လှုပ်ရှားခဲ့တဲ့ ကျောင်းသားနဲ့ လယ်သမားရေးတွေမှာလည်း ထူးခြားတိုးတက်မှုမတွေ့ရဘဲ ဗြိတိသျှလက်အောက်ကထက်ဆိုးတဲ့ အခွင့်အရေး ဖိနှိပ်ပိတ်ပင်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ သခင်မြနဲ့ ဗိုလ်ချုပ်အောင်ဆန်း၊ သခင်နုတို့ လူမျိုးစု ခေါင်းဆောင်တွေနဲ့ ညှိနှိုင်းရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံဥပဒေလည်း ၁၅ နှစ်မပြည့်ခင်မှာ ချုပ်ငြိမ်းခဲ့ပြီး သခင်မြပါတီထဲက ဗိုလ်ချုပ်ကြီးနေဝင်းနဲ့ သူ့နောက်လိုက် စစ်ဗိုလ်ချုပ်ကြီးတွေ တဆက်ပြီး တဆက် ဒေါ်အောင်ဆန်းစုကြည်ခေတ် ငါးနှစ်ကလွဲပြီး နိုင်ငံကို ပြောင်းလွှဲအုပ်ချုပ်နေကြတာကို တွေ့ရပါတယ်။