စိန့်ပီတာစ်ဘာ့ဂ် ဓာတ်ငွေ့စက်ရုံ ပေါက်ကွဲမှု ယူကရိန်းလက်ချက်လို့ဆို-ဇန်နဝါရီလ ၂၁ ရက်ညပိုင်းသတင်းများ

ဓာတ်ပုံ ရင်းမြစ်, TELEGRAM
ရုရှားနိုင်ငံ ဘောလ်တစ် ကမ်းရိုးတန်းပေါ်က သဘာဝဓာတ်ငွေ့ စက်ရုံတစ်ခုမှာ မီးလောင်ကျွမ်းနေမှုကို ငြှိမ်းသတ်နိုင်ဖို့ မီးသတ်သမားတွေ ကြိုးစားနေကြပါတယ်။ စိန့်ပီတာ့စ်ဘာ့ဂ်မြို့ရဲ့ အနောက်ဘက် အွတ်စ် လူဂါ ဆိပ်ကမ်းမှာရှိတဲ့ အဲဒီစက်ရုံမှာ မနေ့ညက မီးစွဲလောင်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီမှာ ပေါက်ကွဲမှု နှစ်ခုဖြစ်ခဲ့အပြီး အခုလို မီးစွဲလောင်ခဲ့တာလို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ဒီပေါက်ကွဲမှုဟာ ယူကရိန်း လုံခြုံရေးအဖွဲ့ရဲ့ အထူးစစ်ဆင်တိုက်ခိုက်မှုကြောင့် ဖြစ်ခဲ့တာလို့ ယူကရိန်းအစိုးရရဲ့ တရားဝင် သတင်းရင်းမြစ်တွေက ဘီဘီစီကို အတည်ပြု ပြောပါတယ်။
အခုသီတင်းပတ် အစောပိုင်းတုန်းက ရုရှားအစိုးရက အဲဒီဒေသမှာ ယူကရိန်းတပ်ဖွဲ့ရဲ့ ဒရုန်းတိုက်ခိုက်မှုတစ်ခုကို သူတို့ ကြားဖြတ်တားဆီးနိုင်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။
ယူကရိန်းစစ်တပ်ဟာ သူတို့ရဲ့ အရေးပါတဲ့ အခြေခံအဆောက်အအုံတွေ ဗုံးကြဲတိုက်ခိုက်ခံနေရတာကို တုံ့ပြန်တဲ့အနေနဲ့ တာဝေးပစ် ဒရုန်းတွေအသုံးပြုပြီး ရုရှားရဲ့ စက်မှုလုပ်ငန်း အဆောက်အဦတွေကို တိုက်ခိုက်လာနေပါတယ်။
အဲဒီစက်ရုံမှာ ထုတ်လုပ်မှုယန္တရားတွေကို ဆိုင်းငံ့ထားလိုက်ပြီလို့ အဲဒီစက်ရုံရဲ့ နိုဗာတက်ခ် သဘာဝဓာတ်ငွေ့ကုမ္ပဏီက ပြောပါတယ်။
ဒေါ့ညက်စ်ခ်မြို့ လေကြောင်းတိုက်ခိုက်မှု သေဆုံးသူ ၂၅ ဦးအထိ ရှိလာ

ဓာတ်ပုံ ရင်းမြစ်, Reuters
ယူကရိန်းနိုင်ငံအရှေ့ပိုင်းက ရုရှားထိန်းချုပ်တဲ့ ဒေါ့ညက်စ်ခ်မြို့က စျေးတစ်ခုအပေါ် အမြောက်ကျည် ထိမှန်ခဲ့ပြီး သေဆုံးခဲ့သူ အရေအတွက်ဟာ အခုအခါ ၂၅ ဦးအထိ တိုးလာနေပြီလို့ အဲဒီက တာဝန်ရှိသူတွေက ပြောပါတယ်။
အနည်းဆုံး လူ ၂၀ လောက်လည်း ဒဏ်ရာရခဲ့တယ်လို့ ရုရှားထိန်းချုပ်တဲ့ ဒေါ့ညက်စ်ခ်ဒေသအပိုင်းရဲ့ အကြီးအကဲက ပြောပါတယ်။
လူအစည်ကားဆုံး အချိန်မျိုးမှာ အဲဒီစျေးကို ယူကရိန်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ယူကရိန်းအစိုးရဘက်ကတော့ ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ထုတ်ဖော်ပြောဆိုတာမျိုး မရှိသေးပါဘူး။
ဒေါ့ညက်စ်ခ်မြို့နဲ့ အဲဒီဒေသက နေရာတချို့ကို ၂၀၁၄ ခုနှစ်တုန်းက ရုရှားထောက်ခံအားပေးတဲ့ လက်နက်ကိုင်တွေက ပထမ သိမ်းပိုက်ခဲ့တာပါ။ အဲဒီကတည်းကစလို့ အဲဒီနေရာတွေဟာ ရုရှားရဲ့ ထိန်းချုပ်မှုအောက်မှာ ရောက်နေတာ ဖြစ်ပါတယ်။
ပရာ့ဂ်မြို့ ချားလ်စ် တက္ကသိုလ် လူအစုလိုက်အပြုံလိုက် ပစ်ခတ်ခံခဲ့ရမှု တစ်လပြည့်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ချက်ကိုစလိုဗီးနီးယား သမ္မတနိုင်ငံ ပရာ့ဂ်မြို့က ချားလ်စ် တက္ကသိုလ်မှာ ကျောင်းသူကျောင်းသားတွေနဲ့ ဝန်ထမ်း စုစုပေါင်း ၁၄ ဦး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတာ တစ်လတင်းတင်းပြည့်တဲ့ ဒီကနေ့မှာပဲ တက္ကသိုလ် အနုပညာ အဆောင်ကို ပထမဆုံးအကြိမ် ပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။
ချက်ကိုစလိုဗီးနီးယား သမ္မတနိုင်ငံသမိုင်းမှာ အဆိုးဝါးဆုံး လူအစုလိုက်အပြုံလိုက် သေနတ်ပစ်သတ်ခံခဲ့ရမှုအတွင်း သေဆုံးခဲ့သူတွေကို အောက်မေ့သတိရတဲ့ အခမ်းအနားတွေကို တက္ကသိုလ် တည်ရှိရာ မြို့လယ်ခေါင်က ဂျန် ပါလက်ခ် ရင်ပြင်မှာ ကျင်းပနေပါတယ်။
အဆောက်အဦတွင်းမှာတော့ ဂီတဖျော်ဖြေပွဲတွေ၊ ဟောပြောပွဲတွေ ကျင်းပမယ်လို့ သိရပါတယ်။
တစ်ချိန်တည်းမှာပဲ အနားမှာရှိတဲ့ အနုပညာကျောင်းက ကျောင်းသားကျောင်းသူတွေက တက္ကသိုလ်ကျောင်းပြင်ပမှာ ထွန်းညှိခဲ့တဲ့ ဖယောင်းတိုင် ထောင်ပေါင်းများစွာရဲ့ ဖယောင်းရည်တွေကို သုံးပြီး ရာသက်ပန် အောက်မေ့ဖွယ် အမှတ်တရ ကျောက်တိုင်တစ်ခု စတင်ဖန်တီးနေကြပါတယ်။
စာသင်ကြားမှုတွေကို လာမယ့်လမှာ ပြန်စမှာဖြစ်ပေမဲ့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ စတုတ္ထထပ်က အဆောင်ကိုတော့ ဆက်လက်ပိတ်ထားမယ်လို့ သိရပါတယ်။
ပြန်ပေးဆွဲခံခဲ့ရတဲ့ ညီအစ်မတွေကို ရဲက ပြန်လည်ကယ်တင်နိုင်ခဲ့

ဓာတ်ပုံ ရင်းမြစ်, AL-KADRIYAR FAMILY
နိုင်ဂျီးရီးယားနိုင်ငံ အဘူဂျာမြို့တော်မှာ အခုလအစောပိုင်းက ပြန်ပေးဆွဲခံခဲ့ရသူ ညီအစ်မ ၅ ဦးကို အောင်မြင်စွာ ပြန်လည် ကယ်ဆယ်လိုက်နိုင်ပြီလို့ ရဲတွေက ပြောပါတယ်။
နိုင်ငံမြောက်ပိုင်း ကာဒူနာပြည်နယ်မှာ ရဲနဲ့ စစ်တပ် ပူးပေါင်းစစ်ဆင်မှု တစ်ခုအတွင်း စနေနေ့ညက အဲဒီညီအစ်မတွေကို ပြန်လည် ကယ်ဆယ်နိုင်ခဲ့တာလို့ ဆိုပါတယ်။ နောက်ပိုင်းမှာ သူတို့ထဲက ညီမတစ်ဦး သေဆုံးခဲ့ပါတယ်။
အဲဒီပြန်ပေးဆွဲမှုဖြစ်ရပ်ကြောင့် လူထုအကြား အုတ်အော်သောင်းတင်း ဖြစ်သွားခဲ့ပါတယ်။
သူတို့ ညီအစ်မတွေကို ငွေနဲ့ရွေးမှ ပြန်လွှတ်ပေးမယ်လို့ ပြန်ပေးဆွဲသူတွေက ခြိမ်းခြောက်ထားခဲ့တာပါ။
နိုင်ဂျီးရီးယားနိုင်ငံမှာ ပြန်ပေးဆွဲမှုဖြစ်ရပ်တွေက အနှံ့အပြား ဖြစ်ပွားလာ နေပြီး အများအားဖြင့် ရာဇဝတ်ဂိုဏ်းတွေရဲ့ လက်ချက်နဲ့ လတ်တလော နှစ်ပိုင်းတွေအတွင်း လူရာပေါင်းများစွာ ပြန်ပေးဆွဲခံခဲ့ရပါတယ်။








