ရခိုင်သတင်းဌာနအားလုံး ရုံးခန်းမရှိဘဲ လျှို့ဝှက်ပြီးလုပ်ကိုင်နေရ

ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ သတင်းမီဒီယာတွေအပေါ် စစ်ကောင်စီလက်ထက်မှာ ဖိနှိပ်မှုတွေ ပိုမိုပြုလုပ်တာကို ကြုံနေကြရတယ်လို့ သတင်းဌာနတွေက ပြောဆိုကြပါတယ်။

သတင်းဌာနကိုရော အယ်ဒီတာချုပ်နဲ့ သတင်းထောက်တွေကိုပါ တရားစွဲဆိုထားပြီး တချို့ဆိုရင် တစ်သက်တစ်ကျွန်းထိ ထောင်ဒဏ်ချမှတ်ခံရနိုင်တဲ့ ပုဒ်မတွေနဲ့ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

အခုလို သတင်းသမားတွေနဲ့ သတင်းဌာနတွေကို အမှုဖွင့်အရေးယူတာတွေ၊ တရားစွဲဆိုထားတာတွေဟာ စစ်ပွဲကာလအတွင်း စစ်တပ်နဲ့ပတ်သက်တဲ့ သတင်းတွေကို ရေးသားထုတ်ဝေတဲ့အတွက်ကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

ရခိုင်အခြေစိုက် သတင်းဌာနတွေဟာ စစ်တပ်နဲ့ပတ်သက်တဲ့ သတင်းတွေကို ရေးသားရာမှာ မဟုတ်မမှန်သတင်းတွေ ရေးသားထုတ်ဝေတယ်ဆိုပြီး ကြီးလေးတဲ့ပုဒ်မတွေနဲ့ စစ်ကောင်စီက တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ တရားစွဲဆိုခံထားရတဲ့ သတင်းဌာနသုံးခုရှိပြီး ပြီးခဲ့တဲ့ NLD အစိုးရလက်ထက်နဲ့ အခုစစ်ကောင်စီ လက်ထက်တွေမှာ စွဲဆိုခံထားကြရတာဖြစ်ပါတယ်။

တရားစွဲဆိုခံနေကြရတဲ့ သတင်းဌာနတွေကတော့ Development Media Group , Narinjara နဲ့ Western News တို့ဖြစ်ကြပါတယ်။

နောက်ထပ်သတင်းဌာနတစ်ခုဖြစ်တဲ့ Border News Agency ကတော့ သူတို့ကို တရားစွဲဆိုထားတာရှိမရှိဆိုတာ တိတိကျကျမသိရှိရသေးပေမယ့် အဲ့ဒီသတင်းဌာနတည်နေရာနဲ့ သတင်းထောက်တွေနေထိုင်တဲ့နေရာတွေကို စစ်ကောင်စီက လိုက်လံစုံစမ်းရှာဖွေမှုတွေ ပြုလုပ်နေတယ်လို့ သိရကြောင်း တာဝန်ရှိသူတွေက ပြောဆိုကြပါတယ်။

ဒါကြောင့် ရခိုင်မှာတရားဝင်ရပ်တည်နေခဲ့တဲ့ သတင်းဌာနလေးခုစလုံးဟာ လက်ရှိအခြေအနေမှာ ရုံးခန်း သတ်သတ်မှတ်မှတ် မရှိကြတော့သလို သတင်းထောက်တွေကိုလည်း လုံခြုံမယ့်နေရာတွေမှာသာ ထားရှိပြီး သတင်းခန်းတွေကို လည်ပတ်နိုင်အောင် ကြိုစားနေရတယ်လို့ Western News ရဲ့အယ်ဒီတာချုပ် ဝဏ္ဏခွာညိုက ပြောပါတယ်။

စစ်အာဏာသိမ်းမှုဖြစ်ပွားခဲ့တဲ့ ၂၀၂၁ ခုနှစ်အတွင်းမှာပဲ ပြည်မနဲ့ တိုင်းရင်းသားဒေသတွေမှာရှိတဲ့ မီဒီယာတွေကို စစ်ကောင်စီက ဖိနှိပ်မှုတွေပြုလုပ်တာကြောင့် သတင်းဌာနအများစုတို့မှာ ဖျက်သိမ်းလိုက်ရသလို တချို့ကတော့ ပြည်ပနိုင်ငံတွေကို ထွက်ခွာသွားခဲ့ကြပါတယ်။

သတင်းထောက်တွေလည်း ပြည်တွင်းမှာဆက်နေထိုင်ဖို့ အခက်အခဲရှိလာတာကြောင့် သူတို့အတွက် လုံခြုံမယ့်နိုင်ငံတွေကို ရွှေ့ပြောင်းသွားခဲ့ကြရတာပါ။

အဲဒီအချိန်က ရခိုင်ပြည်နယ်ဟာ အပစ်ခတ်ရပ်စဲထားတဲ့ အချိန်ကာလည်းဖြစ်သလို နွေဦးတော်လှန်ရေးထဲမှာလည်း ထဲထဲဝင်ဝင်ပါဝင်မှု မရှိခဲ့ကြတာကြောင့် ရခိုင်ကမီဒီယာတွေကိုတော့ စစ်ကောင်စီက တင်းကျပ်မှုတွေ မလုပ်ခဲ့ပါဘူး။

ဒါပေမဲ့ ၂၀၂၂ ခုနှစ်အတွင်း ရခိုင်မှာ စစ်ကောင်စီနဲ့ အေအေတို့အကြား တစ်ကျော့ပြန်တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားလာခဲ့ချိန်မှာတော့ မီဒီယာတွေဟာ စစ်ကောင်စီရဲ့ အဓိကပစ်မှတ်တစ်ခုဖြစ်လာခဲ့ပါတယ်။

“၂၀၁၈ တိုက်ပွဲဖြစ်ပွားတဲ့အချိန်ကစလို့ လုပ်နေတာပေါ့နော်။ အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ သတင်းဌာန တွေကို ဝင်စီးတာတွေ၊ ဖမ်းဆီးမှုတွေနဲ့ တရားစွဲဆိုတာတွေ ဆက်တိုက်လုပ်လာတယ်။ အခုဆိုကျွန်တော်တို့က မြို့ပေါ်မှာနေလို့မရတော့ဘူး။ သတင်းထောက်တွေကိုလည်း လုံခြုံမယ့်နေရာတွေမှာထားပြီး လုပ်နေကြရ တယ်။”လို့ Western News အယ်ဒီတာချုပ် ဝဏ္ဏခွာညိုက ပြောပါတယ်။

၂၀၂၁ ခုနှစ်မှာပဲ ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းက စစ်တပ်တစ်ခုမှာ အလံဖြူထောင်တယ်ဆိုတဲ့သတင်းကို Western News က ရေးသားဖော်ပြခဲ့ပါတယ်။ အဲ့ဒီသတင်းဟာ စစ်တပ်အပေါ် ဂုဏ်သိက္ခာကျဆင်းအောင် လုပ်တာဖြစ်ပြီး မဟုတ်မမှန် သတင်းရေးသားတယ်ဆိုပြီးတော့ Western News အယ်ဒီတာချုပ် ဝဏ္ဏခွာညိုနဲ့ သတင်းထောက်တစ်ဦးတို့ကို စစ်တပ်က တရားစွဲဆိုထားတာဖြစ်ပါတယ်။

သူတို့နှစ်ဦးကိုတော့ ထောင်ဒဏ် တစ်သက်တစ်ကျွန်းထိချမှတ်နိုင်တဲ့ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၂၄ နဲ့ စွဲဆိုထားတာပါ။ သတင်းမှာ အင်တာဗျူးဖြေကြားခဲ့တဲ့ ပလက်ဝဒေသခံ ကျန်းမာရေးဝန်ထမ်း ဦးတင်ထွန်းအောင်ကိုတော့ ပုဒ်မ ၅၀၅ - က နဲ့ တရားစွဲဆိုခံရပြီးတော့ ထောင်ဒဏ် ၃ နှစ် ချမှတ်ခံလိုက်ရပါတယ်။

ဦးတင်ထွန်းအောင်က အမှုနဲ့ပတ်သက်လို့ ခရိုင်တရားရုံးသို့အယူခံရာမှာ ထောင်ဒဏ်တိုးချဖို့အတွက် ခရိုင်တရား သူကြီးကို စစ်တပ်က ဖိအားပေးတာ‌တွေရှိခဲ့ပါတယ်။ တရားသူကြီးက ပြစ်ဒဏ်တစ်နှစ်လျှော့ချစီရင်ခဲ့တာကြောင့် အမိန့်နာခံမှုမရှိဆိုပြီး ဖမ်းဆီးဖို့ကြိုးစားလာတဲ့အတွက် တရားသူကြီးလည်း ထွက်ပြေးခဲ့ရတဲ့အထိ ဖြစ်စဉ်တွေရှိခဲ့တာပါ။

ရခိုင်မှာ တစ်ကျော့ပြန်တိုက်ပွဲတွေအတွင်းဖြစ်ပွားခဲ့ကြတဲ့ ဖြစ်စဉ်အများစုဟာ လူနေကျေးရွာတွေ အနီးဝန်းကျင်မှာ ဖြစ်ပွားခဲ့ကြတာဖြစ်သလို စစ်တပ်က အရပ်သားတွေကို ဦးတည်တိုက်ခိုက်တာတွေကို ယခင်တိုက်ပွဲကာလကထက် ပိုမိုလုပ်ဆောင်ခဲ့ပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ ရခိုင်သတင်းဌာနတွေက လူ့အခွင့်အရေးချိုးဖောက်ခံရတာတွေ၊ မတရားဖိနှိပ်သတ်ဖြတ်တာတွေ၊ ကျေးရွာတွေကိုမီးရှို့ဖျက်ဆီးတာတွေ စသဖြင့် ပြည်သူတွေကြုံတွေ့ခဲ့ရတဲ့တွေကို သတင်းရေးသားမှုတွေပြုလုပ်ခဲ့ကြပါတယ်။

အဲ့ဒီသတင်းတွေကြောင့် စစ်ကောင်စီဟာ သတင်းရေးသားဖော်ပြခဲ့ကြတဲ့ သတင်းထောက်တွေနဲ့ သတင်းဌာနတွေကို မကျေနပ်မှုတွေရှိလာခဲ့ပါတယ်။

“ကျွန်တော်တို့အမြင်ကတော့ သတင်းသမားတွေကို သူတို့မရှိစေချင်တဲ့သဘောပါ။ သတင်းသမားတွေကြောင့် သူတို့ ဂုဏ်သိက္ခာကျဆင်းရတယ်ဆိုတဲ့ အမြင်ရှိကြတယ်။ တကယ်လည်း သူတို့ကျူးလွန်ခဲ့ကြတာပဲလေ။ အောက်ခြေမှာရှိတဲ့ စစ်သားတွေကလုပ်ချင်ရာလုပ်ကြတယ်။ လူကြီးတွေက သတင်းဌာနတွေကို တရားစွဲတယ်။ ဖမ်းဆီးဖို့ကြိုးစားတယ်ဆိုတာတော့မဖြစ်သင့်ဘူး။ ဒါဟာ ရခိုင်ကမီဒီယာတွေကို ရှင်းလင်းဖို့ကြိုးစားလာတာ လို့ပဲမြင်တယ်။”လို့ နိုင်ငံရေးသမားတစ်ဦးက ထောက်ပြပါတယ်။

သတင်းဌာနတွေက ထုတ်လွှင့်ခဲ့ပြီးတဲ့ စစ်ပွဲသတင်းတွေဟာ ရခိုင်ပြည်နယ်အနှံ့အပြားမှာ ဖြစ်ပွားခဲ့ကြတဲ့ ဖြစ်စဉ်မှန်တွေဖြစ်သလို သတင်းမှားတွေကို ရေးသားထုတ်ဝေခဲ့တာလည်းမဟုတ်တဲ့အတွက် သူတို့အပေါ် တရားစွဲဆိုထားတာတွေကို ဖြေလျှော့ပေးဖို့အတွက်တော့ စစ်ကောင်စီကို လုံးဝ အသနားခံသွားမှာမဟုတ်ဘူးလို့ မီဒီယာတွေဘက်က ပြောဆိုကြပါတယ်။

လက်ရှိမှာတော့ အခုလိုစစ်ကောင်စီရဲ့ တရားစွဲဆိုမှုတွေ၊ စောင့်ကြည့်မှုတွေနဲ့ ဝင်ရောက်ရှာဖွေမှုတွေကို ဆက်တိုက်ကြုံနေကြရတာကြောင့် သတင်းခန်းတွေကို ခက်ခက်ခဲခဲနဲ့လည်ပတ်နေကြရတာပါ။

အခြားတစ်ဖက်မှာလည်း သတင်းထောက်တွေ ဖမ်းဆီးမခံရဖို့အတွက် သူတို့လုံခြုံတဲ့နေရာတွေမှာ ပြောင်းရွှေ့နေထိုင်ကြပြီး လျှို့ဝှက်စွာနဲ့ပဲ လုပ်ကိုင်နေကြရတယ်လို့ ပြောဆိုကြပါတယ်။

ရခိုင်မှာရှိတဲ့ သတင်းထောက်တွေဟာ ဘယ်သူရဲ့အကာအကွယ်မှ မရရှိကြတော့သလို မိမိရဲ့လုံခြုံရေးအတွက်ကို မိမိအသိစိတ်နဲ့ပဲ သတိထားနေနေကြရတာပါ။ အရင်ကလိုမျိုး အပြင်ထွက်ပြီး သတင်းလိုက်တဲ့ အလုပ်တွေကိုလည်း မလုပ်ကိုင်နိုင်ကြတော့ဘူးလို့ ပြောဆိုကြပါတယ်။

ထူးခြားတာတစ်ခုက အခုနှစ်ဆန်းပိုင်းကစလို့ စစ်ကောင်စီဥက္ကဋ္ဌဟာ ရခိုင်ပြည်နယ်ကို မကြာခဏလာရောက်မှု တွေရှိနေပါတယ်။ မတ်လကုန်ပိုင်းမှာ တတိယအကြိမ်ခရီးစဉ်အဖြစ် စစ်တွေမြို့ကိုရောက်ရှိလာပြီးနောက်ပိုင်းမှာ ရခိုင်သတင်းဌာနတာဝန်ရှိသူတစ်ချို့ အမှုဖွင့်ခံလိုက်ရသလို လိုက်လံဖမ်းဆီးဖို့ရှိတယ်ဆိုပြီး သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ အဲဒီ သတင်းဟာ စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိရေးလုပ်နေတဲ့ ရခိုင်နေ့စဉ် လူမှုကွန်ရက်စာမျက်နှာကနေ ရေးသားခဲ့တာဖြစ်ပါတယ်။

စစ်တွေမြို့ပေါ်မှာရှိတဲ့ တချို့သတင်းထောက်တွေနေထိုင်တဲ့နေရာတွေကိုလည်း ညအချိန်တွေမှာ လာရောက်စစ်ဆေးတာတွေ မေးမြန်းစုံစမ်းတာတွေနဲ့ မကြာခဏကြုံကြရတယ်လို့ ပြောဆိုကြပါတယ်။

“ပြီးခဲ့တဲ့မတ်လကုန်ပိုင်းလောက်မှာပါ။ ကျွန်မတို့နေတဲ့အခန်းရှိတဲ့နေရာကို ည ၁၂ နာရီခွဲလောက်မှာ စစ်သားတွေရောက်လာတယ်။ အဲဒီအနီးဝန်းကျင်မှာ လက်နက်အပြည့်အစုံနဲ့ စောင့်နေကြတယ်။ ပြီးတော့ အိမ်ခန်းတွေကိုလာပြီး အိမ်ထောင်စုစာရင်းစစ်တယ်။ ဒါတွေလုပ်ခဲ့ပါတယ်။ အဲ့ဒီအချိန်မှာကျွန်မတို့တော့ မရှိကြဘူးပေါ့။”လို့ သတင်းထောက်တစ်ဦးက ပြောပါတယ်။

“အာဏာသိမ်း စစ်ခေါင်းဆောင် ရခိုင်ပြည်နယ်ကို တတိယအကြိမ်ရောက်ပြီးမှ ရခိုင်မီဒီယာတွေကို ပြည်နယ်စစ်ကောင်စီကတစ်ဆင့် ရှာတာတို့၊ မေးမြန်းတာတို့၊ နေရပ်လိပ်စာမေးမြန်းတာတို့ရှိနေတာပေါ့နော်။ အဓိကတော့ သူတို့ရဲ့ဖမ်းဆီးမယ့်အန္တရာယ်တွေအခြေအနေတွေနဲ့ ကြုံတွေ့နေရတယ်လို့ ပြောရမှာပေါ့။”လို့ Border News Agency ရဲ့ အယ်ဒီတာချုပ် ကောင်းမြတ်နိုင်က ပြောပါတယ်။

စစ်ခေါင်းဆောင်ရဲ့ တစ်လတစ်ကြိမ်ရောက်ရှိနေတဲ့ ရခိုင်ပြည်နယ်ခရီစဉ်ဟာ စစ်ကောင်စီအတွက် ဘယ်လိုအကျိုးအမြတ်တွေဖြစ်တယ်။ ရခိုင်ပြည်နယ်ကိုဘယ်လိုအသုံးချချင်တယ်ဆိုတဲ့ ထောက်ပြမှုတွေကို ရခိုင်မီဒီယာတွေဘက်က ရေးသားနေကြတာပါ။

သတင်းဌာနတွေဘက်က ဒေသအခြေအနေတွေကို ရေးသားဖော်ပြကြတဲ့အခါမှာ ပြည်သူ၊ အစိုးရ၊ စစ်တပ်နဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့အကြား မျှတအောင် ကြိုးစားပြီးရေးသားနေကြတာ ဖြစ်တယ်လို့ ပြောဆိုကြပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်မှာ စစ်တပ်နဲ့ အေအေတို့ဟာ စင်ပြိုင်အစိုးရနှစ်ရပ်လိုဖြစ်နေပြီး သတင်းထောက်တွေဘက်ကလည်း သတင်းတွေထုတ်လုပ်တဲ့အခါမှာ အစစအရာရာသတိထားဆင်ခြင်ပြီး လုပ်ကိုင်နေကြရတယ်လို့ သတင်းသမားတွေက ပြောဆိုကြပါတယ်။

စစ်ကောင်စီနဲ့သတင်းသမားတွေအကြား ပွတ်တိုက်မှုတွေရှိနေတဲ့အချိန် အေအေဘက်က လူကြီးပိုင်းတွေကတော့ သူတို့မူအရ ကာကွယ်ပြောဆိုတာတွေရှိနေပေမယ့်လည်း အောက်ခြေအဆင့်တွေမှာတော့ သတင်းသမားတွေအပေါ် အဆင်မပြေမှုတွေရှိနေတာကြောင့် စိုးရိမ်နေရတဲ့အခြေနေနဲ့လည်း ကြုံနေရတာတွေရှိတယ်လို့ ထောက်ပြကြပါတယ်။