ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီ ထောင် ၇ နှစ်ထပ်ချ စုစုပေါင်း ထောင်ဒဏ် ၃၃ နှစ်အထိရှိလာ

သမ္မတ ဦးဝင်းမြင့်ကိုလည်း ထောင် ၇ နှစ်ထပ်မံချမှတ်၊ စုစုပေါင်း ထောင် ၁၂ နှစ်အထိရှိလာ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ ရင်ဆိုင်နေရတဲ့ အဂတိအမှု ငါးမှုကို နေပြည်တော်အချုပ်ထောင်တွင်းအထူးတရားရုံးက ဒီကနေ့ ဒီဇင်ဘာ ၃၀ ရက်မှာ အပြီးသတ်အမိန့်ချမှတ်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အဂတိမှုငါးမှုမှာ ရဟတ်ယာဥ်ကို ငှားရမ်းတာနဲ့ပတ်သက်လို့ ၃မှုနဲ့ ပြုပြင်ထိန်းသိမ်းမှုတစ်မှု လေးမှုအတွက် တစ်မှုကို ထောင်ဒဏ် ၃ နှစ်စီနဲ့ ၁၂ နှစ်ကို တစ်ပေါင်းတည်းကျခံစေဖို့ ချတာဖြစ်လို့ စုစုပေါင်း ၃ နှစ်၊​ တစ်ခါ ရဟတ်ယာဥ် ဝယ်ယူမှုတစ်မှုအတွက် လေးနှစ် သီးခြားစီကျခံစေလို့ ချမှတ်လို့ စုစုပေါင်း အမှုငါးမှုအတွက် ထောင် ၇ နှစ်ထပ်မံချမှတ်ခံရတာဖြစ်ပါတယ်။

သမ္မတ ဦးဝင်းမြင့်ကိုလည်း ဒေါ်အောင်ဆန်းစုကြည်နည်းတူအမိန့်တွေချမှတ်ခဲ့ပါတယ်။

 နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ရင်ဆိုင်နေရတဲ့ အဂတိအမှု ၅ မှုဟာ NLD အစိုးရလက်ထက် သဘာဝဘေးတုံ့ပြန်ဖို့ ရည်ရွယ်ပြီး အီတလီထုတ်ရဟတ်ယာဥ် တစ်စီးကို ငှားရမ်း၊ ဝယ်ယူ၊ ပြင်ဆင်သုံးစွဲမှုမှာ လုပ်ထုံးလုပ်နည်းနဲ့အညီ မလုပ်ခဲ့တာကြောင့် နိုင်ငံပိုင်ငွေကြေးတွေ နစ်နာဆုံးရှုံးရတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ စစ်ကောင်စီက တရားစွဲထားတဲ့အမှုတွေ ဖြစ်ပါတယ်။

ဒီအမှုတွေဟာ လူကယ်ပြန်ဝန်ကြီးဟောင်း ဒေါက်တာဝင်းမြတ်အေးကို စစ်ကောင်စီရဲ့ အဂတိကော်မရှင်က အဂတိမှုနဲ့တိုင်ကြားချက်အပေါ် စစ်ဆေးရာကနေ သမ္မတနဲ့အတိုင်ပင်ခံကိုပါ ထပ်မံတရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

အသက် ၇၇ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ဟာ အခုဆို အမှုပေါင်း ၁၉ မှုအတွက် ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခံထားရပြီး သမ္မတ ဦးဝင်းမြင့်ကတော့ အမှု ၈ မှုနဲ့ စုစုပေါင်း ထောင် ၁၂ နှစ်အထိ ရှိလာပြီဖြစ်ပါတယ်။

ဒီကနေ့ ချမှတ်ခဲ့တဲ့အမိန့်တွေနဲ့ပတ်သက်လို့ ဥပဒေအရ အယူခံ ဆက်တက်ဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတတို့နှစ်ဦးလုံးက ညွှန်ကြားခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းထံကသိရပါတယ်။ 

ပြီးခဲ့တဲ့ သီတင်းပတ်က ကုလသမဂ္ဂလုံခြုံရေးကောင်စီက နှစ်ပေါင်း ၇၀ ကျော်အတွင်း မြန်မာ့အရေး ပထမဆုံး ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်မူကြမ်းမှာ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ ဖမ်းဆီးထားသူတွေအားလုံးပြန်လွှတ်ပေးဖို့တောင်းဆိုထားပါတယ်။ 

မူလက ဒီအဂတိမှုငါးမှုနဲ့ပတ်သက်လို့ ဇန်နဝါရီလမှသာ အပြီးသတ်အမိန့်ချနိုင်မယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပေမဲ့ အခုတော့ ဒီနေ့မှာ အပြီးသတ်အမိန့်ချဖို့ ရှိပြီး ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်ကောင်စီ စွဲဆိုထားတဲ့အမှုတွေအားလုံး ပြီးပြတ်သွားမှာဖြစ်ပါတယ်။ 

တစ်ချိန်တည်းမှာပဲ လာမယ့် လွတ်လပ်ရေးနေ့မှာ စစ်ကောင်စီက အကျဥ်းသားတွေလွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ရှိတယ်ဆိုတဲ့သတင်းတွေကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်သလို၊ ဒီအထဲ ဒေါ်အောင်ဆန်းစုကြည်ပါလာနိုင်တယ်ဆိုတဲ့ ယူဆချက်တွေလည်းရှိနေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက စွဲဆိုထားတဲ့အမှုတွေ

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့က စလို့ ဖမ်းဆီးထိန်းသိမ်းခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည်ကို ၁ နှစ်နဲ့ ၄လ‌‌ လောက်နေအိမ်အကျယ်ချုပ်ထားခဲ့ပြီးမှ အဲဒီနောက်ပိုင်းမှာ နေပြည်တော်အချုပ်ထောင်ထဲ ပြောင်းရွှေ့အကျဥ်းချခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ဖမ်းဆီးပြီး အမှု စုစုပေါင်း အမှု၁၉ မှုအထိ တရားစွဲခဲ့ပါတယ်။

အဲဒီအမှုတွေထဲ ၂၀၂၀ ရွေးကောက်ပွဲကြိုကာလ မဲဆွယ်ယာဥ်တန်းကိုလက်ပြမှု၊ နေပြည်တော်ရွှေကြာပင်ရပ်ကွက်မှာ မဲဆွယ်စည်းရုံးရေးသွားရောက်မှုတို့နဲ့ပတ်သက်ပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာပုဒ်မနဲ့ နှစ်မှု၊ နေအိမ်မှာ စကားပြောစက်နဲ့ Jammer တွေတွေ့ရှိတယ်ဆိုပြီး ပို့ကုန်သွင်းကုန်ဥပဒေနဲ့ ဆက်သွယ်ရေးဥပဒေတို့နဲ့နှစ်မှု၊ NLD ပါတီက ဖေဖော်ဝါရီ ၆ ရက်နဲ့ ၇ ရက်တို့မှာ ထုတ်ပြန်ခဲ့တဲ့ စာနှစ်စောင်နဲ့ပတ်သက်လို့ ပုဒ်မ ၅၀၅ (ခ) နဲ့တစ်မှု၊ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်း ထံက အမေရိကန်ဒေါ်လာနဲ့ ရွှေ ၇ ပိဿာရယူတယ်ဆိုပြီး အဂတိတစ်မှု၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ဆက်စပ်ပြီး အဂတိမှု ၄ မှု၊ စီးပွားရေး လုပ်ငန်းရှင် ဦးမောင်ဝိတ်ထံက အမေရိကန်ဒေါ်လာ ငါးသိန်းခွဲ​ လာဘ်ယူတယ်ဆိုတဲ့စွပ်စွဲချက် အဂတိမှု ၂ မှု၊ နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေနဲ့တစ်မှု၊ ရွေးကောက်ပွဲကော်မရှင်အပေါ် မလျော်သြဇာသုံးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တစ်မှု၊ ရဟတ်ယာဥ်ငှားရမ်းဝယ်ယူပြုပြင်ထိန်းသိမ်းရေးနဲ့ပတ်သက်လို့ အဂတိမှု ၅ မှု တို့ ဖြစ်ပါတယ်။

အခုလက်ရှိမှာတော့ ဒေါ်အောင်ဆန်းစုကြည်ကိုနေပြည်တော်အချုပ်ထောင်အတွင်းမှာ စစ်ကောင်စီက ဆရာဝန် ၂ယောက်နဲ့ ပုံမှန် ဆေးစစ်တာမျိုးနဲ့ ကျန်းမာရေး စောင့်ရှောက်တာမျိုး ရှိတယ်လုပ်ပေးတယ်လို့သိရပြီး၊ သီးသန့်ထားတဲ့ အဲဒီအကျဉ်းခန်းထဲ ဒေါ်အောင်ဆန်းစုကြည်အတွက် အမျိုးသမီးအကျဥ်းထောင်ဝန်ထမ်း ၃ ဦး ထားရှိပေးထားကာ တစ်ပတ်မှာ ထောင်ဝင်စာ ၂ရက်ရနေတဲ့ အခြေအနေဖြစ်ပါတယ်။

အမှုတွေအားလုံးပြီးပြတ်ပြီး ပြစ်ဒဏ်ကျခံရတဲ့အကျဥ်းသားကို အကျဥ်းထောင်ကို ရွှေ့ပြောင်းရလေ့ရှိပါတယ်။

အခုဒေါ်အောင်ဆန်းစုကြည်ရဲ့အမှုတွေအားလုံးပြီးပြတ်သွားပြီဖြစ်လို့ နေပြည်တော်အချုပ်ထောင်ကနေ တခြားနေရာတစ်ခုခုကိုရွှေ့ပြောင်းဖို့ ဖြစ်နိုင်ခြေရှိတယ်လို့ သုံးသပ်တာတွေလည်းရှိနေပြီး ဒီကနေ့ရုံးချိန်းအပြီးမှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အချုပ်ထောင်ထဲ ပြန်လည်ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

ဝန်ကြီးတွေရဲ့ထောင်