ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဆေးခြောက်မှုအတွက် လူတစ်ဦးကို စင်ကာပူ သေဒဏ်စီရင်
ဂျိုးလ်ဂူရင်တို၊ဘီဘီစီသတင်း၊စင်ကာပူ
ဆေးခြောက်တရားမဝင်သယ်ဆောင်ရောင်းချမှုနဲ့ ဆက်စပ်ပြီး အမျိုးသားတစ်ဦးကို စင်ကာပူမှာ ဗုဒ္ဓဟူးနေ့ မနက်ပိုင်းက သေဒဏ်ပေး ကွပ်မျက်ခဲ့ပါတယ်။
သူ့ကို မကွပ်မျက်အောင် မိသားစုအပါအဝင် ကုလသမဂ္ဂကရော၊ လူ့အခွင့်အရေးလှုပ်ရှားသူတွေကပါ စင်ကာပူအာဏာပိုင်တွေကို တောင်းဆိုခဲ့ကြတဲ့ကြက အခုလို စီရင်ခဲ့တာပါ။
ကွပ်မျက်ခံရတော့မယ့် သူက တန်ဂါရာဂျူး ဆူပီရီယာ ဖြစ်ပြီး သူ့မှာ သေဒဏ်ပေးလောက်တဲ့အထိ ခိုင်မာတဲ့အထောက်အထားမရှိဘူးလို့ တက်ကြွလှုပ်ရှားတဲ့သူတွေက ပြောပါတယ်။
ဒါပေမဲ့ စင်ကာပူအစိုးရဘက်ကတော့ သူ့ကို ဥပဒေစီရင်ထုံး အတိုင်း သေချာလိုက်နာဆောင်ရွက် အရေးယူတာလို့ ပြောပါတယ်။
အခုကွပ်မျက်မှုဟာ ဥာဏ်ရည်ဥာဏ်သွေးချို့ယွင်းသူတစ်ဦးကို မူးယစ်ဆေးစွဲချက်နဲ့ ပြီးခဲ့တဲ့နှစ်က ကွပ်မျက်ပြီးနောက်ပိုင်း ဖြစ်လာတာပါ။
စင်ကာပူ လူ့အဖွဲ့အစည်းကို ကာကွယ်ဖို့ ဆိုတဲ့ အကြောင်း ပြချက်နဲ့ ကမ္ဘာ့အပြင်းထန်ဆုံး မူးယစ်ဆေး ဝါး တိုက်ဖျက်ရေးဥပဒေတချို့ကို စင်ကာပူမှာ ပြဋ္ဌာန်းထားပါတယ်။
မကြာသေးမီရက်ပိုင်းအတွင်းကလည်း တန်ဂါရာဂျူး ဆူပီရီယာရဲ့ မိသားစုဝင်တွေနဲ့ တက်ကြွ လှုပ်ရှားသူတွေက စင်ကာပူသမ္မတ Halimah Yacobထံ အသနားခံစာတွေပေးပို့ပြီး တန်ဂါရာဂျူးကို မသတ်ဖို့ နဲ့ အမှုကိုပြန်စစ်ဆေးပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
"ကျွန်မမောင် ဘာမှအမှားအယွင်းလုပ်ခဲ့တာမဟုတ်ဘူးဆိုတာ ကျွန်မသိတယ်။သူ့အမှုကို စစစ်က တည်းက သေသေချာချာ စစ်ဆေးဖို့ လည်း တရားရုံးမှာ တိုက်တွန်းခဲ့ပါတယ်” လို့ တန်ဂါရာဂျူးရဲ့ အစ်မဖြစ်သူ လီလာဆူပရာက သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
အသက် ၄၆ နှစ်ရှိပြီဖြစ်တဲ့ တန်ဂါရာဂျူးဟာ ၂၀၁၃ ခုနှစ်မှာ မလေးရှားကနေ စင်ကာပူကို ဆေး ခြောက် ၁ ကီလိုဂရမ် (၃၅ အောင်စ)တရားမဝင် သယ်ဆောင်မှုနဲ့ ဆက်စပ် အဖမ်းခံရပြီး အခုလို သေဒဏ်ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။
ဆေးခြောက်သယ်လာတဲ့ အချိန်မှာ သူ့ကိုဖမ်းမိတာမဟုတ်ပေမဲ့ သယ်လာသူတစ်ယောက်ကတဆင့် တန်ဂါရာဂျူးရဲ့ ဖုန်းနံပါတ်နှစ်ကို ခြေရာခံမိပြီး သူ့မှာအပြစ်ရှိတယ်လို့ အစိုးရ ရှေ့နေတွေက စွပ်စွဲ ကောက်ချက်ချခဲ့ကြတာပါ။
တန်ဂါရာဂျူးဘက်ကလည်း သူဟာ ဒီအမှုကိစ္စနဲ့ ပတ်သက်နေတဲ့ ဘယ်သူနဲ့မှ အဆက်အသွယ် မရှိဘူးလို့ အခိုင်အမာငြင်းချက် ထုတ်ခဲ့ပါတယ်။ စွဲချက်ထဲမှာပါတဲ့ ဖုန်းနံပါတ်က ပျောက်သွားတဲ့ သူဖုန်းတစ်လုံးဖြစ်ပြီး နောက်ဖုန်းတစ်လုံးက သူ့ဖုန်းမဟုတ်ဘူးလို့ ထွက်ဆိုခဲ့ပါတယ်။
စင်ကာပူဥပဒေအရ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားသူကို သေဒဏ်ချပြီး သယ်ဆောင် သူကိုတော့ ပြစ်ဒဏ်လျှော့ပြီးချတတ်ပါတယ်။
ဒီအမှုမှာ သူနောက်ဆုံး အယူခံတင်တဲ့အချိန်မှာ မူးယစ်ဆေးဝါးသယ်ယူရေးမှာ သူက ညှိနှိုင်းဆောင်ရွက်ပေးခဲ့တယ်ဆိုတဲ့ တရားလိုတွေရဲ့စွပ်စွဲချက်ကို တရားသူကြီးက လက်ခံခဲ့တဲ့အတွက် သေဒဏ်ကျခံသင့်တယ်လို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
တန်ဂါရာဂျူး စကားပြန်ကောင်းကောင်းတစ်ယောက် မရတာ၊ သူ့အတွက် သူ့မိသားစုက ကိုယ်ပိုင် ရှေ့နေမငှားပေးနိုင်တဲ့အတွက် နောက်ဆုံးအယူခံကို သူ့ဘာသာသူ တက်ခဲ့ရတယ်ဆိုတဲ့အချက်ကို တက်ကြွလှုပ်ရှားသူတွေက ထောက်ပြကြပါတယ်။
စင်ကာပူအာဏာပိုင်တွေက တန်ဂါရာဂျူးဟာ အစောပိုင်းမှာ စကားပြန်တောင်းဆိုတာမလုပ်ခဲ့ဘဲ၊ တရားခွင်မှာပဲ စကားပြန်တောင်းဆိုခဲ့တယ်လို့ စင်ကာပူအာဏာပိုင်တွေက ပြောပါတယ်။ပြီးတော့ တရားရုံးထုတ်နေတဲ့တစ်လျှောက်လုံးမှာလည်း တန်ဂါရာဂျူးအတွက် ဥပဒေအကြံဉာဏ် ရယူခွင့်လည်းပေးထားတယ်လို့ လည်း သူတို့က ထပ်ဖြည့်ပြောပါတယ်။
ဉာဏ်ရည်ချို့ယွင်းနေတဲ့ Nagaenthran Dharmalingamကို ၂၀၂၂ ခုနှစ်က ကွပ်မျက်ခဲ့တာနဲ့ပတ် သက်ပြီး ဝေဖန်ခဲ့ဖူးတဲ့ ဆာရစ်ချတ်ဘရန်ဆန်က တန်ဂါရာဂျူးကို ကွပ်မျက်မယ့် ကိစ္စဟာ အားလုံးအတွက် အံ့အားသင့်ထိတ်လန့်စရာဖြစ်ရတယ်လို့ ပြောပါတယ်။
ဘလော့ဂ်ပို့စ်တစ်ခုထဲမှာလည်း ဆာရစ်ချတ်က စင်ကာပူဟာ "သံသယဖြစ်ဖွယ် အခြေအနေတွေထက် ပိုလွန်တဲ့ နောက်ကွယ်မှာ အပြစ်မဲ့လူတစ်ဦးကို သတ်တော့မယ်"လို့ ပြောခဲ့ပါတယ်။
"သေဒဏ်ပေးတဲ့ကိစ္စက တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာကို မည်းမှောင်စေတဲ့ အစွန်းအထင်းတစ်ခု ဖြစ်နေပြီးပြီ။ ဒီလို ပြစ်မှုမထင်ရှားတဲ့ ပြစ်မှုတစ်ခုကို သေဒဏ်ချမှတ်လိုက်တာ အခြေအနေတွေ ပိုဆိုးသွားလိမ့်မယ်"လို့ ဆိုပါတယ်။
ဆာရစ်ချတ်ရဲ့ စွပ်စွဲချက်တွေကို စင်ကာပူပြည်ထဲရေးဝန်ကြီးဌာနက ငြင်းဆိုထားပြီး “စင်ကာပူ တရားသူကြီးတွေနဲ့ ရာဇ၀တ်မှုဆိုင်ရာ တရားစီရင်ရေးစနစ်ကို မထီမဲ့မြင်ပြုလုပ်တာ”လို့လည်း ပြန်စွပ်စွဲထားပါတယ်။
သေဒဏ်ချတာဟာ စင်ကာပူကို ဘေးကင်းလုံခြုံအောင် ထိန်းသိမ်းရာမှာ ထိရောက်မှုရှိတဲ့ မရှိမဖြစ် လိုအပ်တဲ့ ကိစ္စတစ်ခုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
စင်ကာပူနိုင်ငံ သေဒဏ်ဆန့်ကျင်ရေး လှုံ့ဆော်ရေးအဖွဲ့ Transformative Justice Collective (TJC) ရဲ့ပြောရေးဆိုခွင့်သူ Kirsten Han က စင်ကာပူအစိုးရဟာ ဖိအားတွေကို လက်ခံဖြေရှင်း ချင်ပုံမရဘူးလို့ ပြောခဲ့ပါတယ်။
မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး စင်ကာပူရဲ့ တင်းကျပ်တဲ့ စည်းမျဉ်းတွေက သူတို့ရဲ့ အိမ်နီးချင်းနိုင် ငံတွေက လတ်တလောလှုပ်ရှားမှုတွေနဲ့ ဆန့်ကျင်ဘက်ဖြစ်နေပါတယ်။ဆေးခြောက်ရောင်းဝယ်မှုကို ထိုင်းနိုင်ငံက တရားဝင်ခွင့်ပြုထားသလို၊ မလေးရှားကလည်း သေဒဏ်ချမှတ်တာတွေ ရပ်ဆိုင်း ထားပါတယ်။
ပြီးခဲ့တဲ့တပတ် တန်ဂါရာဂျူးကို ကွပ်မျက်တော့မယ်ဆိုတဲ့ သတိပေးစာ ထွက်လာပြီးနောက်ပိုင်း ချန်ဂီအကျဥ်းထောင်ထဲက မှန်အတားအဆီးနောက်မှာ တန်ဂါရာဂျူးကို မိသားစုက သွားတွေ့ခဲ့ တဲ့အကြောင်း တနင်္ဂနွေနေ့က သတင်းထောက်တွေကို ပြောပြပါတယ်။
" ကျွန်မအမေကို ဝမ်းမနည်းစေချင်လို့ အမေ့ရှေ့မှာ တည်တည်ငြိမ်ငြိမ်ပဲ သူ့ကို တွေ့ရတယ်" လို့ ရာဂျူးရဲ့ တူမ Subhashini Ilango က ပြောပါတယ်။
“ဒီလိုအချိန်မျိုး တစ်နေ့ရောက်လာမယ်ဆိုတာ စိတ်ပိုင်းဆိုင်ရာ သူ ပြင်ဆင်ထားပြီးပါပြီ။ တရားမျှတမှု မရှိဘူးလို့လည်း သူခံစားနေရတယ်။ သူမလုပ်ခဲ့တဲ့အရာအတွက် ကွပ်မျက်ခံရတော့မယ်လေ။ ”
တန်ဂါရာဂျူး ကွပ်မျက်ခံရပြီးရင်တောင် စင်ကာပူနိုင်ငံရဲ့ တရားစီရင်ရေးစနစ် ပြုပြင်ပြောင်း လဲမှုတွေအတွက် ဆက်လက်လုပ်ဆောင်သွားမယ်လို့ သူ့မိသားစုက ပြောပါတယ်။
“ဒီလို ကျွန်မမောင် မတရားခံရတာမျိုး တခြားဘယ်သူ့ကိုမှ မဖြစ်စေချင်ဘူး ဒါကြောင့် ဆက်ပြီး တိုက်ပွဲဝင်သွားမယ်” လို့ အစ်မဖြစ်သူ လီလာက ပြောပါတယ်။