အမေရိကန်သမ္မတက ဗြိတိန်နန်းတက်ပွဲကို ဘာလို့မတက်ခဲ့လဲ

us coronation

ဓာတ်ပုံ ရင်းမြစ်, JANE BARLOW/PA MEDIA

ဓာတ်ပုံ ပုံစာ, မစ္စတာ ဘိုင်ဒန်ကို ချားလ်စ်ဘုရင် နန်းတက်ပွဲတက်ဖို့ ယူကေနိုင်ငံက ဖိတ်ကြားခဲ့တယ်လို့ အမေရိကန် အိမ်ဖြူတော်က ဘီဘီစီကို အတည်ပြု

ယူကေနိုင်ငံကို ဒုတိယကမ္ဘာစစ်ကာလက ဦးဆောင် အုပ်ချုပ်ခဲ့သူ ဝင်စတန် ချာချီက အမေရိကန်နဲ့ ယူကေတို့ဟာ တမူထူးခြားတဲ့ ရေရှည် ဆက်ဆံရေးတရပ် ရှိထားတယ်လို့ ပြောဆိုခဲ့ဖူးပါတယ်။

ဒါပေမဲ့ ယူကေနိုင်ငံမှာ ပြုလုပ်တဲ့ တော်ဝင်နန်းတက်ပွဲတွေကို ဘယ် အမေရိကန်သမ္မတကမှ လာရောက်ခဲ့ခြင်း မရှိသေးပါဘူး။

အခုလို ထုံးစံတခုရှိနေတာက ဒီနှစ်နိုင်ငံအကြား အများမမြင်သာတဲ့ မသင့်မြတ်မှု တခုခု ရှိနေတာလား ဒါမှမဟုတ် သိပ်အရေးမကြီးလှတဲ့ အကြောင်းတခုခု ရှိနေလို့လား ဆိုတာ မေးခွန်းထုတ်ချင်စရာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလ ၆ ရက်နေ့က ကျင်းပခဲ့တဲ့ ချားလ်စ်ဘုရင်ရဲ့ နန်းတက်ပွဲမှာ ရာစုနှစ်နဲ့ချီပြီး လုပ်ဆောင်လာခဲ့တဲ့ တခမ်းတနား လုပ်ဆောင်မှုတွေကို အများတွေ့မြင်ခဲ့ရပါတယ်။

ဘုရင်ကြီးဟာ ဝက်စ်မင်စတာ ဘုရားကျောင်းအတွင်း နိုင်ငံတကာခေါင်းဆောင်တွေနဲ့တကွ ထောင်ချီတဲ့ လူတွေရှေ့မှာ ဘုရင်အဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့တာ ဖြစ်ပါတယ်။

အခုလို နန်းတက်ပွဲ အခမ်းအနားကို နိုင်ငံခေါင်းဆောင် အများအပြား တက်ရောက်ခဲ့ပေမဲ့ သိသိသာသာကြီးဖြစ်လွန်းနေတဲ့ မတက်ရောက်သူတဦးကတော့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် ဖြစ်ပါတယ်။

မစ္စတာ ဘိုင်ဒန်ကို ချားလ်စ်ဘုရင် နန်းတက်ပွဲတက်ဖို့ ယူကေနိုင်ငံက ဖိတ်ကြားခဲ့တယ်လို့ အမေရိကန် အိမ်ဖြူတော်က ဘီဘီစီကို အတည်ပြုခဲ့ပါတယ်။

ဒါပေမဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ ချားလ်စ်ဘုရင်တို့ ဖုန်းဆက် စကားပြောဖြစ်ခဲ့ကြ ရာမှာတော့ နန်းတက်ပွဲ အခမ်းအနားအတွက် အမေရိကန်သမ္မတကတော် ဂျေးလ် ဘိုင်ဒန်နဲ့တကွ သံတမန်အဖွဲ့ စေလွှတ်မယ်လို့ အမေရိကန်သမ္မတက ပြောဆိုခဲ့ကြောင်း အမေရိကန် အိမ်ဖြူတော်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

us coronation

ဓာတ်ပုံ ရင်းမြစ်, PA Media

ဓာတ်ပုံ ပုံစာ, နန်းတက်ပွဲ အခမ်းအနားအတွက် အမေရိကန်သမ္မတကတော် ဂျေးလ် ဘိုင်ဒန်နဲ့တကွ သံတမန်အဖွဲ့ စေလွှတ်မယ်လို့ အမေရိကန်သမ္မတက ပြောဆိုခဲ့ကြောင်း အမေရိကန် အိမ်ဖြူတော်က သတင်းထုတ်ပြန်ခဲ့
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဘာကြောင့် အခုလို မစ္စတာ ဘိုင်ဒန်က နန်းတက်ပွဲ အခမ်းအနား မတက်သလဲဆိုတာကို အိမ်ဖြူတော်က အကြောင်းပြချက် မထုတ်ပြန်ခဲ့ပါဘူး။

အမေရိကန်သမ္မတ အနေနဲ့ နောင်တချိန်ချိန် ယူကေနိုင်ငံမှာ ချားလ်စ်ဘုရင်ကြီးနဲ့ လာရောက်တွေ့ဆုံဖို့ ဆန္ဒရှိတယ် ဆိုတဲ့ သတင်းစကားကိုတော့ ပြောကြားခဲ့ကြောင်း အိမ်ဖြူတော်က ဆိုပါတယ်။

အခုလို အမေရိကန်သမ္မတက ယူကေ ချားလ်စ်ဘုရင် နန်းတက်ပွဲ လာမတက်ဘူး ဆိုတဲ့ သတင်းက ရိုက်ခတ်မှု တစုံတရာ ရှိသွားခဲ့တာကိုလည်း တွေ့ရပါတယ်။

မစ္စတာ ဘိုင်ဒန်ဟာ အခုလို တသက်မှာတခါ ကြုံတောင့်ကြုံခဲ အခမ်းအနားမျိုးကို တော်တော် အာရုံမပေး ဂရုမစိုက်ပဲ အလွတ်ခံလိုက်ပုံရတယ်လို့ ယူကေနိုင်ငံ အာဏာရပါတီ ကွန်ဆာဗေးတစ်က အမတ် ဘော့ ဆီလီက ယူကေ သတင်းစာ တယ်လီဂရတ် ကို ပြောခဲ့ပါတယ်။

ယူကေက သမီရာ သတင်းစာက တော်ဝင်မိသားစုဆိုင်ရာ အယ်ဒီတာ ရပ်ဆယ် မိုင်ရာ က ဆိုရင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် လာမတက်တာဟာ သူ့ရဲ့ အိုင်းရစ် မျိုးရိုး၊ အမေရိကန် အိုင်းရစ် အဆက်အနွယ်ကို ဂုဏ်ယူဝံ့ကြွားစွာနဲ့ ခံယူထားတာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

အကြောင်းကတော့ အိုင်းရစ်လူမျိုးတွေရဲ့ အင်္ဂလိပ်လက်အောက်က လွတ်မြောက်ပြီး လွတ်လပ်ရေး ရရေး သမိုင်းကြောင်း နောက်ခံ ရှိတာကြောင့် ဖြစ်ပါတယ်။

သမိုင်းပညာရှင်တွေကတော့ အခုလို အမေရိကန်သမ္မတတွေ ယူကေနန်းတက်ပွဲ မတက်ရတဲ့ အကြောင်းရင်းဟာ တကယ်တမ်း အဲဒီလောက်အထိ နိုင်ငံရေး မဆန်ဘူးလို့ ဆိုပါတယ်။

အခုလို ယူကေ နန်းတက်ပွဲ လာမတက်တဲ့ ထုံးစံဟာ အမေရိကန်သမ္မတတွေ ရာစုနှစ်နဲ့ ချီပြီး ထိန်းသိမ်း လုပ်ဆောင်လာတဲ့ အစဉ်အလာ ဖြစ်တယ်လို့လည်း သမိုင်းပညာရှင်တွေက ဆိုပါတယ်။

အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ အခြေစိုက် အမေရိကန်တက္ကသိုလ်က ခေတ်သစ် ဗြိတိန် အကြောင်း အထူးပြု လေ့လာသူ သမိုင်းပါမောက္ခ လော်ရာ ဘီးရားစ် ကတော့ အမေရိကန်သမ္မတက အခုလို နန်းတက်ပွဲ သွားမတက်တာက တမင်ရှောင်လိုက်တာ မဟုတ်ဘူးလို့ သေချာပေါက် ယူဆကြောင်း ဘီဘီစီကို ဆိုပါတယ်။

အနည်းဆုံးတော့ မစ္စတာ ဘိုင်ဒန်က ဗြိတိသျှ ဆန့်ကျင်တယ် ဆိုတဲ့ ပုံစံမျိုးတော့ လုံးဝ မဟုတ်တာ သေချာတယ်လို့လည်း သူက ဆိုပါတယ်။

ယခင်က ဘယ် အမေရိကန် သမ္မတကမှ မသွားခဲ့ဖူးတဲ့ အခမ်းအနားတခု ဖြစ်တဲ့အတွက် မစ္စတာ ဘိုင်ဒန်က မသွားတာဖြစ်ပြီး ဒီလို ထုံးစံရှိထားခဲ့တာကို ဘာကြောင့်များ လက်ရှိ ၂၁ ရာစုနှစ်ကျမှ ချိုးဖောက်ရမှာလဲလို့လည်း လော်ရာ ဘီးရားစ်က ဆိုပါတယ်။

us coronation

ဓာတ်ပုံ ရင်းမြစ်, Bradford Museums

ဓာတ်ပုံ ပုံစာ, ၁၈၃၈ မှာ ယူကေမှာ ကျင်းပတဲ့ ဝိတိုရိယ ဘုရင်မကြီးရဲ့ နန်းတက်ပွဲ နောက်ပိုင်းမှာတော့ အမေရိကန်မှာ “ဝိတိုရိယ ရောဂါ” ထကြ

ယူကေနိုင်ငံမှာ ဝိတိုရိယ ဘုရင်မကြီး မအုပ်ချုပ်ခင်အထိ အမေရိကန်နဲ့ ယူကေ ဆက်ဆံရေးက အများအားဖြင့် တင်းတင်းမာမာ ရှိခဲ့ပြီး ဗြိတိသျှလက်အောက်က လွတ်လပ်ရေး ကြိုးစားတဲ့ အမေရိကန် တော်လှန်ရေးနဲ့တကွ ၁၈၁၂ အမေရိကန်လွတ်မြောက်ရေး ဒုတိယ စစ်ပွဲတို့ကြောင့် ဖြစ်တယ်လို့ သူက ဆိုပါတယ်။

၁၈၃၈ မှာ ယူကေမှာ ကျင်းပတဲ့ ဝိတိုရိယ ဘုရင်မကြီးရဲ့ နန်းတက်ပွဲ နောက်ပိုင်းမှာတော့ အမေရိကန်မှာ “ဝိတိုရိယ ရောဂါ” ထကြပြီး ဗြိတိသျှ သက်ဦးဆံပိုင် ဘုရင်စနစ်ကို အမေရိကန်တွေက အရူးအမူး ဖြစ်လာခဲ့ကြပါတယ်။

ဒီလို ဖြစ်ခဲ့တာတောင်မှ အဲဒီအချိန်က အမေရိကန်သမ္မတ မာတင် ဗန် ဘာရန် က ဝိတိုရိယ ဘုရင်မကြီးရဲ့ နန်းတက်ပွဲကို လာမတက်ခဲ့တာကို တွေ့ရပါတယ်။

အဲဒီအချိန်က အမေရိကန်သမ္မတတယောက်အတွက် ယူကေကို အခမ်းအနားတခု အတွက် လာရောက်ဖို့ဆိုတာ လက်တွေ့အရလည်း သဘာဝမကျတဲ့အတွက် အဲဒီအချိန်ကစပြီး ထုံးစံလို ဖြစ်သွားခဲ့တာ ဖြစ်နိုင်တယ်လို့ မစ္စ ဘီးရားစ် က ပြောပါတယ်။

ဆဌမမြောက် ဂျော့ဘုရင်က ယူကေမှာ နန်းတက်အပြီး သုံးနှစ်အကြာ ၁၉၃၉ ရောက်မှ အတ္တလန္တိတ်သမုဒ္ဒရာ ကျော်ဖြတ်သွားတဲ့ လေကြောင်းခရီးစဉ်က လက်တွေ့ကျကျ တွင်ကျယ်လာတာဖြစ်တယ်လို့ တော်ဝင်သမိုင်း အဖွဲ့ဝင် သမိုင်းပညာရှင် ထရွိုင် ဘစ်ကမ် က ဆိုပါတယ်။

သမိုင်းပညာရှင်တွေရဲ့ အဆိုအရ ဆိုရင် ဒုတိယကမ္ဘာစစ်ဟာ အမေရိကန်နဲ့ ယူကေတို့ရဲ့ သံတမန် ဆက်ဆံရေးကို အလှည့်အပြောင်း ဖြစ်စေတဲ့ ကာလပဲလို့ ဆိုပါတယ်။

အဲဒီ စစ်ပွဲကာလအတွင်းမှာ အဲဒီအချိန်က ယူကေ ဘုရင်ကြီး ဆဌမမြောက် ဂျော့ဘုရင်နဲ့ သမီးတော် အဲလစ်ဇဘက် မင်းသမီး (အဲလိဇဘက် ဘုရင်မကြီး ဖြစ်လာသူ)တို့ နဲ့ နောက်ပိုင်း အမေရိကန်သမ္မတ ဖြစ်လာသူ ဒွိုက် အိုင်ဆင်ဟောင်ဝါ တို့ အတော်အတန် ရင်းနှီးခဲ့ကြတယ်လို့ ဆိုပါတယ်။

အကြောင်းကတော့ အိုင်ဆင်ဟောင်ဝါဟာ အဲဒီအချိန်က လန်ဒန်မှာ မဟာမိတ် တပ်ဖွဲ့များရဲ့ ဗိုလ်ချုပ်ကြီး အဖြစ် ရောက်ရှိနေပြီး နော်မန်ဒီ ကမ်းခြေကို ဒီဒေး သိမ်းယူမယ့် Operation Overlord ကို ကြီးကြပ်ခဲ့သူလည်း ဖြစ်ပါတယ်။

us coronation

ဓာတ်ပုံ ရင်းမြစ်, Getty Images

နောက်ပိုင်းမှာ မစ္စတာ အိုင်ဆင် ဟောင်ဝါဟာ အမေရိကန်နိုင်ငံရဲ့ ၃၄ ယောက်မြောက် သမ္မတ ဖြစ်လာခဲ့ပြီး သူ သမ္မတ မဖြစ်ခင် လပိုင်းကာလကပဲ ဆဌမမြောက် ဂျော့ဘုရင် နတ်ရွာစံခဲ့လို့ ယူကေမှာ ဒုတိယမြောက် အဲလစ်ဇဘက် ဘုရင်မကြီး နန်းတက်လာခဲ့ပါတယ်။

ဒီအခါမှာ မစ္စတာ အိုင်ဆင်ဟောင်ဝါဟာ သူတို့ နှစ်ဦးစလုံးနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိခဲ့တဲ့ကြားက ရှိခဲ့ပြီးသား ထုံးစံကို ဆက်လက်ထိန်းသိမ်းပြီး သူကိုယ်တိုင် နန်းတက်ပွဲ လာမတက်ဘဲ ကိုယ်စားလှယ်အဖွဲ့ကိုသာ စေလွှတ်ခဲ့ပါတယ်။

အဲဒီကာလက အမေရိကန်ဟာ ကိုရီးယားစစ်ပွဲမှာ ပါဝင်ပတ်သက်နေတာကြောင့်လည်း အခုလို သွားမတက်နိုင်တာ ဖြစ်နိုင်တယ်လို့ သမိုင်းပညာရှင် ဆမ် အက်ဒ်ဝါ့ဒ်က ယူဆပြီး အခုလို စစ်ပွဲမှာ ပါဝင်နေတဲ့ အခြေအနေမှာ အမေရိကန်သမ္မတ အိုင်ဆင်ဟောင်ဝါ ကိုယ်တိုင်က ဝါရှင်တန်မှာ ရှိနေဖို့ လိုအပ်နေနိုင်တယ်လို့လည်း သူက ဆိုပါတယ်။

အခုလို အမေရိကန်သမ္မတ အိုင်ဆင်ဟောင်ဝါက နန်းတက်ပွဲကို ရောက်မလာနိုင်ခဲ့ပေမယ့် သူ့နဲ့ ယူကေ ဆက်ဆံရေးနဲ့တကွ ယူကေ တော်ဝင်မိသားစုနဲ့ ဆက်ဆံရေးပါ အဟန့်အတား မဖြစ်စေခဲ့တာကို တွေ့ရပါတယ်။

၁၉၅၇ အောက်တိုဘာလမှာ အမေရိကန်နိုင်ငံဟာ ယူကေ ဘုရင်မကြီး ဒုတိယမြောက် အဲလစ်ဇဘက်ရဲ့ ဘုရင်မအဖြစ်နဲ့ ပထမဆုံး နိုင်ငံ့ခရီးစဉ်ကို လက်ခံ ကြိုဆိုခဲ့ပါတယ်။

နောက်ထပ် နှစ်နှစ် အကြာမှာတော့ ဘုရင်မကြီးက သမ္မတ အိုင်ဆင် ဟောင်ဝါနဲ့ မိသားစုကို အလွတ်သဘော ပေါ့ပေါ့ပါးပါး ခရီးစဉ်အဖြစ် ဘယ်လ်မော်ရယ်က တော်ဝင်အိမ်တော်ကို ဖိတ်ခေါ် လည်ပတ်စေခဲ့ပါတယ်။

မကြာသေးခင်ကမှ နတ်ရွာစံသွားတဲ့ ယူကေဘုရင်မကြီး အဲလစ်ဇဘက်ဟာ ယူကေရဲ့ ကာလအကြာဆုံး အုပ်စိုးနိုင်သူ ဘုရင်မကြီးလည်း ဖြစ်ပြီး သူ့သက်တမ်းတလျှောက်မှာ အမေရိကန်သမ္မတ ၁၄ ယောက် အထိ အပြောင်းအလဲ ဖြစ်ခဲ့ပါတယ်။

အဲဒီ အမေရိကန်သမ္မတတွေထဲက အမေရိကန်သမ္မတ ကနေဒီ လုပ်ကြံခံရအပြီး သမ္မတဖြစ်လာသူ လင်ဒန် ဘိန်းစ် ဂျွန်ဆင်ကလွဲလို့ တခြား ၁၃ ယောက်လုံးနဲ့ ဘုရင်မကြီးက လူကိုယ်တိုင် တွေ့ဆုံခဲ့ဖူးပါတယ်။

အမေရိကန် သမ္မတ သုံးဦးဟာ သူတို့ တာဝန်ထမ်းဆောင်စဉ်ကာလမှာ ယူကေကို တရားဝင် ခရီးစဉ် အနေနဲ့ လာရောက်ခဲ့ဖူးပြီး ဘုရင်မကြီးကတော့ သူ ဘုရင်မကြီး ဘဝနဲ့ အမေရိကန်ကို တရားဝင် ခရီးစဉ် လေးကြိမ် သွားရောက်ခဲ့ပါတယ်။

လက်ရှိ သမ္မတ ဂျိုးဘိုင်ဒန်ဟာ ယခင်ထုံးစံကို ဆက်ထိန်းကာ နန်းတက်ပွဲကို ကိုယ်တိုင်လာမတက်ဘူး ဆိုပေမဲ့ လက်ရှိ ချားလ်စ် ဘုရင်ကြီးရဲ့ ယူကေကို လာရောက်ဖို့ ဖိတ်ခေါ်မှုကိုတော့ လက်ခံထားပြီး ရက်အတိအကျတော့ မသတ်မှတ်ရသေးဘူးလို့ ဆိုပါတယ်။