ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ပြည်ပထွက်ဖို့အသွား ရန်ကုန်လေဆိပ်ကနေ ပြန်လွှတ်ခံရသူတွေရှိလာ
ပြည်ပနိုင်ငံတွေမှာ အလုပ်လုပ်ခွင့်ရှိတဲ့ Papssport for Job(PJ) အမျိုးအစား ကိုင်ဆောင်ထားတဲ့သူ အယောက် ၄၀ ဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၁ ရက်နေ့တုန်းက လေယာဉ်ပေါ် တက်ခွင့်မရဘဲ လေဆိပ်ကနေ ပြန်လွှတ်ခံခဲ့ရတယ်လို့ ပြည်ပအလုပ်အကိုင်အေဂျင်စီတချို့က ဘီဘီစီကို ပြောပါတယ်။
ပြန်လွှတ်ခံရသူတွေထဲမှာ နှစ်နိုင်ငံသဘောတူစာချုပ် MOU စနစ်နဲ့ ပြည်ပနိုင်ငံတွေမှာ အလုပ်လုပ်နေသူတွေ၊ နိုင်ငံကူးလက်မှတ် သက်တမ်းကုန်လို့ မြန်မာနိုင်ငံမှာ ပြန်လာပြီး သက်တမ်း ပြန်တိုးကာ ပြန်ထွက်တဲ့ သူတွေ ပါဝင်တယ်လို့ ဆိုပါတယ်။
အဲဒီလူတွေဟာ ဂျပန်နိုင်ငံအပါအဝင် တခြားနိုင်ငံတွေကို MOU စနစ်နဲ့ ပြန်လည်ထွက်ခွာမယ့်သူတွေဖြစ်ပြီး အေဂျင်စီ ၅ ခုနဲ့ ချိတ်ဆက်လုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။
အေဂျင်စီတွေ အမည်နဲ့ လေဆိပ်ကနေ ပြန်လွှတ်ခံရသူတွေရဲ့ အချက်အလက် အသေးစိတ်ကို ဘီဘီစီအနေနဲ့ သီးခြားအတည်ပြုနိုင်တာ မရှိသေးဘဲ စုံစမ်းဆဲဖြစ်ပါတယ်။
အကျိုးဆောင် ကုမ္ပဏီတွေရဲ့ အကြံပေးချက်
အဓိက ကတော့ PJ ဆိုရင် အလုပ်သမား သဘောတူစာချုပ် ၊ တဘက်နိုင်ငံက ခေါ်ထားတဲ့ ခေါ်စာ နဲ့ လေယာဉ်လက်မှတ်အပြင် အလုပ်လုပ်ကိုင်ခွင့်ကတ် စတဲ့ စာရွက်စာတမ်း အပြည့်အစုံ ရှိဖို့ လိုအပ်တယ်လို့ ပြည်ပအလုပ်ဝန်ဆောင်မှုကုမ္ပဏီတစ်ခုရဲ့ တာဝန်ရှိသူပြောပါတယ်။
စစ်ကောင်စီရဲ့ တုန့်ပြန်ချက်
နိုင်ငံကူးလက်မှတ်မှာ ဟိုဘက်နိုင်ငံက ဗီဇာခွင့်ပြုတာတွေ ၊ ဒီကနေ လိုအပ်တဲ့ စာရွက်စာတမ်းတွေ သူ့လုပ်ငန်း အဆင့်ဆင့် အတိုင်း လုပ်ပြီး ထွက်ခွာသူတွေကတော့ ဘာမှ မဖြစ်ပေမယ့် လုပ်ငန်းအဆင့်ဆင့်အတိုင်း မလုပ်ဘဲ ထွက်ခွာသူတွေကိုသာ စစ်ဆေးနေရတာ ဖြစ်ပါတယ်လို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဘီဘီစီကို ပြောပါတယ်။
စစ်မှုထမ်းအသက်အရွယ်မှာ အကျုံးဝင်တဲ့သူတွေကို ထွက်ခွာခွင့်ပိတ်တယ်ဆိုတာမျိုးတော့ အေဂျင်စီတွေကို တရားဝင်ညွှန်ကြားထားတာမျိုးတော့ မရှိဘူးလို့လည်း သူက ဘီဘီစီကို ပြောကြားထားခဲ့ဖူးပါတယ်။
လက်ရှိ အချိန်မှာ စစ်ကောင်စီက တားမြစ်ပိတ်ပင်တာတွေမရှိဘူးလို့ ပြောပေမဲ့ PJ ပတ်စ်ပို့တွေသာမက အလည်အပတ်နဲ့ သွားရောက်ခွင့်ရှိတဲ့ PV ပတ်စပို့ နဲ့ ပြည်ပထွက်ခွာသူတွေကိုလည်း လေဆိပ်မှာ အစစ်အဆေး တင်းကျပ်မှုတွေရှိလာတယ်လို့ ကိုယ်တိုင်ကြုံရသူတချို့က လူမှုကွန်ရက်ပေါ်မှာ ရေးသားထားတာတွေ တွေ့ရပါတယ်။
တကယ်ဆိုရင် PV ပတ်စပို့နဲ့ ထွက်မယ့်သူတွေဟာ အသွားအပြန်လေယာဉ်လက်မှတ်၊ ဘာကြောင့် သွားတယ်ဆိုတဲ့အကြောင်းအရာနဲ့ သွားရောက်မယ့်နိုင်ငံမှာ တည်းခိုမယ့် နေရာ စတဲ့ အထောက်အထားခိုင်လုံအောင် ပြသနိုင်မယ်ဆိုရင် ထွက်ခွာခွင့် ရရှိနိုင်တာ ဖြစ်ပါတယ်။
ဒါပေမဲ့အလုပ်လုပ်ခွင့်ဗီဇာ Work Visa တုံးထုထားတဲ့ PV ပတ်စ်ပို့တွေနဲ့ ပြည်ပထွက်ခွာခွင့်ကိုတော့ ဒီရက်တွေကစလို့ တင်းတင်းကျပ်ကျပ် စစ်ဆေးပြီး ခွင့်မပြုတာတွေရှိနေတယ် ဆိုတဲ့ ပြောဆိုမှုတွေလည်း ထွက်ပေါ်နေပါတယ်။
မြန်မာနိုင်ငံမှာ စစ်မှုထမ်းဥပဒေပြဌာန်းပြီးနောက်ပိုင်း ပြည်ပထွက်ခွာတဲ့သူများလာတာတဲ့အတွက် အလုပ်လုပ်ခွင့်ရှိတဲ့ PJ ပတ်စ်ပို့စ်အမျိုးအစားကနေ PV ပက်စပို့ပြောင်းလဲလျှောက်ထားခွင့်ကိုလည်း ခွင့်မပြုတော့ဘူးလို့ ပတ်စ်ပို့သက်တမ်းတိုးဝန်ဆောင်မှုပေးသူတွေထံက သိရပါတယ်။