ထိုင်းရဲ့ အပေးအယူ နိုင်ငံရေးနဲ့ သက်ဆင်ရဲ့ အိမ်ပြန်ခရီး

ဂျိုနသန်ဟက်

အရှေ့တောင်အာရှသတင်းထောက်

ထိုင်းကို ပြန်ရောက်လာတဲ့ မစ္စတာ သက်ဆင်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မစ္စတာ သက်ဆင်ရဲ့ အိမ်အပြန်ခရီးဟာ အပေးအယူ နိုင်ငံရေး ဖြစ်စဥ်ကြီးတစ်ခုလုံးရဲ့ အစိတ်အပိုင်းတစ်ခုပါ

ပြည်ပမှာ တိမ်းရှောင်နေတဲ့ ထိုင်းဝန်ကြီးချုပ် သက်ဆင်ရှင်နာဝပ် ရုတ်တရက် ထိုင်းကို ပြန်လာတဲ့အခါ လူတိုင်း မေးကြတဲ့ မေးခွန်းတစ်ခု ရှိလာပါတယ်။ သူ့ကို မျက်ကွယ်မှာချထားတဲ့ စီရင်ချက်တွေကြောင့် ပြန်အရောက် အဖမ်းခံလိုက်ရတဲ့ မစ္စတာသက်ဆင် ထောင်ထဲမှာ တကယ် ဘယ်လောက် ကြာကြာ နေမှာလဲတဲ့။

အခုတော့ အဖြေကို သိရပါပြီ။ ၁၂ နာရီ ကျော်ပဲ ကြာခဲ့ပါတယ်။

မစ္စတာ သက်ဆင်ရဲ့ နှလုံး ကျန်းမာရေးကို စောင့်ကြည့်ဖို့အတွက် သူ့ကို အရပ်ဘက် ဆေးရုံတစ်ရုံကို ညသန်းခေါင်မှာ မြန်မြန်ဆန်ဆန် ပို့လိုက်တယ်လို့ အကျဥ်းသား စာရိတ္တ ပြုပြင်ပြောင်းလဲရေး ဌာနက ဒီနေ့မနက်မှာ ကြေညာတဲ့အခါ ဘယ်သူမှ မအံ့သြကြတော့ပါဘူး။

အမှုသုံးခုအတွက် ထောင်ရှစ်နှစ် သူ့မျက်ကွယ်မှာ ပြစ်ဒဏ်ချထားတာကို ပယ်ဖျက်ပေးဖို့ ထိုင်းဘုရင် ဝချီယာလောင်ကွန်းဆီမှာ အသနားခံတင်ပြဖို့ ပြင်ဆင်နေချိန်မှာ သူဟာ ဆေးရုံက သူ့အတွက်သီးသန့် အဆောင် ဒါမှမဟုတ် အထပ်တစ်ခုမှာ နေမယ်လို့ မျှော်လင့်ရပါတယ်။

သူထိုင်းကို ရောက်ပြီး မကြာခင်မှာပဲ ထိုင်းတရားရုံးချုပ်က ဒါကို အတည်ပြုထားပါတယ်။

မစ္စတာ သက်ဆင်ရဲ့ ၁၅ နှစ်ကြာ ပြည်ပမှာရှောင်တိမ်းနေမှုရဲ့ အဆုံးသတ် ဒီအိမ်အပြန် ခရီးဟာ သီးခြားဖြစ်ရပ် သက်သက်တစ်ခုတော့ မဟုတ်ပါဘူး။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဒါဟာ အကွက်ကျကျ စီစဥ်ထားတဲ့ နိုင်ငံရေး အပေးအယူ ကစားပွဲကြီးရဲ့ အစိတ်အပိုင်းတစ်ခုပါ။

အဖြစ်အပျက်တွေကို တစ်ခုချင်း ဆက်စပ်ကြည့်မယ်ဆိုရင် ထိုင်း တယ်လီကွန်း သူဌေးကြီး၊ လူကြိုက်များတဲ့ သူ့ရဲ့ ဖုအာထိုင်း ပါတီနဲ့ စစ်တပ်နဲ့ ဘုရင်တို့နဲ့ တစ်ဖက်တည်းဖြစ်တဲ့ ထိုင်း ရှေးရိုးစွဲ အုပ်စုတွေကြားက ပြင်းထန်တဲ့ အာဏာ ပြိုင်ဆိုင်မှုကို အဆုံးသတ်ဖို့ပါ။

အခုတော့ အဲဒီနှစ်ဖက်စလုံးဟာ အန္တရာယ်ပေးမယ့် သူအသစ်ကို ထပ်တွေ့လာရပါပြီ။ အတွေးအမြင်တိုးတက်ပြီး ငယ်ရွယ်တဲ့သူတွေ ဦးဆောင်တဲ့ Move Forward ရှေ့သို့ချီပါတီကြောင့် သူတို့ နှစ်ဖက် ပူးပေါင်းသွားကြပါပြီ။

သူ့ရဲ့ ဖုအာထိုင်းပါတီက ဝန်ကြီးချုပ်လောင်းကို ဝန်ကြီးချုပ်သစ်အဖြစ် ရွေးချယ်မယ့်နေ့နဲ့ တစ်နေ့တည်း ပြန်လာတဲ့ မစ္စတာ သက်ဆင်ရဲ့ အိမ်အပြန်ခရီးဟာ တိုက်ဆိုင်မှု သက်သက် မဟုတ်ပါဘူး။

တစ်ချိန်တုန်းက သူ့ရဲ့ အခါးသီးဆုံးပြိုင်ဘက်ဖြစ်ခဲ့တဲ့ပါတီတွေ အပါအဝင် သူ့ရဲ့မဟာမိတ်တွေက အိမ်ခြံမြေ သူဌေးကြီး ဆရက်ထာ ထဝီဆင်ကို မဲအများစုနဲ့ ဝန်ကြီးချုပ်အဖြစ် ရွေးချယ်အတည်ပြုခဲ့ကြပါတယ်။

အဲဒီလို မဲမပေးခင် နာရီပိုင်းအလိုမှာပဲ ထိုင်းကို မစ္စတာ သက်ဆင် ပြန်ရောက်လာတယ်ဆိုတာကို ကြည့်ရင် သူဟာ ထွက်လာမယ့် ရလဒ်ကို ယုံကြည်မှု ရှိထားတယ်ဆိုတာ ပြနေပါတယ်။

တစ်ခါတုန်းက ပေါင်းစပ်လို့မဖြစ်နိုင်ခဲ့တဲ့ ဆန့်ကျင်ဘက်အဖွဲ့တွေက အခုတော့ တစ်သားတည်း ဖြစ်နေပြီး အဲဒီနေ့မှာပဲ အာဏာရလာမယ့် သူ့ပါတီက သူ့ကို အကာအကွယ်ပေးတော့မယ်ဆိုတာကို သူသိထားပုံရပါတယ်။

ရွေးကောက်ပွဲအပြီး သုံးလကျော်အကြာ နောက်ဆုံးမှာတော့ ထိုင်းမှာ အစိုးရတစ်ရပ် ရှိလာပါပြီ။

ဒါပေမဲ့ အခုလိုရလဒ်မျိုးတွေ ဖြစ်လာဖို့ မဲပေးခဲ့ကြတာမဟုတ်ဘူးလို့ဆိုမယ့် ထိုင်းပြည်သူတွေကိုလည်း နားလည်ပေးနိုင်ပါတယ်။

အခု အစိုးရထဲမှာ ရွေးကောက်ပွဲမှာ မဲအများဆုံးနိုင်ခဲ့တဲ့ ရှေ့သို့ချီပါတီ မပါပါဘူး။ အဲဒီပါတီ အစိုးရမဖွဲ့နိုင်အောင် စစ်တပ်က ခန့်ထားတဲ့ အမတ်တွေနဲ့ ဖွဲ့ထားတဲ့ အထက်လွှတ်တော်က တားမြစ်ခဲ့ပါတယ်။

ဒါပေမဲ့ အစိုးရသစ်ထဲမှာ စစ်တပ်ထောက်ခံတဲ့သူတွေ၊ ရာထူးကုန်ဆုံးတော့မယ့် အစိုးရထဲက ပါတီအများစု၊ ၂၀၁၄ မှာ နောက်ဆုံး ဖုအာထိုင်းပါတီ အစိုးရဖြစ်ချိန်မှာ သူတို့ကို ဖြုတ်ချပြီး အာဏာသိမ်းခဲ့တဲ့၊ အာဏာ နှစ်ကြိမ်သိမ်းတာကို ဦးဆောင်ခဲ့သူတွေ၊ ၂၀၁၀ မှာ သက်ဆင်ထောက်ခံသူတွေ ဆန္ဒပြတာကို ထိန်းချုပ်ရင်း ဒါဇင်ချီတဲ့ လူတွေ သေဆုံးခဲ့တဲ့ စစ်တပ်ရဲ့ နှိမ်နင်းမှုကို ဦးဆောင်သူတွေ ပါဝင်နေပါတယ်။

ဒါဟာ ဖုအာထိုင်းပါတီ ထောက်ခံသူ အခြေခံလူတန်းစား "ရှပ်နီ" တွေအတွက် မြိုချဖို့ ခက်တဲ့ ဆေးခါးကြီးပါပဲ။ အများအပြားက ပါတီကို ဆက်မထောက်ခံကြတော့ဘူးလို့ ပြောပါတယ်။

စိန်ခါ်မှုတွေနဲ့ ထိုင်းဝန်ကြီးချုပ်သစ် ဆရက်ထာ ထဝီဆင်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မဟာမိတ်အဖွဲ့တွေ အတူရှိနေရေး စိန်ခါ်မှုကို ထိုင်းဝန်ကြီးချုပ် ဆရက်ထာ ထဝီဆင် ရင်ဆိုင်ရပါမယ်

အပေးအယူ ညှိနှိုင်းထားတဲ့အတိုင်း ရှေးရိုးစွဲ ပါတီတွေကို မဟာဗျူဟာအရ အရေးပါတဲ့ ဝန်ကြီးဌာနတွေ ဖြစ်တဲ့ ကာကွယ်ရေးနဲ့ ပြည်ထဲရေးတို့ကို အစိုးရသစ်က နေရာပေးရနိုင်ခြေ ရှိပါတယ်။

ဖုအာထိုင်းပါတီ အရင်က ပေးခဲ့တဲ့ ပြုပြင်ပြောင်းလဲရေးကတိတွေ ဖြစ်တဲ့ စစ်တပ်ရေးထားတဲ့ အခြေခံဥပဒေကို ပြင်ဆင်ရေးဆိုတာမျိုးကတော့ သူတို့ရဲ့ မဟာမိတ်ပါတီတွေက ကန့်ကွက်ကြရင် စွန့်လွှတ်လိုက်ရဖွယ် ရှိပါတယ်။

ရှေ့သို့ချီပါတီရဲ့ ငယ်ရွယ်တဲ့ အမတ်လောင်းတွေနဲ့ မေလရွေးကောက်ပွဲ အနိုင်ရမှုတွေက အားလုံးကို အံ့အားသင့်စေခဲ့ပြီး ထိုင်းနိုင်ငံကို အသစ်တစ်ဖန်ပြန်မွေးဖွားဖို့ မျှော်လင့်ချက် ကြီးကြီးမားမား ပေးခဲ့ပေမဲ့ အခုတော့ ထိုင်းမဲဆန္ဒရှင်တွေအတွက် စိတ်ပျက်စရာ ဖြစ်ခဲ့ပါပြီ။

"ဆိုတော့ လူတွေက နံပါတ် ၁ ပါတီကို မဲပေးခဲ့ကြတာက အတိုက်အခံလုပ်ဖို့အတွက်ပဲလား၊ ဒါဆို ရွေးကောက်ပွဲဆိုတာကို ဘာလို့ လုပ်နေတော့မှာလဲ" လို့ တော်တော် စိတ်ပျက်လက်ပျက် ဖြစ်နေသူတစ်ယောက်က Twitter (X )ဆိုရှယ်မီဒီယာမှာ ရေးခဲ့ပါတယ်။

"ဒါက ကမ္ဘာဖလားကို ပင်နယ်တီနဲ့ နိုင်သွားသလိုပဲ" လို့ နောက်တစ်ယောက်က ရေးပါတယ်။

"ဘာမှ ဂုဏ်ယူစရာကို မရှိဘူး။"

"ရှေ့သို့ချီပါတီကို မဲပေးခဲ့တာကို ဘယ်တော့မှ နောင်တ မရဘူး" လို့ နောက်တစ်ယောက်က ပြောပါတယ်။

"အနည်းဆုံးတော့ တချို့လူတွေရဲ့ သရုပ်မှန်ကို ပြတာပဲ။ နောက်ရွေးကောက်ပွဲကျရင် ရှေ့သို့ချီပါတီက အပြတ်အသတ်နိုင်မှာ။"

ရှေ့သို့ချီပါတီ ဦးဆောင်တဲ့ မဟာမိတ်အဖွဲ့မှာ ပါမယ်လို့ အစတုန်းက ကတိပေးထားပြီး သစ္စာဖောက်သွားတဲ့ ဖုအာထိုင်းပါတီကို နောက်ကျောဓားနဲ့ ထိုးတဲ့လုပ်ရပ်ဆိုပြီး ဒေါသတကြီး ပြောဆိုမှုတွေ ရှိနေပါတယ်။

ဒါပေမဲ့ မစ္စတာ သက်ဆင်ရဲ့ သူ့ပါတီရွေးကောက်ပွဲ အောင်နိုင်ရေးလမ်းစဥ်က ဘယ်တုန်းကမှ ရှေ့သို့ချီပါတီက ရည်မှန်းသလို အပြတ်အသတ်ပြုပြင်ပြောင်းလဲရေးတို့ တိုးတက်တဲ့ပြောင်းလဲရေးတို့လည်း မဟုတ်ပါဘူး။

ဖုအာထိုင်းပါတီဟာ သူတို့မူဝါဒတွေကို လူအများဆီရောက်အောင် အသေအချာပို့ပေးနိုင်တဲ့ အများကြိုက်ပါတီ တစ်ခုပါ။ ပြည်သူတွေထဲက အမေ့ခံထားရသူတွေရဲ့ လူနေမှု အဆင့်အတန်းကို အစပိုင်းမှာ မြှင့်တင်ပေးခဲ့ပြီး နှစ် ၂၀ အတွင်းမှာ ဒါက ပြိုင်ဘက်တွေ သူတို့ကို ဘယ်လိုမှ မယှဥ်နိုင်အောင် ဖြစ်စေခဲ့ပါတယ်။

ဒါပေမဲ့ သူတို့က အမြဲလက်တွေ့ကျပါတယ်၊ စိတ်ကူးယဥ် မဆန်ပါဘူး။ ပြီးတော့ ရှင်နာဝပ်ထရာမိသားစု အကျိုးကို အမြဲယိမ်းပါတယ်။ ဒီမိသားစုက ဖုအာထိုင်းပါတီရဲ့ အဓိက ရန်ပုံငွေ အရင်းအမြစ်ဖြစ်ပြီး ပါတီရဲ့ အဓိက အဆုံးဖြတ်ပေးသူတွေ ဖြစ်ပါတယ်။

ဒီနှစ်ရွေးကောက်ပွဲက ၁၉၉၀ နှစ်တွေ နောက်ပိုင်း ရှင်နာဝပ်ထရာပါတီ လွှတ်တော်မှာ မဲအများဆုံး မနိုင်ခဲ့တဲ့ ပထမဆုံး ရွေးကောက်ပွဲ ဖြစ်လာပါတယ်။ ဒါက သူတို့ အတွက် ခေါင်းလောင်းထိုးသံပါပဲ။

ရှေ့သို့ချီပါတီခေါင်းဆောင် ပီလာလင်ဂျာရွန်ရတ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ပီလာလင်ဂျာရွန်ရတ် ဦးဆောင်တဲ့ ရှေ့သို့ချီပါတီဟာ ရွေးကောက်ပွဲမှာ မဲအများဆုံးနိုင်ခဲ့ပေမဲ့ ညွန့်ပေါင်းအစိုးရအဖွဲ့မှာ ချန်ထားခံရပါတယ်။

တခြားပါတီတွေက ဖုအားထိုင်းပုံစံ အများကြိုက် မူဝါဒတွေကို လိုက်လုပ်ကြပါတယ်။

ရှေ့သို့ချီပါတီက လူအများအပြားကို ကိုင်လှုပ်နိုင်တဲ့ အပြောင်းအလဲ မူဝါဒနဲ့ လူသန်းပေါင်းများစွာရဲ့ မဲတွေကို ရသွားခဲ့ပါတယ်။ အဲဒီမှာ ဖုအာထိုင်းပါတီရနိုင်မယ့် မဲတွေ အများကြီး ပါသွားပြီး သူတို့ကိုအထိနာ စေခဲ့ပါတယ်။

မစ္စတာသက်ဆင်နဲ့ ရှေးရိုးစွဲအုပ်စုတွေဟာ သူတို့မှာ ခြိမ်းခြောက်မှု ရှိလာပြီဆိုတဲ့အပေါ် အမြင်တူလာကြပါတယ်။ ဒါကို ရင်ဆိုင်ဖို့ အတိတ်ကိုထားခဲ့ပြီး သူတို့ ပူးပေါင်းလိုက်ကြပါတယ်။

အခု အစိုးရသစ်က သူ့ရဲ့ အားထုတ်မှုကို အစောပိုင်းမှာ ထိုင်းစီးပွားရေးကို အဓိ အာရုံထားနိုင်ခြေ ရှိပါတယ်။

ဒီလို လုပ်ခြင်းအားဖြင့် လူတွေ ချောင်လည်အဆင်ပြေလာတဲ့အခါ အစိုးရဖြစ်လာအောင် မဖြစ်ဖြစ်အောင် ဆွဲစေ့ပေါင်းစည်းထားကြတဲ့ သူတို့မဟာမိတ်ဖွဲ့ရပုံကို မေ့သွားစေဖို့ မျှော်လင့်ပါတယ်။

ဒါပေမဲ့ မတူညီတဲ့ ပါတီတွေ မဟာမိတ်လုပ်ထားတာကို ထိန်းထားဖို့က အထူးသဖြင့် ဝန်ကြီးချုပ်သစ် မစ္စတာ ဆာရက်ထာအတွက် စိန်ခေါ်မှု ဖြစ်လာပါလိမ့်မယ်။

သူ့မှာ နိုင်ငံရေးအတွေ့အကြုံ မရှိသလောက်ပါပဲ။ ပြီးတော့ သူ့ပါတီထဲမှာတောင် တချို့က သူ့ကို မကြိုက်ပါဘူး။ ဒါ့အပြင် ရှင်နာဝပ်ထရာမိသားစုရဲ့ ကြိုးကိုင်ခံရပြီး သူတို့ ဖြစ်ချင်တာတွေကို အခု မစ္စတာ သက်ဆင် သူထောင်ကနေလွတ်အောင် သူ့အကျိုးအတွက် လုပ်သလို လုပ်ပါလိမ့်မယ်။

စိတ်မကျေမနပ်ဖြစ်နေတဲ့ ထိုင်းပြည်သူတွေကို ယုံကြည်လာအောင်လုပ်ဖို့က တော်ရုံတန်ရုံ မူဝါဒတွေလောက်နဲ့ မဖြစ်နိုင်ပါဘူး။

ဒီရွေးကောက်ပွဲကနေ သူတို့ ဘယ်လို ဆိုးရွားတဲ့ ရလဒ် ရခဲ့တယ်ဆိုတာကို ပြမယ့် ရှေ့သို့ချီပါတီရဲ့ တိုက်ခိုက်မှုတွေကိုလည်း မစ္စတာ ဆရက်ထာ ရင်ဆိုင်ရဦးမှာပါ။

လူကြီးလူကောင်းဟန်ဆောင်မှုတွေနဲ့ မျှော်လင့်ချက် အမှားပေးတဲ့ ထိုင်းနိုင်ငံရေးရဲ့ သရုပ်သကန်ကို ပြီးခဲ့တဲ့ လွှတ်တော်မှာ ရှေ့သို့ချီပါတီက ပြောင်ပြောင်မြောက်မြောက် ထိုးနှက်ဝေဖန်ပြခဲ့ပါတယ်။

သူတို့ဆီကနေ အခုလည်း ဒါမျိုး လာဦးမှာပါ။

ဒီလအစောပိုင်းတုန်းက ဒုတိယ လွှတ်တော် ဥက္ကဋ္ဌ ရှေ့သို့ချီပါတီက အမတ်က သူ့ရာထူးအတွက် ရတဲ့ ဖျော်ဖြေရေး အသုံးစရိတ်ကို သုံးပြီး လွှတ်တော်က သန့်ရှင်းရေးဝန်ထမ်း ၃၇၀ ကို အသားကင်တစ်နပ် ကျွေးခဲ့ပါတယ်။ ဒါဟာ သူတို့အဆိုအရ ပထမဆုံးအကြိမ် သူတို့ရဲ့ အလုပ်ကို ဒီနည်းနဲ့ အသိအမှတ်ပြုတာပါ။

အဲဒီလို ကြင်နာမှုကို ပြသပြီး ပြောင်မြောက်တဲ့ အကွက်ရွှေ့မှုဟာ ထိုင်း လွှတ်တော်အမတ်တွေ သူတို့အသုံးစရိတ်တွေကို ဘယ်လို သုံးနေကြသလဲ ဆိုတာ အများ ပြောဆိုဆွေးနွေးစရာ ဖြစ်လာနေပါတယ်။

ဒါဟာ အမျှော်အမြင်ရှိပြီး စိစစ်ချွေတာတဲ့ ရှေ့သို့ချီ ပါတီ အမတ်တွေအတွက် အားသာချက် ဖြစ်လာပါတယ်။

အရင်တုန်းကဆိုရင် ဒါမျိုးကို ဆင်းရဲသူတွေရဲ့ အချစ်တော်လို့ သတ်မှတ်ကြတဲ့ ဖုအာထိုင်းပါတီကပဲ လုပ်ဖို့ တွေးမိမှာမျိုးပါ။

အခုတော့ ဒါကို ရှေ့သို့ချီပါတီက လုပ်လာတာ ဖြစ်တဲ့အတွက် ဒါဟာ ထိုင်းနိုင်ငံရေးမှာ ပြောင်းလဲမှုတွေဖြစ်လာနေပြီဆိုတာကို ပြတဲ့ လက္ခဏာဖြစ်ပါတယ်။

Thanyarat Doksone က ဖြည့်တင်းရေးသားပါသည်။