ပီတာလင်ဂျာရိုရတ်- အပြောင်းအလဲတွေလုပ်ဖို့ ထိုင်းရွေးကောက်ပွဲမှာ ကတိပြုထားသူ

ဂျွန်နသန်ဟက်ဒ်၊အရှေ့တောင်အာရှဆိုင်ရာ သတင်းထောက်

ပီတာလင်ဂျာရိုရတ်ပါတီက မဲဆန္ဒရှင်တွေကို အတိတ်ကကိစ္စတွေ ချန်ထားခဲ့ဖို့ တိုက်တွန်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ပီတာလင်ဂျာရိုရတ်ပါတီက မဲဆန္ဒရှင်တွေကို အတိတ်ကကိစ္စတွေ ချန်ထားခဲ့ဖို့ တိုက်တွန်း

ပီတာလင်ဂျာရိုရတ်က သာမန်သမားရိုးကျ ထိုင်းနိုင်ငံရေးသမား တစ်ယောက်မဟုတ်ပါဘူး။

အစိုးရအဖွဲ့ဝန်ကြီးတွေရဲ့ ပျမ်းမျှအသက်က ၆၅ နှစ်၊ သက်ကြီးဝါကြီးသူတွေကို လိုလိုချင်ချင် ကြည်ညိုလေးစား နေရာပေးတတ်တဲ့ အစဥ်လာတွေရှိနေတဲ့ နိုင်ငံတစ်ခုမှာ ရပ်တည်နေတဲ့ သူ့ကို ကြည့်ရတာ မူလ အသက် ၄၂ နှစ်ထက်တောင် အတော်ငယ်ပုံပေါက် နေပါတယ်။ ဒါပေမဲ့ သူ့ရဲ့ ယုံကြည်မှုအပြည့်ရှိပုံက သူ့ကို သတိထားမိစေပါတယ်။

ပြုပြင်ပြောင်းလဲရေးမူဝါဒတွေ ကိုင်ဆွဲထားတဲ့ သူ့ရဲ့ Move Forward - ရှေ့သို့ချီပါတီက တခြားပါတီတွေထက် ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ အမတ်နေရာ အများစုအနိုင်ရခဲ့ပါတယ်။

သူကိုယ်တိုင်လည်း ထိုင်းနိုင်ငံမှာ ၇၈ နှစ်အတွင်း အသက်အငယ်ဆုံးဝန်ကြီးချုပ်ဖြစ်လာဖို့ ရှိလာတဲ့အတွက် ဒီနေ့ခေတ် ထိုင်းနိုင်ငံမှာ လွှမ်းမိုးထားတဲ့ ရှေးရိုးစွဲအယူအဆတွေကိုင်စွဲထားတဲ့ နိုင်ငံရေးလောကကို အံ့သြသွားစေခဲ့ပါတယ်။

ရှေ့သို့ချီပါတီဟာ ညွန့်ပေါင်းအစိုးရဖွဲ့နိုင်ဖို့ ဆွေးနွေးနေပါတယ်။ ၂၀၀၁ ခုနှစ် ကတည်းကကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတိုင်း မှာ အနိုင်ရခဲ့တဲ့ ထိုင်းနိုင်ငံရဲ့ ဒုတိယအကြီးဆုံး ဖူအာထိုင်းပါတီနဲ့ ခက်ခဲတဲ့ စေ့စပ်ညှိနှိုင်းမှုတွေ သူတို့ လုပ်ဆောင်နေတာပါ။ ဖူအာထိုင်းပါတီဟာ မေလ ၁၄ ရက်နေ့ကကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ နေရာအများဆုံး အနိုင်ရမယ်လို့ မျှော်လင့်ထားတဲ့ ပါတီဖြစ်ပါတယ်။

ဖူအာထိုင်းပါတီနဲ့ ရှေ့သို့ချီပါတီ နှစ်ပါတီစလုံးက သူတို့ကိုယ်သူတို့ တိုးတက်တဲ့အမြင်ရှိသူတွေလို့ ခံယူထားကြပြီး ဖူအာထိုင်းအစိုးရကို ဖြုတ်ချပြီး ၂၀၁၄ ခုနှစ်က အာဏာသိမ်းခဲ့သလိုမျိုး စစ်တပ်က ထိုင်းနိုင်ငံရေးမှာ ဝင်ရောက်စွက်ဖက်နေတာကို ဆန့်ကျင်နေကြပါတယ်။

ဒါပေမယ့် ရှေ့သို့ချီပါတီက လူငယ်နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေဟာ ဖျက်သိမ်းခံခဲ့ရတဲ့ သူတို့ ပါတီဟောင်းကို အခြေပြုပြီး လူမှုကွန်ရက်မီဒီယာအခြေပြု မဲဆွယ်စည်းရုံးမှု ကိုအသုံးပြုပြီး မဲဆန္ဒရှင်တွေကို အတိတ်ကာလကနေ ဖောက်ထွက်လာဖို့ နှိုးဆော် မတူညီတဲ့ နိုင်ငံရေးခေါင်းဆောင်မှုတွေပေးမယ်ဆိုတဲ့ စည်းရုံးမှုတွေနဲ့ အမတ်နေရာအများအပြား အနိုင်ရခဲ့ပါတယ်။

"ကျွန်တော်က အခြားသူတွေနဲ့ မတူပါဘူး" လို့ ပီတာက ပြောပြီး “ရေတိုဖြေရှင်းရေးတွေလုပ်ဖို့ ဒါမှမဟုတ် ဝန်ကြီးချုပ်ရာထူးရဖို့အတွက် ကျွန်တော်တို့ ညွန့်ပေါင်းအစိုးရဖွဲ့တာ မဟုတ်ဘူး။ ပြည်သူတွေအတွက် အစိုးရဖွဲ့မှာပါ။ ကမ္ဘာကြီးကလဲ ပြောင်းလဲနေပါပြီလို့ သူက ပြာပါတယ်။

"လူတွေကို လွှမ်းမိုးနိုင်ဖို့ လွန်လွန်ကျွံကျွံ သြဇာပြတာ၊ တချိန်လုံး လူတွေအာရုံစိုက်နေအောင်လုပ်ဖို့ မလိုပါဘူး။"

"ကျွန်တော့်အနေနဲ့ အမြဲတမ်း ပြီးပြည့်စုံနေဖို့လည်း မလိုပါဘူး။ ကျွန်တော်က ထိုင်းနိုင်ငံက သာမန်လူသား တစ်ယောက်ပါ။တခြားသူတွေလို မော်တော်ဆိုင်ကယ်စီး၊ လမ်းမှာရောင်းတဲ့ အစားအစာတွေကိုပဲ ဝယ်စား နေနိုင်ပါတယ်။"

ထိုင်းရွေးကောက်ပွဲ

ဓာတ်ပုံ ရင်းမြစ်, Reuters

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ပီတာလင်ဂျာရိုရတ်က ချမ်းသာတဲ့ ထိုင်းမိသားစုတစ်စုက မွေးဖွားလာတဲ့သူပါ။

နယူးဇီလန်မှာ ကျောင်းတက်ဖို့ ဆယ်ကျော်သက်အရွယ်ကတည်းက ထိုင်းနိုင်ငံက ထွက်သွားခဲ့ရပြီး ဘွဲ့လွန်သင်တန်းကိုတော့ အမေရိကန်နိုင်ငံမှာ နေထိုင် သင်ယူခဲ့ပါတယ်။မိသားစုရဲ့ ဆန်ဖွဲနု လုပ်ငန်း မှာ လုပ်ကိုင်ခဲ့တာနဲ့ Grab တက္ကစီကုမ္ပဏီမှာ အမှုဆောင်အရာရှိအဖြစ် ဆောင်ရွက်ခဲ့တဲ့ အဖွဲ့ အစည်း လုပ်ငန်းအတွေ့အကြုံတွေလည်း သူ့မှာရှိပါတယ်။

သူလေးစားအားကျရတဲ့သူတွေထဲမှာ နယူးဇီလန်ဝန်ကြီးချုပ်ဟောင်း Jacinda Ardernနဲ့ ဥရု‌ဂွေး သမ္မတဟောင်း José "Pepe" Mujica တို့လို ကမ္ဘာ့ခေါင်းဆောင်တွေလည်း ပါပါတယ်။

သူဦးဆောင်နေတဲ့ ရှေ့သို့ချီပါတီဟာ ထိုင်းနိုင်ငံ ရွေးကောက်ပွဲသမိုင်းမှာ ပြုပြင်ပြောင်းလဲမှုတွေ ရည်မှန်းချက်အများဆုံး လက်ကိုင်ထားတဲ့ ပါတီတစ်ခုဖြစ်ပါတယ်။

သူတို့ပါတီရဲ့ မူဝါဒကြောညာစာတမ်းထဲက မူဝါဒ ၃၀၀ ထဲမှာ LGBTQလိင်တူချစ်သူတွေ အများနဲ့တန်းတူ လက်ထပ်ခွင့်ရဖို့ ၊မဖြစ်မနေ စစ်မှုထမ်းရတာကို အဆုံးသတ်ဖို့၊ စီးပွားရေး လက်ဝါးကြီးအုပ်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့နဲ့ ၂၁ရာစုစီးပွားရေးစနစ်နဲ့ အံဝင်ခွင်ကျဖြစ်အောင် ပညာရေးစနစ်ကို ပြန်လည်ပြင်ဆင်ပေးဖို့ အချက်တွေ ပါဝင်ပါတယ်။

ရှေ့သို့ချီပါတီလုပ်ဆောင်မယ့် အစီအစဥ်တွေထဲမှာ စစ်တပ်က ရေးဆွဲထားတဲ့ဖွဲ့စည်းပုံ အခြေ ခံဥပဒေကို ပြင်ဆင်ပြီး စစ်တပ်ရဲ့ စီးပွားရေးတွေကို ဘဏ္ဍာရေးဝန်ကြီးဌာနအောက်ကို ထည့်ဖို့ကိစ္စလဲ ပါပါတယ်။

“စစ်အာဏာသိမ်းမှုသံသရာကို အဆုံးသတ်ဖို့ အချိန်တန်ပြီ။ အာဏာသိမ်းဖို့ တံခါးဖွင့်ထားတဲ့ နိုင်ငံရေး အဂတိလိုက်စားမှုတွေ အဆုံးသတ်ဖို့လည်း အချိန်တန်ပြီ”လို့ ပီတာက ပြောပါတယ်။

ဒါပေမယ့် သူတို့ပါတီရဲ့ အငြင်းပွားဖွယ်ရာအရှိဆုံး ပြောင်းလဲဖို့ အဆိုပြုထားတဲ့အချက်က ဘုရင်နဲ့ သူ့မိသားစုအပေါ် ဝေဖန်သူတွေကို နှစ်ရှည်ထောင်ဒဏ်ချမှတ်တဲ့ဥပဒေတွေ ပြင်ဆင် ထည့်သွင်းမယ့် အချက်ပါ။ပြီးတော့ ဘုရင်စနစ်နဲ့ ထိုင်းလူထုကြားက ဆက်ဆံရေးအကြောင်းကို စဆွေးနွေး ဖို့ကိုလည်း တိုက်တွန်း အဆိုပြုထားပါသေးတယ်။

အရင်စစ်အစိုးရလက်ထက်က ခန့်အပ်ထားတဲ့ အထက်လွှတ်တော်အမတ် ၂၅၀ထဲက အများစုဟာ လွှတ်တော်ထဲကျင်းပမယ့် ဝန်ကြီးချုပ်သစ်ရွေးပွဲမှာ မဲပေးရမှာဖြစ်ပြီး သူတို့ အများစုက ရှေ့သို့ချီပါတီကိုယ်စားပြုသူ ဝန်ကြီးချုပ်မဖြစ်အောင် ကန့်ကွက်မဲပေးကြဖို့ရှိတယ်လို့ သတင်း တွေ ထွက်နေပါတယ်။

ဒါပေမဲ့ “အခုခေတ်ကလူတွေက သဘောထားတွေ ပြောင်းသွားပြီ”လို့ ပီတာက ဆိုပါတယ်။

"ဘုရင်စနစ်အကြောင်းပြောဖို့ ရင့်ကျက်မှုနဲ့ သည်းခံနိုင်စွမ်းတွေ ကျွန်တော်တို့မှာ ရှိလာနေပြီ လို့ ထင်တယ်။ရှေးရိုးစွဲအယူအဆရှိသူတွေတောင်မှ ၂၁ ရာစုစည်းမျဉ်းခံဘုရင်စနစ်ရဲ့ အခန်းကဏ္ဍ ဘယ်လိုရှိသင့်တယ်ဆိုတာ နားလည်ပါတယ်"လို့ သူက ပြောပါတယ်။

"လူပေါင်း ၁၄ သန်းရဲ့ မဲ ကျွန်တော်တို့ရခဲ့တာ။ပြီးတော့ သူတို့ နားလည်ထားတာက ရှင်းတယ်၊ ပွင့်လင်းမြင်သာမှုလည်း ရှိတယ်။အဲ့ဒါက ကျွန်တော်တို့ တွန်းအားပေးချင်တဲ့ အစီအစဉ်တွေထဲက တစ်ခုပါ။"

အောက်လွှတ်တော်ရဲ့ အမတ်နေရာ ၅၀၀ မှာ ၃၁၂ နေရာ သူတို့ညွန့်ပေါင်းအဖွဲ့က ရရှိထားပြီး သူတို့ လိုအပ်နေတဲ့ အထက်လွှတ်တော်အမတ် ၆၄ ဦးရဲ့မဲလည်း ရရှိနိုင်လိမ့်မယ်လို့ ရှေ့သို့ချီပါတီခေါင်း ဆောင်က ယုံကြည်ထားပါတယ်။

ရှေ့သို့ချီပါတီက ဘုရင်မိသားစုကို အကွာအကွယ်ပေးထားတဲ့ ဥပဒေကို ပြင်ဆင်မယ်လို့ ဆိုနေသရွေ့ သူတို့လိုချင်တာရဖို့ ခက်ခဲလိမ့်မယ်လို့ အထက်လွှတ်တော်အတွင်းက သတင်းရင်းမြစ်တွေက ဆိုပါတယ်။ ဒါပေမဲ့ မဲအများစုရထားတဲ့ ညွန့်ပေါင်းအဖွဲ့တွေကို ဆန့်ကျင်ဖို့ကလည်း ရွေးကောက်ခံမဟုတ်တဲ့ အမတ်တွေအတွက်လည်း မလွယ်လှပါဘူး။

ပီတာလင်ဂျာရိုရတ်က နိုင်ငံခြားရေးမူဝါဒသစ်ချမှတ်ဖို့အတွက်လည်း ကတိပြုထားပါတယ်။

လွန်ခဲ့တဲ့ဆယ်စုနှစ်တွေအတွင်း ထိုင်းနိုင်ငံရေးဟာ စစ်တပ်ကျောထောက်နောက်ခံပြုထားတဲ့ အစိုးရတွေအောက်မှာ ရှိနေခဲ့ပြီး ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာကလည်း နိုင်ငံခြားရေးမူဝါဒကို စိတ်ဝင် စားမှုနည်းပါးတာကြောင့် ထိုင်းနိုင်ငံဟာ နိုင်ငံတကာရေးရာတွေမှာ ပါဝင်မှုလျော့ ကျနေတာလို့ ရှုမြင်နေကြပါတယ်။

“သေချာတာကတော့ ကျွန်တော်တို့ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ပိုထိတွေ့ဆက်ဆံဖို့ လိုအပ်တယ်” လို့ ပီတာက ပြောပါတယ်။

“ဟန်ချက်ညီညီ ကျွန်တော်တို့ လုပ်ဖို့ လိုတယ်။ ထုတ်ပြောစရာရှိရင် အရင်ကထက်ပို ထုတ်ပြောရမယ်။ ကမ္ဘာ့စည်းမျဥ်းတွေနဲ့လည်း လိုက်လျောညီထွေရှိရမယ်။ ဘာမှမပြောရင် ဘာသြဇာမှ ရှိမှာမဟုတ်ဘူး။"

“စီးပွားရေးကိစ္စပဲဖြစ်ဖြစ်၊ လေထုညစ်ညမ်းမှု၊ ဓာတ်မြေသြဇာဈေးပဲ ဖြစ်ဖြစ် အခြားနိုင်ငံတွေနဲ့ ဆက်စပ်နေပါတယ်”လို့ သူကပြောပါတယ်။

လာမယ့် သူ့အစိုးရအဖွဲ့ဟာ မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်အတွက် အဖြေရှာဖို့ အာဆီယံနိုင်ငံတွေနဲ့ ပိုနီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်သလို ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် လူ သားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပိုပေးပို့နိုင်ဖို့အတွက်လည်း ကြိုးပမ်းသွားမယ်လို့ ဆိုပါတယ်။

သူတို့ပါတီကို လူကြိုက်များထောက်ခံလာအောင် Move Forwardပါတီက လူမှုကွန်ရက်မီဒီယာကို ကောင်းကောင်းအသုံးချခဲ့

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, သူတို့ပါတီကို လူကြိုက်များထောက်ခံလာအောင် Move Forwardပါတီက လူမှုကွန်ရက်မီဒီယာကို ကောင်းကောင်းအသုံးချခဲ့

ဝန်ကြီးချုပ်ဖြစ်လောင်း လူငယ်ဝန်ကြီးချုပ်သစ်အတွက် ရင်ဆိုင်ဖြေရှင်းရမယ့် စိန်ခေါ်မှုတွေကလည်း အများကြီးရှေ့မှာ စောင့်ကြိုနေပါတယ်။

အထက်လွှတ်တော်အမတ်တွေရဲ့ သံသယ ပြီးတော့ သူတို့ပါတီထက် ဆယ်နေရာသာ လျေ့ာပြီးအနိုင်ရထားတဲ့ ဖူအာထိုင်းပါတီရဲ့ ဆွေးနွေးဖို့နဲ့ အဲ့ဒါတွေဖြေရှင်းနိုင်ဖို့ စေ့စပ်ဆွေးနွေးမယ့်အဖွဲ့ထဲမှာ အတွေ့အကြုံရှိတဲ့ စေ့စပ်ညှိနှိုင်းရေးမှူးတွေရှိဖို့ လိုအပ်ပါတယ်။

ဖူအာထိုင်းပါတီက ညွန့်ပေါင်းအစိုးရအဖွဲ့ထဲမှာ အရေးကြီးတဲ့ ထိပ်တန်းဝန်ကြီးဌာနတွေ ရဖို့တောင်းဆိုနေတဲ့အပြင် သြဇာရှိတဲ့ လွှတ်တော်ဥက္ကဋ္ဌရာထူးပေးဖို့လည်း တောင်းဆိုနေပါတယ်။ ဒီနေရာကလည်း ပီတာက သူတို့ပါတီရဲ့ ဥပဒေမူကြမ်းအသစ်များစွာ ဥပဒေဖြစ်လာဖို့ကိစ္စအတွက် ဦးစားပေးအဖြစ် ရှုမြင်ထားတဲ့နေရာပါ။

သူ့ပါတီကို ပထမဆုံးအကြိမ် လွှတ်တော်အမတ်ဖြစ်လာမယ့်သူတွေ အများစုနဲ့ ဖွဲ့စည်းထားတာပါ။ တချို့က ဝန်ကြီးတစ်ယောက်ဖြစ်ဖို့ အသက်သတ်မှတ်ထားတဲ့ အသက်၃၅ နှစ်တောင် မပြည့်ကြသေးသူတွေ ရှိနေပါတယ်။ တချို့က နိုင်ငံရေး တက်ကြွ လှုပ်ရှားမှုတွေကြောင့် ကြီးလေးတဲ့ ရာဇ၀တ်မှုတွေနဲ့ ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။

အတွေးအခေါ် ပိုမိုပျော့ပြောင်းပြီး ဘုရင်စနစ်ပြောင်းဖို့ တိုက်ရိုက်လုပ်ဆောင်ဖို့ ကိစ္စကို ထောက်ခံဖို့ အစီအစဥ်မရှိတဲ့ ဖူအာထိုင်းပါတီအတွက်ကတော့ ရာထူးကဆင်းပေးရမယ့် အစိုးရအဖွဲ့နဲ့အပြင် တခြားပါတီတွေနဲ့ ညွန့်ပေါင်းအစိုးရ ဖွဲ့နိုင်ဖို့ ရွေးချယ်စရာတွေ ရှိနေပါသေးတယ်။

ရှေ့သို့ချီပါတီကတော့ သူတို့နိုင်ရင် ဗိုလ်ချုပ်တွေနဲ့ အပေးအယူ မလုပ်ဘူးဆိုတဲ့ မဲဆွယ်ကတိတွေနဲ့ မဲအများအပြား ရရှိထားတဲ့အတွက် စစ်တပ်ကျောထောက်ခံထားတဲ့သူတွေနဲ့ အပေးအယူလုပ်တဲ့ကိစ္စကို ငြင်းပယ်ထားပါတယ်။

အဲဒီလို ညှိနှိုင်းရင် သူတို့ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်တဲ့အတွက် အိပ်မက်နှင့်မျှော်လင့်ချက်ပေါင်းစုထားတဲ့ ညွန့်ပေါင်းဖွဲ့ဖို့ကိစ္စကိုတော့ ဘယ်သူကမှ စွန့်လွှတ်မှ ာမဟုတ်ဘူးလို့ ပီတာလင်ဂျာရိုရတ်က လက်ခံထားပါတယ်။

ပီတာဟာ သူထမ်းဆောင်ရမယ့် တာဝန်ဝတ္တရားများကို ပေါ့ပေါ့ပါးပါး ထမ်းဆောင်နေရင်း သူ့မိသားစုနဲ့လည်း အချိန်တွေ ကုန်ဆုံးနေသလို ကိစ္စတွေ ပြေလည်သွားမယ်လို့လည်း အကောင်းမြင်ထားပါတယ်။

“အသက် ၇၀ နဲ့ ၈၀ တွေ အထိ ရာထူးအတွက် တိုက်ပွဲဝင်နေတဲ့ တခြား ထိုင်းနိုင်ငံရေး သမား တွေလို ကျွန်တော်မဖြစ်ချင်ဘူး”လို့ သူက ပြောပါတယ်။

"နိုင်ငံရေးကို နောက်ထပ် ဆယ်နှစ်လောက်အထိ ဆက်ပြီး လုပ်ချင်လုပ်မယ်။ ပြီးရင် အဲ့ဒီကနားပြီး တခြားအရာတွေအတွက် အချိန်ပေးရမယ်။"