ဖေဖော်ဝါရီ ၂၀ ရက်ထိပ်တန်းသတင်းများ - မံစီမြို့နယ်၊ စီခမ်းကြီးက စစ်တပ်စခန်းကို KIA ပူးပေါင်းတပ်ဖွဲ့တွေ သိမ်း

လေကြောင်းတိုက်ခိုက်မှုကြောင့် အပျက်အစီးတွေရှိခဲ့

ဓာတ်ပုံ ရင်းမြစ်, လူမှုကွန်ရက်

ဓာတ်ပုံ ပုံစာ, လေကြောင်းတိုက်ခိုက်မှုကြောင့် အပျက်အစီးတွေရှိခဲ့

ကချင်ပြည်နယ်၊ မံစီမြို့နယ်ထဲက စီခမ်းကြီးကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို ကချင်အမျိုးသားလွတ်လပ်ရေးတပ်(ကေအိုင်အေ) အပါအဝင် ပူးပေါင်းတပ်တွေက သိမ်းပိုက်လိုက်ပြီလို့ သိရပါတယ်။

အဲဒီစစ်တပ်စခန်းကို KIA အပါအဝင် ပူးပေါင်းတပ်တွေက မနေ့ ညနေပိုင်း ၆ နာရီဝန်းကျင်မှာ သိမ်းပိုက်ခဲ့ပြီး ဒီနေ့မှာတော့ ရှင်းလင်းရေးတွေလုပ်နေပြီ ကေအိုင်အေသတင်းထုတ်ပြန်ရေးအဖွဲ့ ပြောခွင့်ရ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

‘‘စခန်းမှာထိုင်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထွက်သွားကြပြီ။ ဒီနေ့ နယ်မြေရှင်းလင်းရေး လုပ်ချိန်မှာလည်း စစ်တပ်က လေကြောင်းတိုက်ခိုက်တာတွေ လုပ်နေပါတယ် ‘’ လို့ သူက ပြောပါတယ်။

မန္တလေး- ဗန်းမော် ပြည်ထောင်စုလမ်းမကြီးပေါ်က အဲဒီစစ်ကောင်စီစခန်းဟာ ရှမ်းမြောက်၊ စစ်ကိုင်းနဲ့ ကချင်ပြည်နယ်၊ ဗန်းမော်ကို ဆက်သွယ်တဲ့လမ်းဖြစ်တာကြောင့် အခရာကျတဲ့စခန်းဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

အဲဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေရှိတယ်လို့ သိရပေမဲ့ အရေအတွက် အတိအကျကိုတော့ ဆက်သွယ်ရေး အခြေအနေကြောင့် အတည်ပြုနိုင်ဖို့ ခက်ခဲနေပါတယ်။

စခန်းသိမ်းတိုက်ပွဲကြောင့် စီကော်၊ သံတံတား စတဲ့ အနီးနားကျေးရွာတွေက ရာနဲ့ချီတဲ့ဒေသခံတွေဟာ ဗန်းမော်မြို့ပေါ်ကို စစ်ဘေးရှောင်နေကြရပါတယ်။

ကေအိုင်အေအပါအဝင် ပူးပေါင်းတပ်တွေဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၁ ရက်မှာပဲ စီခမ်းကြီးရွာကို ဖြတ်သန်းတဲ့ မန္တလေး-မြစ်ကြီးနား လမ်းပေါ်က မဘိမ်းမြို့ကို သိမ်းပိုက်ထားပါတယ်။

ဒါ့အပြင် ကေအိုင်အေ ဟာ တရုတ်-မြန်မာနယ်စပ်အနီး မံစီမြို့နယ်ထဲက မန်ဝိန်းကြီးကျေးရွာထဲက စစ်ကောင်စီတပ်စခန်းတွေနဲ့ ကင်းစခန်းတွေကို ဇန်နဝါရီလအတွင်း တိုက်ခိုက်ခဲ့ပြီး အခုတော့ ဒေသန္တရ အုပ်ချုပ်ရေးဖော်ဆောင်နေပါတယ်။

တန့်ဆည်မှာ စစ်တပ်စစ်ကြောင်းထိုးလို့ ဒေသခံထောင်နဲ့ချီ ထွက်ပြေးနေရ

ထွက်ပြေးတိမ်းရှောင်လာကြတဲ့ ‌‌ဒေသခံတွေ

ဓာတ်ပုံ ရင်းမြစ်, Taze News

ဓာတ်ပုံ ပုံစာ, ထွက်ပြေးတိမ်းရှောင်လာကြတဲ့ ‌‌ဒေသခံတွေ
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နဲ့ ရေဦးမြို့ကြားက ကျေးရွာတွေကို မနေ့ ဖေဖော်ဝါရီ ၁၉ ရက် မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်ဘက်က အင်အားရာနဲ့ချီ စစ်ကြောင်းထိုးဝင်ရောက်နေတာကြောင့် ဒေသခံ ၅,၀၀၀ ထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။

စစ်ကြောင်းထိုးနေချိန်အတွင်း တန့်ဆည်မြို့တောင်ဘက်က ကျေးရွာတွေကို ဖေဖော်ဝါရီ ၁၉ ရက်မှာ လေကြောင်းကနေ ပစ်ခတ်သလို လက်နက်ကြီးနဲ့ ပစ်ခတ်နေတဲ့အသံတွေလည်းကြားတယ်လို့ မြေပြင်အခြေအနေသိတဲ့ဒေသခံတစ်ဦးက ပြောပါတယ်။

“တူမောင်းကျေးရွာဘက်ကို ပစ်တာ” လို့ သူကဆက်ပြောပါတယ်။

အဲဒီ စစ်တပ်စစ်ကြောင်းဟာ အရင်ကလည်း ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်ခဲ့တာတွေကြောင့် ဘီလူးစစ်ကြောင်းဆိုပြီး ဒေသခံတွေကြား နာမည်ဆိုးနဲ့ ကျော်ကြားတယ်လို့ ဒေသခံတွေကဆိုပါတယ်။

ဘီလူးစစ်ကြောင်းဟာ စစ်ကောင်စီတပ်ရဲ့ ခြေလျင်တပ်ရင်း (ခလရ-၇၁) နဲ့ ခြေမြန်တပ်ရင်း (ခမရ-၇၀၈) တို့ ပူးပေါင်းထားတဲ့ စစ်ကြောင်းဖြစ်တယ်လို့ မြေပြင်အခြေအနေတွေကို သတင်းဖော်ပြလေ့ရှိတဲ့ ရေဦးနယ်ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား)က ဘီဘီစီကို အစောပိုင်းတုန်းက ပြောထားပါတယ်။

လက်ရှိအချိန်မှာတော့ စစ်ကောင်စီတပ်စစ်ကြောင်းဟာ ရွာသာယာကျေးရွာ၊ ထန်းတောကျေးရွာနဲ့ သပြေတောကျေးရွာတို့မှာ ဖြန့်ကြက်ပြီး တပ်စွဲထားတာကြောင့် ရွာခံအားလုံးနီးပါးဟာ တန့်ဆည်မြို့ပေါ် အပါအဝင် နီးစပ်ရာကျေးရွာတွေဘက် ထွက်ပြေးတိမ်းရှောင်နေရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၇ ရက်တုန်းကလည်း ဘီလူးစစ်ကြောင်းက ရေဦးမြို့နယ် အနောက်ဘက်ခြမ်းကရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့တာကြောင့် ဒေသခံ ၅,၀၀၀ ကျော်လည်း စစ်ရှောင်နေကြရတာဖြစ်ပါတယ်။

စစ်ကောင်စီဘက်ကတော့ ဒီရက်ပိုင်းအတွင်း စစ်ကိုင်းတိုင်းဘက်က အခြေအနေတွေနဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။

ရှမ်းပြည်မှာနေထိုင်သူတွေ ၆ နှစ် စစ်မှုထမ်းရမယ်လို့ RCSS ထုတ်ပြန်

RCSS တပ်ဖွဲ့ဝင်တွေ (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, TAI FREEDOM

ဓာတ်ပုံ ပုံစာ, RCSS တပ်ဖွဲ့ဝင်တွေ (ပုံဟောင်း)

ရှမ်းပြည်မှာ နေထိုင်တဲ့အသက် ၁၈ နှစ်ပြည့်ပြီးတဲ့သူတိုင်း ၆ နှစ် စစ်မှုထမ်းရမယ်ဆိုတဲ့ အချိန်ကာလလ သတ်မှတ်ချက်အပါအဝင် ထမ်းဆောင်ရမယ့် သတ်မှတ်ချက်တွေကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA)က ဖေဖော်ဝါရီ ၁၉ ရက်မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

စစ်မှုထမ်းဆောင်ဖို့ ရှမ်းပြည်နယ်မှာနေထိုင်တဲ့ တိုင်းရင်းသားမျိုးနွယ်စုတွေအကုန်လုံး အကျုံးဝင်မှာဖြစ်ပြီး ဘွဲ့ရရှိထားသူတွေက စာသင်ကြားပို့ချတာနဲ့ ရုံးလုပ်ငန်းတာဝန်တွေကို ထမ်းဆောင်ရမယ်လို့ ကြေညာချက်ကဆိုပါတယ်။

စစ်မှုထမ်းမယ့်သူတွေအားလုံးအနေနဲ့ ကျွမ်းကျင်ပိုင်နိုင်တဲ့ကဏ္ဍအလိုက် စက်ပိုင်းဆိုင်ရာပြုပြင်တီထွင်ရေး၊ ဒရုန်းတပ်ဖွဲ့အပါအဝင် အိုင်တီဌာနတွေနဲ့ ဝက်ဘ်စာမျက်နှာအပိုင်းတွေ၊ ပြည်နယ်‌ဒေသတွင်း သမိုင်းကြောင်းစုစည်းရေးတို့အပြင် ပြည်နယ်တွင်း စုဆောင်းစည်းရုံးရေး စတဲ့အခန်းကဏ္ဍတွေအလိုက် တာဝန်ယူဆောင်ရွက်ရမယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ပြည်သူတွေအနေနဲ့ ရပ်ရွာလူကြီးရဲ့ ခွင့်ပြုချက်မရှိဘဲ နိုင်ငံရပ်ခြားအလုပ်သွားလုပ်ကိုင်ပြီး ရပ်ရွာအကျိုးကို ဆောင်ရွက်ခြင်းမရှိရင်လည်း ရပ်ရွာ‌ဒေသအတွင်း ပိုင်ဆိုင်တဲ့ပစ္စည်းဥစ္စာတွေကို သိမ်းယူသွားမယ်လို့ RCSS ဘက်က ကြေညာထားပါတယ်။

ဒေသခံတွေပိုင်ဆိုင်တဲ့ လယ်ယာတွေကို အခြားဒေသတစ်ခုထံ ရောင်းချမယ်ဆိုရင်တော့ ဒေသတွင်းဆိုင်ရာ အုပ်ချုပ်မှုအဖွဲ့အစည်းရဲ့ ခွင့်ပြုချက်ပါရှိဖို့ လိုအပ်မှာဖြစ်သလို ၃ နှစ်ဆက်တိုက် အလုပ်မလုပ်ဘဲ ထားရှိတဲ့ လယ်ယာမြေတွေကိုလည်း အဲဒီနေရာရဲ့ ဒေသပိုင်အဖြစ် သိမ်းဆည်းသွားမယ်လို့ ထုတ်ပြန်လိုက် ပါတယ်။

ရှမ်းတောင်အဖွဲ့လို့ အများက သိကြတဲ့ RCSS ဟာ ရှမ်းပြည်အခြေစိုက်တိုင်းရင်းသား လက်နက်ကိုင် တွေဖြစ်တဲ့ “ဝ” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော်၊ မိုင်းလားအဖွဲ့၊ ကိုးကန့်အဖွဲ့၊ တအာင်းအဖွဲ့နဲ့ ရှမ်းပြည်တပ်မတော်မြောက်ပိုင်း(SSPP/SSA)တို့ ပါဝင်တဲ့ တပ်မတော်မြောက်ပိုင်းမဟာမိတ်အဖွဲ့(FPNCC) မှာ မပါဝင်ပါဘူး။

ဒါ့အပြင် RCSS ဟာ စစ်ကောင်စီနဲ့ နေပြည်တော်မှာ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ ဆက်လုပ်နေတဲ့အဖွဲ့လည်းဖြစ်ပါတယ်။

ဒါပေမဲ့ RCSS ဟာ နယ်မြေအငြင်းပွားမှုနဲ့ စစ်ရေးတင်းမာမှုတွေဖြစ်နေတဲ့ နောက်ထပ် ရှမ်းလက်နက်ကိုင်အဖွဲ့ SSPP/SSA နဲ့ အပစ်ရပ်တဲ့အကြောင်း ပြီးခဲ့တဲ့ နိုဝင်ဘာလမှာပဲ ကြေညာချက်ထုတ်ပြန်ထားပါတယ်။

ရွေဘိုမှာ ၃ နှစ်အရွယ်ကလေးအပါအဝင် မိသားစုဝင် ၆ ဦး သတ်ဖြတ်ခံရ

အသတ်ခံရတဲ့ မိသားစုဝင်ထဲက ၁ ဦး

ဓာတ်ပုံ ရင်းမြစ်, Mandalay Free Press - MFP

ဓာတ်ပုံ ပုံစာ, အသတ်ခံရတဲ့ မိသားစုဝင်ထဲက ၁ ဦး

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ မြင်းစီးကျေးရွာမှာ မိသားစုဝင် ၆ ဦး ဖမ်းဆီးသတ်ဖြတ်ခံလိုက်ရတယ်လို့ ‌ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ဝင်တစ်ဦးက ဘီဘီစီကို အတည်ပြုသလို ဒေသအခြေစိုက်မီဒီယာတွေမှာလည်း ဖော်ပြထားကြပါတယ်။

အရပ်အခေါ် စစ်ကောင်စီကိုထောက်ခံတဲ့ပျုစောထီး လက်နက်ကိုင်အဖွဲ့ လို့ခေါ်တဲ့ အဖွဲ့တစ်ဖွဲ့က ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ မြင်းစီးကျေးရွာကနေ တောထဲမှာ စစ်ရှောင်နေတဲ့ မိသားစုဝင် ၆ ဦးကို ကျေးရွာနဲ့ ၁ မိုင်အကွာနားအထိ ဖမ်းဆီးခေါ်ဆောင်သွားပြီး အဲဒီနေရာမှာပဲ သတ်ဖြတ်ပြီးထားခဲ့တာလို့ မြို့နယ် ပကဖ အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“၁၅ ရက်နေ့က ၃ ‌လောင်းတွေ့တယ်၊ ၁၆ ရက်နေ့မှာ ၃ လောင်းထပ်တွေ့တယ်” လို့ သူကပြောပြပါတယ်။

သေဆုံးတဲ့သူ ၆ ဦး ထဲမှာ အမျိုးသား ၂ ဦး၊ အမျိုးသမီး ၄ ဦးဖြစ်ပြီး ၃ နှစ်အရွယ် ကလေးငယ်တစ်ဦး ပါဝင်သလို လရင့်နေတဲ့ ကိုယ်ဝန်ဆောင်သည်အမျိုးသမီးတစ်ဦးလည်း ပါဝင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသွားတဲ့မိသားစုဝင်တွေဟာ ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ရပ်ကျေးရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့တဲ့သူတစ်ဦးနဲ့ အမျိုးတော်စပ်တာကြောင့် သတ်ခံရတာလို့ ဒေသခံတွေက ပြောပါတယ်။

မြင်းစီးကျေးရွာက ‌ဒေသခံ‌အများစုဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကတည်းက ရွာကို စွန့်ခွာစစ်ရှောင်နေက တာဖြစ်ပြီး ရွာထဲမှာတော့ လက်နက်ကိုင်ပျူစောထီးအဖွဲ့ဝင်တွေက ထိန်းချုပ်နေတယ်လို့ မြေပြင် အခြေအနေသိရှိတဲ့ ဒေသခံတစ်ဦးကပြောပါတယ်။

စစ်ကောင်စီဘက်ကတော့ ရွှေဘိုက ဒီမိသားစုဝင်တွေ အသတ်ခံရတဲ့အခြေအနေတွေနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်တာတော့ မရှိသေးပါဘူး။

စစ်ကောင်စီကတော့ ပျူစောထီးဆိုတာမရှိဘဲ လိုအပ်လို့ လုံခြုံရေးအရ အကူအညီတောင်းခံလာတဲ့အခါ သင်တန်းပေးတာနဲ့ လက်နက်ထောက်ပံ့တဲ့ပြည်သူ့စစ်ပဲရှိတယ်လို့ ပြီးခဲ့တဲ့နှစ်တွေကတည်းက ပြောထားပါတယ်။

ဆီဆိုင်မြို့မှာ ဒရုန်းနဲ့တိုက်ခိုက်ခံရလို့ အရပ်သား ၇ ဦးသေဆုံး

ဒရုန်းတိုက်ခိုက်ခံရမှုကြောင့် ပျက်စီးသွားတဲ့ကားတွေ

ဓာတ်ပုံ ရင်းမြစ်, လူမှုကွန်ရက်

ဓာတ်ပုံ ပုံစာ, ဒရုန်းတိုက်ခိုက်ခံရမှုကြောင့် ပျက်စီးသွားတဲ့ကားတွေ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲက ဆီဆိုင်မြို့မှာ မနေ့ ဖေဖော်ဝါရီ ၁၉ ရက် မနက်ပိုင်းက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတာကြောင့် အရပ်သား ၇ ဦးသေဆုံးပြီး ၆ ဦး ကတော့ ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားတယ်လို့ မြေပြင်အခြေအနေသိရှိတဲ့ဒေသခံက ဘီဘီစီကို ပြောပါတယ်။

သေဆုံးတဲ့အထဲမှာ ၁၇ နှစ်အရွယ် လူငယ်ပါဝင်ပြီး သေဆုံးသူအားလုံးဟာ အမျိုးသားတွေဖြစ်တယ်လို့ ဒေသခံတစ်ဦးရဲ့အပြောအရသိရပါတယ်။

အရပ်သားတွေ ဒရုန်းနဲ့တိုက်ခိုက်ခံရပြီး သေဆုံးတာနဲ့ပတ်သက်လို့ ဒေသခံတွေအပါအဝင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)ဘက်က စစ်ကောင်စီဘက်ကလုပ်တာလို့ ပြောဆိုထားပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။

PNLA ဘက်ကတော့ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရလို့ မြေပြင်မှာ လဲကျသေဆုံးနေတဲ့ ရုပ်အလောင်းတွေကို လည်း ဓာတ်ပုံတွေနဲ့တကွထုတ်ပြန်ထားပါတယ်။

သေဆုံး၊ ဒဏ်ရာရသွားတဲ့သူတွေဟာ နေအိမ်မှာပစ္စည်းယူဖို့ ဆီဆိုင်မြို့ကို ကားနဲ့ပြန်လာတဲ့ စစ်ရှောင်ဒေသခံတွေဖြစ်ပြီး မြို့ထဲမဝင်ခင် ၁ မိုင်ဝန်းကျင်လောက်မှာပဲ ကားတန်းကို ဒရုန်းနဲ့တိုက်ခိုက်ခံရပြီး သေဆုံးသွားတာလို့ ဒေသခံတစ်ဦးကဆိုပါတယ်။

ဒေသခံတွေအနေနဲ့လည်း နေအိမ်ပြန်ပြီး ပစ္စည်းပြန်သယ်တာတွေ မလုပ်ကြဖို့ PNLA ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်ကနေ သူက တိုက်တွန်းပါတယ်။

  • ဆိုက်ခေါင်မှာ တိုက်ပွဲပြင်းထန်နေ

တစ်ချိန်တည်းမှာပဲ ဆီဆိုင်မြို့နယ်ထဲက ဆိုက်ခေါင်ရွာမှာ မနေ့ ဖေဖော်ဝါရီ ၁၉ ရက်ကနေ လက်ရှိအချိန်အထိ စစ်ကောင်စီတပ်နဲ့ PNLA ဦးဆောင်တဲ့ ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံအချို့က ဘီဘီစီကိုပြောပါတယ်။

တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း ဆိုက်ခေါင်ရွာတဝိုက်ကို စစ်ကောင်စီတပ်ဘက်က လေယာဉ် ၃ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ PNLA ဘက်က ပြောထားပါတယ်။

ဆီဆိုင်မြို့မြောက်ဘက်မှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီခြေမြန်တပ်ရင်းတွေဖြစ်တဲ့ အမှတ် ၄၂၃ ခြေမြန်တပ်ရင်းနဲ့ အမှတ် ၄၂၄ ခြေမြန်တပ်ရင်းကလွဲရင် ကျန်တဲ့မြို့ပေါ်နေရာတွေကို PNLA နဲ့တော်လှန်ရေးအဖွဲ့တွေက ထိန်းချုပ်ထားနိုင်တယ်လို့ မြေပြင်မှာရှိနေတဲ့ဒေသခံတစ်ဦးက ဘီဘီစီကို အတည်ပြုပြောပြပါတယ်။

တိုက်ပွဲတွေဖြစ်ပွားနေချိန်မှာပဲ စစ်ကောင်စီတပ်ရဲ့ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးဟာ ရှမ်းတောင်က တောင်ကြီးမြို့၊ ရပ်စောက်မြို့၊ ဟိုပုံးမြို့၊ ပင်လောင်းမြို့၊ နောင်တရားမြို့နဲ့ ကလောမြို့တို့က PNO ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေကို ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက လက်နက်တွေ လွှဲပြောင်းပေးထားပါတယ်။

ဗီဒီယို ပုံစာ, ဆီဆိုင်မှာ တိုက်ပွဲ ပြင်းထန်

ထိုင်းနိုင်ငံထဲ တရားမဝင်ဝင်ရောက်လာရင် အရေးယူမယ်လို့ ထိုင်းဝန်ကြီးချုပ်သတိပေး

ထိုင်းနိုင်ငံဝန်ကြီးချုပ် ဆေထာထဝီဆင်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ထိုင်းနိုင်ငံဝန်ကြီးချုပ် ဆေထာထဝီဆင်

မြန်မာမှာ စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေအသက်သွင်းလိုက်တဲ့နောက် မြန်မာကနေ ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာတာရှိရင် တရားဥပဒေရ အရေးယူသွားမယ်လို့ ထိုင်းနိုင်ငံဝန်ကြီးချုပ် ဆေထာထဝီဆင်က သတိပေးလိုက်ပါတယ်။

စစ်မှုထမ်းဥပဒေနဲ့ ပတ်သက်တဲ့ လုပ်ငန်းဆောင်တာတွေကိုလာမယ့် ဧပြီလမှာစတင်မယ်လို့ စစ်ကောင်စီက ကြေညာပြီးချိန်မှာပဲ ထိုင်းနိုင်ငံကို ဗီဇာလျှောက်ထားတဲ့ မြန်မာနိုင်ငံသား လူဦးရေ တိုးလာတာကိုလည်း ထိုင်းဝန်ကြီးချုပ်က ထည့်ပြောထားပါတယ်။

“နိုင်ငံထဲကို တရားဝင် ဝင်လာရင် ကြိုဆိုပါတယ်။ တရားမဝင် ခိုးဝင်လာရင်တော့ ဥပဒေအရ အရေးယူသွားမယ်။ ဒီကိစ္စကို သက်ဆိုင်ရာ လုံခြုံရေးအေဂျင်စီတွေနဲ့လည်း ဆွေးနွေးထားပါတယ်” လို့ မစ္စတာ ဆေထာက ဆိုပါတယ်။

ထိုင်းဝန်ကြီးချုပ်အနေနဲ့ မြန်မာကနေ ရွှေ့ပြောင်းအခြေချလာမယ့်သူတွေက ထိုင်းနိုင်ငံသားတွေရဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ လုယူမယ်လို့ ထိုင်းလူမျိုးတွေစိုးရိမ်နေတဲ့အပေါ် အဆင်ပြေအောင် ကြိုးစားပေးနေတယ်လို့လည်းထည့်ပြောပါတယ်။ လက်ရှိမှာ ထိုင်းနိုင်ငံသားတွေရဲ့ အလုပ်အကိုင်ရရှိမှုကိုထိခိုက်တာမရှိသလို အိမ်နီးချင်းနိုင်ငံတွေရဲ့ လုပ်သားတွေလိုအပ်နေသေးတယ်လို့ မစ္စတာ ဆေထာကပြောပါတယ်။

ထိုင်းနိုင်ငံဘက်ကို မြန်မာနိုင်ငံသားတွေ ထွက်ပြေးလာရတဲ့ အကြောင်းအရင်းတစ်ခုကလည်း စစ်မှုမထမ်းမနေရ ဥပဒေကြောင့်သာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီဥပဒေရဲ့ အကျိုးဆက်အနေနဲ့ ထိုင်းကို တရားမဝင် ဝင်‌ရောက်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား အရေအတွက် တိုးလာမယ်လို့ သူကဆက်ပြောပါတယ်။

တစ်ဖက်မှာလည်း ထိုင်းနိုင်ငံကို ဗီဇာလျှောက်ထားသူတွေအတွက် အွန်လိုင်းကလျှောက်ထားနိုင်တဲ့ စနစ်ကို ရန်ကုန်ကထိုင်းသံရုံးကစတင်တော့မှာဖြစ်ပြီး တစ်ရက်ကို အွန်လိုင်းဗီဇာလျှောက်လွှာ ၂၀၀နဲ့ လူကိုယ်တိုင်လျှောက်လွှာ ၂၀၀ စုစုပေါင်း ၄၀၀ လက်ခံမယ်လို့ မြန်မာနိုင်ငံမှာရှိတဲ့ ထိုင်းသံရုံးက လှုမှုကွန်ရက်စာမျက်နှာပေါ်ကနေ ကြေညာထားတာဖြစ်ပါတယ်။

မြန်မာက ထိုင်းသံရုံးမှာ ဗီဇာလျှောက်တဲ့ မြန်မာနိုင်ငံသား လူဦးရေက တစ်ရက်ကို လူဦးရေ တစ်ထောင်ကျော်ရှိတယ်လို့ ထိုင်းသတင်းဘန်ကောက်ပို့စ်မှာ ဖော်ပြထားပါတယ်။

ထိုင်းဗီဇာရက်ချိန်း အွန်လိုင်းကလျှောက်နိုင်တယ်လို့ ထိုင်းသံရုံးကြေညာ

ရန်ကုန်ထိုင်းသံရုံးမှာ ထိုင်းဗီဇာရဖို့ လျှောက်ထားသူတွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ရန်ကုန်ထိုင်းသံရုံးမှာ ထိုင်းဗီဇာရဖို့ လျှောက်ထားသူတွေ

ထိုင်း ဗီဇာရဖို့ ရက်ချိန်းတွေကို အွန်လိုင်း‌ကလျှောက်ထားနိုင်ပြီး တစ်ရက်ကို လူဦးရေ (၂၀၀)နှုန်းရက်ချိန်းပေးမယ်လို့ ရန်ကုန်မှာရှိတဲ့ ထိုင်းသံရုံးက ကြေညာလိုက်ပါတယ်။ ဒါအပြင် လူကိုယ်တိုင်သံရုံးရှေ့တန်းစီပြီးရက်ချိန်းယူတာဆက်ရှိမှာဖြစ်ပြီး အဲဒီမှာလည်း တစ်ရက်ကို (၂၀၀) စီခွဲထုတ်ပေးမယ်လို့ဆိုပါတယ်။

အွန်လိုင်းရက်ချိန်းစနစ်ကို လာမယ့် ဖေဖော်ဝါရီလ(၂၂)ရက် ကြာသပတေးနေ့ကစတင်မှာဖြစ်ပြီး ရန်ကုန်မြို့က ထိုင်းသံရုံးအင်တာနက်စာမျက်နှာ ကနေကော ထိုင်းသံရုံးရဲ့ ထုတ်ပြန်ချက်ပါ QRကုဒ်ကပါ ဝင်ပြီးရယူနိုင်မှာပါ။ အွန်လိုင်းကလျှောက်တဲ့သူတွေက စလျှောက်တဲ့ရက်ကနေ တစ်လအတွင်း ရက်ချိန်းရတဲ့ရက်တွေမှာ ရက်ရွေးယူနိုင်မှာဖြစ်ပါတယ်။

လူကိုယ်တိုင်လျှောက်သူတွေကတော့ မနက်ဖြန် ဗုဒ္ဓဟူးနေ့ ဖေဖော်ဝါရီ(၂၁)ရက် နေ့လည်(၂)နာရီမှာ တန်းစီထုတ်ယူရမှာဖြစ်တယ်လို့ သံရုံးကြေညာချက်မှာဖော်ပြထားပါတယ်။ ဖေဖော်ဝါရီ (၂၂) နဲ့ (၂၃) ရက်တွေအတွက် တစ်ရက်တိုကင်(၂၀၀)နဲ့ လူဉီးရေ(၄၀၀)စာအတွက်ထုတ်ပေးမှာဖြစ်ပါတယ်။

နောက်တစ်ပတ်တနင်္လာနေ့ လူကိုယ်တိုင် တန်းစီစောင့်ဆိုင်းတဲ့အရေတွက်ကိုကြည့်ပြီး ရက်ချိန်တွေကိုအွန်လိုင်းက ထုတ်ပေးဖို့ ဖြစ်နိုင်မဖြစ်နိုင်ကိုလည်း သံရုံးကဆက်ပြီးဆုံးဖြတ် ထုတ်ပြန်ပေးသွားဖို့လည်း ရှိနေတာပါ။

''အွန်လိုင်းကလျှောက်တာက နည်းပညာမရတဲ့သူဆိုခက်မှာပေါ့ ။ လိုင်းမကောင်းတာဘာညာနဲ့ ကျွန်မအတွက်တော့ ခက်တယ်''လို့ ထိုင်းဗီဇာရဖို့ကြိုးစားနေတဲ့ ရန်ကုန်မြို့ခံတစ်ဦးကပြောပါတယ်။

စစ်မှုထမ်းဥပဒေအသက်ဝင်ပြီလို့ ‌ကြေညာလိုက်တဲ့နောက်မှာ ထိုင်းနိုင်ငံကို ပြည်ဝင်ခွင့်လျှောက်သူတွေများလာတဲ့အတွက် ရန်ကုန်မြို့က ထိုင်းသံရုံးကနေ လူဦးရေကန့်သတ်ပြီး ရက်ချိန်းထုတ်ပေးတဲ့ပုံစံကိုပြောင်းလဲတာခုဆိုရင် (၃)ခါမြောက်ရှိနေပြီဖြစ်ပါတယ်။