မတ် ၁၅ ရက် နိုင်ငံတဝန်း သတင်းအနှစ်ချုပ် - အမေရိကန်ကိုဝင်ခွင့် တင်းကျပ်နိုင်ခြေရှိတဲ့ စာရင်းထဲ မြန်မာပါဝင်

ဓာတ်ပုံ ရင်းမြစ်, Getty Images
နိုင်ငံပေါင်း ဒါဇင်နဲ့ချီကို ဒေါ်နယ်ထရမ့်အစိုးရက အမေရိကန်နိုင်ငံထဲ လာရောက်ခွင့် ကန့်သတ်ပိတ်ပင် စာရင်းထဲထည့်သွင်းဖို့ စီစဉ်နေပြီး မြန်မာနိုင်ငံလည်း ပါဝင်နေပါတယ်။
နိုင်ငံပေါင်း ၄၁ နိုင်ငံပါဝင်တဲ့ ဒီစာရင်းထဲမှာ အုပ်စု ၃ စု နဲ့ ခွဲခြားသတ်မှတ်ထားပြီး မြန်မာက ဒုတိယအုပ်စုမှာ လာအို၊ဟေတီ၊တောင်ဆူဒန်နဲ့ အဲရစ်ထရီးရား နိုင်ငံတွေနဲ့အတူ ပါဝင်နေတာပါ။
ဒီအုပ်စုထဲပါတဲ့ နိုင်ငံတွေက နိုင်ငံသားတွေရဲ့ အလည်နဲ့ ကျောင်းသားဗီဇာအပြင် တချို့ immigrant ဗီဇာ အမျိုးအစားတွေရနိုင်ဖို့ တစိတ်တပိုင်းကန့်သတ်ချက်တွေ ကြုံလာရနိုင်တာ ဖြစ်ပါတယ်။
ဒီစာရင်းဟာ အပြောင်းအလဲရှိနိုင်ပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို နဲ့အုပ်ချုပ်ရေးအပိုင်းက အတည်ပြုထားတာ မရှိသေးဘူးလို့ ရိုက်တာသတင်းက အမည်မဖော်လိုသူ အမေရိကန်အရာရှိတစ်ဦးရဲ့ ပြောဆိုချက်ကို ကိုးကားဖော်ပြပါတယ်။
အာဖဂန်နစ္စတန်၊အီရန်၊ဆီးရီးယားနဲ့မြောက်ကိုးရီးယားတို့ပါဝင်တဲ့ ပထမအုပ်စုထဲက နိုင်ငံ ၁၀ နိုင်ငံဟာ ဗီဇာလုံးဝပိတ်ပင်ခံရမှာ ဖြစ်ပါတယ်။
တတိယအုပ်စုကတော့ အမိန့်ထုတ်ပြီး ရက် ၆၀အတွင်း သက်ဆိုင်ရာအစိုးရကနေ အမေရိကန်ရဲ့လူဝင် မှုကြီးကြပ်ရေးကဏ္ဍမှာပူးပေါင်းဆောင်ရွက်ပြီး လဝက စည်းမျဉ်းစည်းကမ်းတိုးတက်အောင် လုပ်ရမယ့် နိုင်ငံတွေ ဖြစ်ပါတယ်။
ပြောင်းလဲမှုတွေမလုပ်နိုင်ရင် ဗီဇာလုံးဝပိတ်ပင်တာနဲ့ တစိတ်တပိုင်းပိတ်ပင်တဲ့ နိုင်ငံအုပ်စု ထဲကို ထည့်သွင်းမှာဖြစ်ပါတယ်။
ပုဂ္ဂလိကကျောင်းတွေဆီက စစ်ကောင်စီအခွန်ဘယ်လို တိုးကောက်လဲ

ဓာတ်ပုံ ရင်းမြစ်, CINCDS
လာမယ့်ပညာသင်နှစ်အတွက် ပုဂ္ဂလိကကျောင်းတွေနဲ့ နိုင်ငံတကာကျောင်းတွေရဲ့ ကျောင်းလခတွေ နှစ်ဆနီးပါးဈေးတက်တယ်လို့ ကျောင်းသားမိဘတချို့ဆီက သိရပြီး စစ်ကောင်စီက အခွန်တိုးကောက်တာကြောင့်ဈေးတက်တာလို့ ကျောင်းတည်ထောင်သူအသိုင်းအဝိုင်းက ပြောပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ပုဂ္ဂလိကကျောင်းတချို့မှာဆိုရင် ကျောင်းလခဈေးတက်တာအပြင် ဖတ်စာအုပ်ကြေး၊ လောင်စာဆီ ကုန်ကျငွေအတွက်ပါ စာသင်နှစ်တစ်နှစ်စာ ပေးသွင်းရမယ်လို့ သိရပါတယ်။
"မီးပျက်ချိန်ဆို အဲယားကွန်းဖွင့်ပေးဖို့အတွက် မီးစက်နှိုးခတစ်နှစ်စာကို ၂ သိန်းသွင်းရမယ်။ ဖတ်စာအုပ် က အစ ဝယ်ရမှာ။ ကျောင်းကစာပဲသင်မယ်။ ကျန်တာ ကိုယ့်ဘာသာရှင်းဆိုတဲ့ သဘောပဲ" လို့ ရန်ကုန်က ပုဂ္ဂလိက ကျောင်းမှာတက်ရောက်နေတဲ့ ကျောင်းသားတစ်ဦးရဲ့ မိခင်က ပြောပါတယ်။
ကျောင်းတည်ထောင်သူတစ်ဦးကတော့ ပုဂ္ဂလိကကျောင်းနဲ့ နိုင်ငံတကာကျောင်းတွေကို စစ်ကောင်စီက ကုမ္ပဏီလိုင်စင်လျှောက်ထားခိုင်းပြီး အခွန်တိုးကောက်တာကြောင့် ကျောင်းလခတွေ ဈေးတက်ရတာလို့ ပြောပါတယ်။
"ကုမ္ပဏီလိုင်စင်က ၂၀၂၃ ခုနှစ်တည်းကလျှောက်တာရပြီးကြပြီ။ အခွန်က ဧပြီလဆို ဆောင်ရတော့မယ်။ ပျှမ်းမျှအနေနဲ့ဆိုရင် တစ်နှစ်စာမှာ ကျောင်းသားတစ်ယောက်ကို တစ်သောင်းနှုန်းလောက်ကုန်ကျတယ်" လို့ ပုဂ္ဂလိကကျောင်းတည်ထောင်သူတစ်ဦးက ပြောပါတယ်။
ကျောင်းတွေကို မြေနေရာကျယ်ကျယ်ဝန်းဝန်းရှိဖို့အပါအဝင် ကုမ္ပဏီလိုင်စင်နဲ့ စနစ်တကျ ဆောင်ရွက်ဖို့ အတွက်နှစ်နှစ်အချိန်ပေးထားပြီး ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ်မှာ သတ်မှတ်ချိန်ပြည့်တော့မယ်လို့ သိရပါတယ်။
ပုဂ္ဂလိကျောင်းတွေနဲ့ နိုင်ငံတကာကျောင်းတွေကို တင်းကျပ်တဲ့သတ်မှတ်ချက်တွေပါဝင်တဲ့ ပုဂ္ဂလိက ပညာရေးဥပဒေကို ၂၀၂၃ ခုနှစ်မှာ စစ်ကောင်စီက ပြင်ဆင်ခဲ့ပြီး ပညာရေးလွတ်လပ်ခွင့်မရှိဘူးဆိုတဲ့ ဝေဖန်ချက်တွေလည်းရင်ဆိုင်ခဲ့ရပါတယ်။
ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA လေးနှစ်ပြည့် စစ်ရေးပြ

ဓာတ်ပုံ ရင်းမြစ်, PLA
ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ တပ်ဖြစ်တဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA လေးနှစ်ပြည့်အခမ်းအနားကို လွတ်မြောက်ဒေသတနေရာမှာ ဒီနေ့ပြုလုပ်ခဲ့ပြီး စစ်ရေးပြခဲ့ပါတယ်။
မြန်မာပြည်လွတ်လပ်ရေးမရခင် ၁၉၃၉ ခုနှစ်ကတည်းက မြေအောက်အဖွဲ့အစည်းအဖြစ် စတင်ခဲ့တဲ့ PLA ကို ၂၀၂၁ မတ် ၁၅ ရက်မှာ ပြန်လည်ဖွဲ့စည်းပြီး တပ်တည်ထောင်တဲ့ လေးနှစ်ပြည့်အဖြစ် ပြန်လည်သတ်မှတ်လိုက်တာလည်းဖြစ်ပါတယ်။
ဗမာပြည်ကွန်မြူနစ်ပါတီ၊ ဗဟိုစည်းရုံးရေးကော်မတီက ပို့တဲ့ သဝဏ်လွှာမှာ ၂၀၂၁ ခုနှစ်က ပါတီရဲ့အစုတစ်စုဟာ KIA ဌာနချုပ် လိုင်ဇာမှာ ပါတီ အမည်မခံဘဲ စစ်သင်တန်းသွားတက်ခဲ့တယ် လို့ရေးထားပါတယ်။
PLA လေးနှစ်ပြည့်အခမ်းအနားကို ဗမာပြည်ကွန်မြူနစ်ပါတီ၊ပြည်သူ့ညီညွတ်ရေးတပ်ဦး၊ပြည်သူ့တော်လှန် ရေးတပ်ဦးတို့ကလည်း သဝဏ်လွှာတွေပေးပို့ထားကြပါတယ်။
အဲဒီနောက်မှာ PLA ဟာ မြောက်ပိုင်းညီနောင် မဟာမိတ် ၃ ဖွဲ့နဲ့အတူ ၁၀၂၇ စစ်ဆင်ရေးအတွင်းမှာလည်း ပူးပေါင်းတိုက်ခဲ့ပြီး လက်ရှိမှာ စစ်ကိုင်းတိုင်း၊တနင်္သာရီတိုင်း၊မတ္တရာနယ် နဲ့ မြင်းခြံခရိုင်ထဲမှာ စစ်ရေးလှုပ်ရှားနေတယ်လို့ အဖွဲ့က ထုတ်ပြန်ပါတယ်။
PLA ရဲ့ စစ်ဒေသကတော့ စစ်ကိုင်းအမှတ် ၁ စစ်ဒေသနဲ့ ၈၁၅ အနောက်မြောက်စစ်ဒေသတို့ ဖြစ်ပါတယ်။
ဘန်ကောက်၊ရာမ ၂ တံတားဆောက်လုပ်ရေး လုပ်ငန်းခွင်ထပ်ပြိုကျ

ဓာတ်ပုံ ရင်းမြစ်, Thai News Pix
မြန်မာ ၂ ဦးအပါအဝင် ၅ ဦးသေဆုံး
လုပ်ငန်းခွင်မတော်တဆမှု မကြာခဏဖြစ်နေတဲ့ ထိုင်းနိုင်ငံ၊ ဘန်ကောက် ရာမ ၂ လမ်း တံတား ဆောက်လုပ်ရေးဟာ မတ် ၁၅ ရက် မနက် ၂ နာရီဝန်းကျင်မှာ ထပ်မံပြိုကျခဲ့ပါတယ်။
ဒီဖြစ်စဉ်အတွင်း မြန်မာအလုပ်သမား ၂ ဦးနဲ့ ထိုင်းနိုင်ငံသား ၃ ဦး သေဆုံးပြီး ၂၉ ဦး ထိခိုက်ဒဏ်ရာရတယ်လို့ ထိုင်း သတင်းတွေက ဖော်ပြပါတယ်။
တံတားလုပ်ငန်းခွင်ပြိုကျလို့ ဒီမနက် သေဆုံးသွားခဲ့တဲ့ မြန်မာနိုင်ငံသားနှစ်ဦးက ကိုဇင်ကိုအောင် နဲ့ ကိုနိုင်လင်း အောင်တို့ဖြစ်တယ်လို့ ထိုင်းသတင်းဖော်ပြချက်အရသိရပြီး သူတို့ရဲ့ဇာတိနဲ့ အသေးစိတ်အချက်အလက်ကို တော့မသိရသေးပါဘူး။
၂၀၂၄ နိုဝင်ဘာ ၂၉ ရက်တုန်းကလည်း ဒီတံတားရဲ့ မဟာချိုင်ဘက်အခြမ်းဆောက်လုပ်ရေး ပြိုကျပြီး မြန်မာ အလုပ်သမား ၄ ဦးအပါအဝင် ၆ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရခဲ့တာပါ။
၂၀၂၃ မေလ နဲ့ ၂၀၂၄ ဇန်နဝါရီလတွေတုန်းကလည်း ဒီဆောက်လုပ်ရေးထဲမှာပဲ မတော်တဆမှုတွေကြောင့် အလုပ်သမား ၂ ဦးသေဆုံးခဲ့ပါသေးတယ်။
ထိုင်းအာဏာပိုင်တွေဘက်ကတော့ တံတားပြိုကျတဲ့အကြောင်းအရင်းကိုစစ်ဆေးနေပြီး ကန်ထရိုက်ကိုဒဏ်ရိုက် တာနဲ့ သေဆုံးဒဏ်ရာရသူတွေအတွက် လျော်ကြေးငွေတွေ ပေးဆောင်စေမယ်လို့ ဆိုထားကြပါတယ်။
ဒီတံတားဆောက်လုပ်ရေးဟာ ရှည်လျားပြီး ကန်ထရိုက်များစွာကခွဲဝေဆောက်လုပ်နေတာ၊လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေးဆောင်ရွက်ချက် စံမမီတာ နဲ့ လုပ်ငန်းခွင်စစ်ဆေးရေး စနစ်မကျဘဲ ဟာကွက်တွေရှိနေတာကြောင့် အခုလို မတော်တဆမှု မကြာခဏဖြစ်နေရတာလို့ King Mongkut's Institute of Technology Ladkraban(KMITL) ရဲ့ ပါမောက္ခ Dr. Kamsan Maliseeက ဘီဘီစီ ထိုင်းဘာသာစကားဌာနကို ၂၀၂၄ နိုဝင်ဘာမှာ ပြောထားပါတယ်။
ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေးကို ICC တရားသူကြီးတွေရှေ့ ပထမဆုံးအကြိမ် ရုံးထုတ်

ဓာတ်ပုံ ရင်းမြစ်, ICC
ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးကို နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC) ရဲ့ အကြိုတရားခွင်မှာ မတ် ၁၄ ရက်က ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့ပါတယ်။
ရုံးတော်ဟာ သံသယရှိသူရဲ့ သရုပ်သကန်နဲ့ပတ်သက်လို့ အတည်ပြုခဲ့ပြီး မစ္စတာဒူတာတေးကို သူကျူးလွန်ခဲ့တယ်လို့ သံသယရှိခံရတဲ့ ပြစ်မှုတွေ၊ ICC ရဲ့ ရောမစာချုပ်ပါ သူ့ရပိုင်ခွင့်တွေနဲ့ပတ်သက်လို့ အသိပေးခဲ့ပါတယ်။
ရုံးတော်ရဲ့ခွင့်ပြုချက်အရ မစ္စတာဒူတာတေးဟာ ICC ထိန်းသိမ်းရေးဌာနကတစ်ဆင့် ရုံးထုတ်မှုကို အွန်လိုင်းက ပါဝင်ခဲ့ပါတယ်။
ရုံးထုတ်မှုကို ICC ဥပဒေအရာရှိနဲ့ ဒူတာတေးရဲ့ရှေ့နေတို့ရဲ့ ရှေ့မှောက်မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ရုံးထုတ်မှုအတွင်း မစ္စတာဒူတာတေးရဲ့ ရှေ့နေအဖြစ် မစ္စတာ ဆယ်လ်ဗေဒေါ စီ မာဒီယယ်ဒီယာက တာဝန်ယူထားပြီး တရားခံအဖြစ်သံသယရှိသူအတွက် ပြည်သူ့အကြံပေးရေးရုံးက ကူညီပေးနေပါတယ်။
ရုံးတော်ဟာ ပြစ်မှုများအတည်ပြုရေးနဲ့ပတ်သက်တဲ့ ကြားနာစစ်ဆေးမှုကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၃ ရရက်မှာ ပြုလုပ်မယ်လို့ အစီအစဉ်ဆွဲထားပါတယ်။
ပြစ်မှုတွေကို အကုန်လုံးဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းဖြစ်စေ အတည်ပြုနိုင်ပြီဆိုရင် အမှုကို ကြားနာစစ်ဆေးရေးရုံးတော်ကို လွှဲပြောင်းမှာဖြစ်ပြီး ရုံးတော်ဟာ လုပ်ထုံးလုပ်နည်းရဲ့ နောက်တစ်ဆင့်ဖြစ်တဲ့ ရုံးတင်စစ်ဆေးမှုကို ဆက်လက်လုပ်ဆောင်မှာဖြစ်ပါတယ်။
မစ္စတာ ဒူတာတေးဟာ ဖိလစ်ပိုင်နိုင်ငံမှာ ၂၀၁၁ ခုနှစ် နိုဝင်ဘာ ၁ ရက်ကနေ ၂၀၁၉ ခုနှစ် မတ် ၁၆ ရက်အတွင်း လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုအောက်က လူသတ်မှုနဲ့ စစ်ဆေးခံနေရတာဖြစ်ပါတယ်။
ဖိလစ်ပိုင်သမ္မတဟောင်းဒူတာတေးကို လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်တွေအတွက် ၂၀၂၅ ဖေဖော်ဝါရီ ၁၀ ရက်မှာ ICC ရှေ့နေချုပ်ရုံးကနေ ဖမ်းဝရမ်းထုတ်ဖို့ လျှောက်တင်ခဲ့တာဖြစ်ပါတယ်။
ICC ဖမ်းဝရမ်းထုတ်လိုက်တဲ့ ၂၀၂၅ မတ် ၁၁ ရက်မှာ ဟောင်ကောင်ကနေ မနီလာလေဆိပ်ကို ရောက်ရှိချိန် ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။
ကိုထိန်လင်း နဲ့ ဦးကျော်မိုးထွန်းတွေ့ဆုံ

ဓာတ်ပုံ ရင်းမြစ်, Kyaw Soe Latt /Terry Win
နယူးယောက်မှာရှိတဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံရုံးကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့သားငယ် ကင်မ် အဲရစ် (ခ ) ကိုထိန်လင်း ရောက်ရှိလာပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ တွေ့ဆုံခဲ့ပါတယ်။
Suu 80th Birthday Campaign အတွက် အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေတဲ့ ကင်မ် အဲရစ် ဟာ မတ်လ ၁၄ ရက်က မြန်မာသံရုံးရောက်လာပြီး Suu 80th Birthday အမှတ်တရထုတ်ဝေတဲ့ ပြက္ခဒိန်ကိုလက်ဆောင်ပေးခဲ့ပါတယ်။
မတ်လ ၁၃ ရက်နေ့က ကုလသမဂ္ဂရုံးချုပ်မှာကျင်းပခဲ့တဲ့ UN Event ကို ကင်မ် အဲရစ် တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံမှာရှိတဲ့ စစ်ဘေးသင့်အမျိုးသမီးတွေနဲ့ ကလေးတွေ ခံစားရတဲ့ Post Trauma Stress Disorder (PTSD) အကြောင်းကို အလေးပေး ဆွေးနွေးခဲ့တယ် လို့ သိရပါတယ်။
အမေရိကခရီးစဉ်မှာ မိခင်ဖြစ်သူအပါအဝင် မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံးလွတ်မြောက်ရေး၊ မြန်မာနိုင်ငံရဲ့ စစ်ဘေးခံပြည်သူတွေ အမြန်ဆုံး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီရရှိဖို့ ဦးစားပေးလုပ်ဆောင်သွားမယ် လို့ သူက ပြောခဲ့ပါတယ်။
ကော့ဆက်ဘဇားမှာ ကပ်ဘေးကြုံရနိုင်တယ်လို့ ကုလအထွေထွေအတွင်းရေးမှူးသတိပေး

ဓာတ်ပုံ ရင်းမြစ်, Chief Adviser GOB
အမေရိကန်အပါအဝင် ဥရောပနိုင်ငံအများအပြားက ကုလသမဂ္ဂရန်ပုံငွေထောက်ပံ့မှုဖြတ်တောက်တာဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ကော့ဆက်ဘဇား ရိုဟင်ဂျာဒုက္ခသည်စခန်းကို အထိခိုက်ဆုံးဖြစ်လာပြီး ချက်ချင်း တုံ့ပြန် ဆောင်ရွက် တာမရှိရင် လူသားချင်းစာနာထောက်ထား မှု ကပ်ဘေးကြုံရနိုင်တယ်လို့ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူး အန်တိုနီယို ဂူတားရက်စ်က ဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုရောက်ရှိနေတဲ့ ကုလအထွေထွေအတွင်းရေးမှူးဟာ မတ် ၁၄ ရက်မှာ ကော့ဆက်ဘဇားရိုဟင်ဂျာ ဒုက္ခသည်စခန်းကိုသွားရောက်အပြီး ကြေညာချက်ထုတ်လာတာပါ။
ရန်ပုံငွေဖြတ်တောက်တာကြောင့် ဒုက္ခသည်တွေကို ကူညီနေတဲ့ ရိက္ခာကို ဖြတ်တောက်ရမယ့်အခြေအနေ ကြုံနေပြီး ဒီလိုဆိုရင် လူတွေဒုက္ခပိုကြုံကာ သေဆုံးနိုင်တယ်လို့ ကုလအထွေထွေ အတွင်းရေးမှူး အန်တိုနီယို ဂူတားရက်စ်က ဆိုပါတယ်။
ဒီလိုဖြစ်မလာအောင် ရှောင်ရှားနိုင်ရေးဟာ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့တာဝန်ဖြစ်တယ်လို့သူကပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ မြန်မာကတိမ်းရှောင်ထွက်ပြေးလာတဲ့ ဒုက္ခသည် တစ်သန်းကျော်ဟာ ဒုက္ခသည်စခန်းတွေ မှာနေထိုင်ပြီး ကုလအဖွဲ့အစည်းတွေရဲ့ အကူအညီကိုမှီခိုနေကြရတာဖြစ်ပါတယ်။
ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူး အန်တိုနီယို ဂူတားရက်စ်ဟာ ဘင်္ဂလားဒေ့ရှ်ကို မတ် ၁၃ ရက်ကစပြီး လေးရက်တာ ခရီးစဉ် ရောက်ရှိနေတာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Chief Adviser GOB

ဓာတ်ပုံ ရင်းမြစ်, Chief Adviser GOB








