အိန္ဒိယမှာ ဆောက်လုပ်ဆဲတူးမြောင်းပြိုကျလို့ လုပ်သားတွေပိတ်မိနေ - နိုဝင်ဘာလ ၁၂ ရက်နိုင်ငံတကာသတင်းများ

အိန္ဒိယမြောက်ပိုင်း ဟိမဝန္တာတောင်တန်းတွေဖက်မှာရှိတဲ့ အူတရာခန် ပြည်နယ်ထဲက တည်ဆောက်ဆဲတူးမြောင်း တခု ပြိုကျပြီး ဆောက်လုပ်ရေး လုပ်သား အယောက် ၄၀ လောက်ပိတ်မိနေတဲ့အတွက် ကယ်ထုတ်နိုင်ဖို့ ကယ်ဆယ်ရေး ဝန်ထမ်းတွေ သူတို့ ဆီကို ရောက်နိုင်အောင် ကြိုးစားနေကြပါတယ်။

တူးမြောင်းရဲ့ မီတာ ၂၀၀ လောက် အပိုင်းက ဒီနေ့ အစောပိုင်းက ပြိုကျပျက်ဆီး သွားခဲ့ ပါတယ်။

တူးမြောင်းထဲမှာ ကွန်ကရစ်တုံးတွေ အပုံလိုက် ပိတ်ဆို့နေတာ၊ သံတန်းကိုင်းတွေက အုတ်ပုံတွေကြားက ထောင်ထွက်နေတာ စတာတွေကို ဓာတ်ပုံတွေထဲမှာ တွေ့ရပါတယ်။

အပျက်အစီး အုတ်ပုံတွေကြားမှာ အောက်စီဂျင်ပိုက်သွင်းဖို့အတွက် အပေါက်လေး တခုကို ကယ်ဆယ်ရေး ဝန်ထမ်းတွေ လုပ်နိုင်ပါပြီ။

ဒီတူးမြောင်းဟာ ၄ ကီလို မီတာ ခွဲလောက်ရှိပြီး ဟိန္ဒူ ဘုရားကျောင်း ၂ ကျောင်းကို ဆက်သွယ်ထားတဲ့ တူးမြောင်းပါ၊

ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ မတော်တဆ ပြိုကျတဲ့ အဖြစ်မျိုးက အိန္ဒိယမှာ အထူးအဆန်း မဟုတ်သလိုကို ဖြစ်နေတာလို့ ဆိုကြပါတယ်။

ဗီယက်နမ်မှာ မူးယစ်ဆေး ကုန်သွယ်မှုနဲ့ နိုင်ငံခြားသားတွေအပါအဝင် လူ ၁၈ ယောက်ကို သေဒဏ်ချ

ဗီယက်နမ်မှာ မူးယစ်ဆေးဝါး ကုန်သွယ်မှု အတွက် အပြစ်ရှိကြောင်း တွေ့ရှိရပြီး တဲ့နောက် လူ ၁၈ ‌ယောက်ကို သေဒဏ် အမိန့်ချမှတ်လိုက်ပါတယ်။

အဲဒီသူတွေထဲမှာ တောင်ကိုရီးယား နိုင်ငံသား ၂ ယောက်နဲ့ တရုတ်နိုင်ငံသား ၁ ယောက် တို့လည်း ပါဝင်ပါတယ်။

တောင်ကိုရီးယား တယောက် ဟာ ရဲအရာရှိဟောင်း တယောက်ဖြစ်တယ်လို့လည်း ဗီယက်နမ်နိုင်ငံပိုင် မီဒီယာတွေက ရေးပါတယ်။

တောင်ကိုရီးယားကို ပို့မယ့် ကွန်တိန်နာ တလုံးထဲမှာ မက်သဖက်တာမင်း စိတ်ကြွဆေး အထုပ်ပေါင်း များစွာကို ဟိုချီမင်းမြို့က အာဏာပိုင်တွေအနေနဲ့ တွေ့ခဲ့ ရပြီးနောက်ပိုင်း ဒီမူးယစ်ဆေး ကုန်သွယ်မှုလုပ်ငန်း ကို ဖော်ထုတ်နိုင်ခဲ့ကြောင်း တရားရုံး စာရွက်စာတမ်းတွေအရ သိရပါတယ်။

ဒီမူးယစ်ဆေးတွေဟာ ကမ္ဘောဒီးယားကနေ ဝင်လာပြီး ဗီယက်နမ် ထဲမှာရောင်းတာ၊ ဗီယက်နမ်ကို ဖြတ်ပြီး တခြားနိုင်ငံတွေဆီကို ရောက်သွားတာ စတာတွေကို အာဏာပိုင်တွေ လိုက်လံ စုံစမ်းရင်း သိခဲ့ရပါတယ်။

ဂါဇာဆေးရုံတွေက စစ်ပွဲဇုန်လို ဖြစ်နေပြီလို့ ဆရာဝန်တွေပြော

ဂါဇာတောင်ပိုင်း ခန်းယွန်နစ် အရပ်က အိမ်တအိမ်‌ကို အစ္စရေး လေကြောင်း တိုက်ခိုက်မှု လုပ်ခဲ့လို့ ပါလက်စတိုင်း ၁၃ ယောက် သေဆုံးခဲ့တယ်လို့ ဂါဇာမှာ ရှိတဲ့ ကျန်းမာရေး ဌာနက ပြောပါတယ်။

ဂါဇာ စီးတီးက အဆောက်အအုံတခု ဗုံးကြဲခံရတဲ့ နောက်ထပ် သီးခြား အဖြစ်အပျက် တခုမှာ လူအတော်များများ သေကြေတာ ဒဏ်ရာရတာတွေ ဖြစ်ခဲ့တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

အစ္စ‌ရေး သမ္မတ အိုင်ဇက် ဟာဇော့က ဂါဇာမှာ ဖြစ်ခဲ့တဲ့ ကြေကွဲစရာ အဖြစ် အတော် များများက ဟားမတ်စ်ကြောင့် ဖြစ်တာလို့ ဆိုပါတယ်။

စနေနေ့တုန်းက အယ်ရှီဖာ ဆေးရုံကို ဗုံးနဲ့တိုက်ခိုက် တာကလည်း ဟားမတ်စ်ပဲလို့ သူက ဆိုပါတယ်။

သူတို့ ဆေးရုံမှာ ဖြစ်နေတာက စစ်ပွဲဇုန်လိုပဲလို့ ဆရာဝန်တွေက ပြောပြီး ရက်သား လသား ကလေးလူနာ‌တွေအပါအဝင် လူနာတွေကို ရွှေ့ပြောင်းပေးနိုင်အောင် ကြိုးစား ပေးနေတယ်လို့ အစ္စရေး စစ်တပ်က ပြောပါတယ်။