ဝန်ကြီးချုပ်ဟောင်း သက်ဆင် ထိုင်းကို ပြည်တော်ပြန်တော့မယ် - ၁၉ ရက် ဩဂုတ် နိုင်ငံတကာ ထိပ်တန်း သတင်းများ

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ဟာ ပြည်ပမှာ နေထိုင်နေရာကနေ လာမယ့် သီတင်းပတ် ဆိုရင် ပြည်တော်ပြန် ဝင်လာနိုင်ခြေ ရှိနေပါတယ်။

သက်ဆင်ရဲ့ သမီးဖြစ်သူကိုယ်တိုင်က သူ့ဖခင်ဟာ လာမယ့် အင်္ဂါနေ့မှာ ဘန်ကောက်ကို လေကြောင်းခရီးကနေ ဝင်လာနိုင်ဖွယ် ရှိတယ်လို့ ဆိုပါတယ်။

ထိုင်းစစ်တပ်က အာဏာသိမ်းပြီး မစ္စတာ သက်ဆင်ကို ရာထူးကနေ ဖယ်ရှားခဲ့တဲ့နောက်၊ ဝန်ကြီးချုပ်ဟောင်းဟာ ပြည်ပမှာပဲ နေထိုင်လာတာ အခုဆိုရင် ၁၅ နှစ် ရှိပြီ ဖြစ်ပါတယ်။ များသောအားဖြင့် ဒူဘိုင်းမှာ နေတာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံထဲမှာ သူ့အပေါ် ရာဇဝတ်မှု ပုဒ်မတွေ တပ်ပြီး တရားစွဲထားတာတွေ ရှိတဲ့ အတွက်၊ တကယ်လို့ ပြန်လာပြီ ဆိုရင် အဲဒီအမှုတွေနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

သူ ကျောထောက်နောက်ခံ ပြုပေးထားတဲ့ နိုင်ငံရေးပါတီက ဦးဆောင်ပြီး အစိုးရ ဖွဲ့မယ့် နေ့နဲ့ တိုက်ဆိုင်ပြီး မစ္စတာ သက်ဆင်ဟာ ထိုင်းနိုင်ငံထဲ ပြန်ဝင်ဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

ကနေဒါမှာ တောမီး စံချိန်တင်ကြီးလို့ မြို့လုံးကျွတ်တွေ ထွက်ပြေးနေရ

ကနေဒါနိုင်ငံမှာ စံချိန်တင် အဆိုးရွားဆုံး လောင်ကျွမ်းနေတဲ့ တောမီးဟာ အခုဆိုရင် နောက်ထပ် မြို့ကြီး ၂ မြို့ကို ခြိမ်းခြောက် အန္တရာယ်ပြု နေပြီ ဖြစ်ပါတယ်။

တောမီးလောင်နေတဲ့ နေရာတစ်ခုဖြစ်တဲ့ ဗြိတိရှ်ကိုလံဘီယာနယ်မှာ အရေးပေါ် အခြေအနေ ကြေညာထားပါတယ်။ အဓိက လောင်ကျွမ်းနေတဲ့ နေရာဟာ လူတစ်သိန်းခွဲ နေထိုင်ရာ ခယ်လိုနာ Kelowna မြို့ရဲ့ အနောက်ဘက်မှာ ဖြစ်ပါတယ်။

အဲဒီမြို့ ဆင်ခြေဖုံး အရပ်မှာ နေထိုင်ကြတဲ့ ဒေသခံ ထောင်ပေါင်းများစွာကို နေအိမ်တွေကနေ စွန့်ခွာ ထွက်သွားကြဖို့ သက်ဆိုင်ရာ အာဏာပိုင်တွေက သတိပေးနေပါတယ်။ ကျန်နေသူတွေ ရှိနေရင်လည်း ကယ်ထုတ်ပြီး နေရာရွှေ့ပေးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

တခါ၊ အဲဒီကနေ မိုင်ပေါင်း တစ်ထောင့်နှစ်ရာကျော် ဝေးတဲ့ ကနေဒါ အနောက်မြောက်ဘက် ပိုင်နက်ဒေသရဲ့ မြို့တော်ဖြစ်တဲ့ Yellowknife ဆိုတဲ့ မြို့ကြီးဟာလည်း တောမီးရန်ကြောင့် လူတွေ စွန့်ခွာ ထွက်ပြေး သွားပြီ ဖြစ်ပါတယ်။

Yellowknife ဟာ အခုဆိုရင် လူသူ မရှိတော့ပဲ တစ္ဆေမြို့ကြီး သဖွယ် ဖြစ်သွားပြီလို့ ဒေသခံ သတင်းစာဆရာ အိုလီဝီလျမ်စ်က ဘီဘီစီကို ပြောပါတယ်။

“ကားတွေ ထောင်ပေါင်းများစွာ မြို့ကနေ ထွက်ခွာ သွားခဲ့ကြတာ ဖြစ်ပါတယ်။ ကားလမ်းဟာ နှစ်လမ်းသွား လမ်းမျှသာ ဖြစ်ပြီး၊ တချို့နေရာတွေမှာ ကျောက်ခင်းလမ်း အခြေအနေပဲ ရှိနေတာ ဖြစ်ပါတယ်။ မိုင်ပေါင်း ရာနဲ့ချီ သွားမှာ ဓာတ်ဆီဆိုင် တစ်ဆိုင်စ နှစ်ဆိုင်စ ရှိတဲ့ နေရာမျိုးပါ"

"အခုလို ကားတွေ ထောင်ပေါင်းများစွာ တစုတဝေးတည်း သွားဖို့ လုံလောက်တဲ့ အခြေခံ အဆောက်အအုံမျိုးတွေ အသင့်ရှိနေတာ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း လွန်ခဲ့တဲ့ နှစ်ရက်တုန်းက အတော်လေး စိတ်ဓာတ်ကျနေခဲ့တာနဲ့ ယှဉ်ရင်တော့ ထင်သလောက် မဆိုးပဲ၊ ဒီ ရွှေ့ပြောင်းရမှုဟာ ထိုက်သင့်သလောက် အဆင်ပြေ အောင်မြင်တယ်လို့ ပြောရမှာပါ ” ဆိုပြီး အိုလီဝီလျမ်စ်က ပြောသွားပါတယ်။

ထိုင်ဝမ်ဒုသမ္မတ အမေရိကန်ကို ဝင်တဲ့အတွက် လက်တုံ့ပြန်ပြီး ဘေဂျင်း အင်အားအပြည့်နဲ့ စစ်ရေးလေ့ကျင့်

တရုတ်ပြည်မကြီး အစိုးရဟာ ထိုင်ဝမ်အနီးမှာ ကြီးမားတဲ့ စစ်ရေးလေ့ကျင့်မှု နောက်တစ်ကြိမ် ထပ်ပြီး လုပ်ဆောင်လာပြန်ပါတယ်။

ဒါဟာ ထိုင်ဝမ်ရဲ့ ဒုသမ္မတ ဝီလျမ်လိုင်ဟာ ထိုင်ဝမ်နဲ့ကြား တရားဝင် သံ အဆက်အသွယ် ဆက်လက် ထားရှိတဲ့ ပါရာဂွေး နိုင်ငံ ခရီးစဉ် အတွင်း အမေရိကန် ပြည်ထောင်စုမှာ အသွား အပြန် တစ်ထောက် ဝင်နားတာမျိုးတွေ လုပ်ခဲ့တဲ့နောက် တရုတ် အစိုးရက အခုလို ပြုမူလာတာ ဖြစ်ပါတယ်။

ထိုင်ဝမ် သီးသန့်လွတ်လပ်ရေး အပေါ် ယုံကြည်သက်ဝင်တဲ့ ဒုသမ္မတ လိုင်ဟာ လာမယ့် သမ္မတ ရွေးကောက်ပွဲမှာ အနိုင်ရလိမ့်မယ်ဆိုပြီး တစ်ပြေးနေသူလည်း ဖြစ်ပါတယ်။

ထိုင်ဝမ်ဟာ တရုတ်နိုင်ငံရဲ့ အစိတ်အပိုင်းဖြစ်ပြီး၊ အခုလို စစ်ရေး လေ့ကျင့်မှု လုပ်ဆောင်ရတာဟာ ထိုင်ဝမ်သီးသန့်လွတ်လပ်ရေး ဆိုတဲ့ စိတ်ကူးမျိုးတွေကို ချေဖျက်ဖို့ ဖြစ်တယ်လို့ ဘေဂျင်းအစိုးရက ပြောပါတယ်။

ပြည်မကြီး အစိုးရ အခုလုပ်ဆောင်နေတဲ့ စစ်ရေးလေ့ကျင့်မှုမှာ သင်္ဘောနဲ့ လေယာဉ်တွေ အစင်း ၅၀ ထက်မနည်း ပါဝင်တယ်လို့ ထိုင်ဝမ်ဘက်က ပြောပါတယ်။

ထိုင်ဝမ် မြို့တော် တိုင်ပေမှာ နေထိုင်သူတစ်ဦး ဖြစ်တဲ့ ဟွမ်ချောင်း ဆိုသူက ဆိုပါတယ်။

“အရင်ကလည်း အခုလိုပဲ စစ်ရေးလေ့ကျင့်တာတွေ လုပ်ခဲ့ကြတော့ မဆန်းလှပါဘူး။ ထိုင်၀မ် ပင်လယ်ပြင်မှာ တရုတ်က စစ်ရေးလေ့ကျင့်မယ် ဆိုတဲ့ သတင်းတွေ အမြဲကြားနေရတာပါပဲ။ ကျွန်တော့်အမြင်မှာတော့ ဒါဟာ တရုတ်ဘက်က ရှိုးပွဲ အသွင် တမင် လုပ်ပြနေတာပါ။ တကယ်ဝင်တိုက်ဖို့ ဆိုတာ မဖြစ်နိုင်လောက်ဘူးလို့ ကျွန်တော်ထင်ပါတယ်” ဆိုပြီး ပြောသွားတာပါ။

မိုက်ကယ်ဂျက်ဆင် ကလေးသူငယ်တွေ အပေါ် မဖွယ်မရာပြုခဲ့တယ် ဆိုတဲ့ အမှု ပြန်ဖွင့်ခွင့်ရ

ကွယ်လွန်သူ ကမ္ဘာကျော် အဆိုတော် မိုက်ကယ်ဂျက်ဆင်ဟာ သူတို့ ကလေးဘဝတုန်းက ကာလတာရှည်စွာ လိင်ပိုင်း မဖွယ်မရာလုပ် အနိုင်ကျင့်ခဲ့တယ် ဆိုပြီး လူနှစ်ယောက်က တရားစွဲထားတဲ့ အမှုကို ကယ်လီဖိုးနီးယားပြည်နယ် အယူခံ ခုံရုံးက အမှုပြန်လည် ဖွင့်ခွင့် ပေးလိုက်ပါတယ်။

ဝိဒ်ရော့ဘ်ဆင်နဲ့ ဂျိမ်းစ် ဆေ့ဖ်ချပ်ခ် တို့ နှစ်ယောက်က တရားစွဲထားတာ ဖြစ်ပါတယ်။ မိုက်ကယ်ဂျက်ဆင်ရဲ့ ကုမ္ပဏီတွေဟာ ဥပဒေအရကို သူတို့ အပေါ် အကာအကွယ် ပြုပေးရမယ့် တာဝန် ရှိတယ် ဆိုပြီး တရားစွဲခဲ့တာ ဖြစ်ပါတယ်။ ဒီ အမှုကို တရားသူကြီးက ၂၀၂၁ မှာ ပလပ်ခဲ့ပါတယ်။

မိုက်ကယ်ဂျက်ဆင် အပေါ် ကုမ္ပဏီတွေအနေနဲ့ ထိန်းချုပ်နိုင်စွမ်း မရှိဘူး ဆိုတဲ့ ရှုထောင့် အမြင်နဲ့ ပလပ်ခဲ့တာ ဖြစ်ပါတယ်။ အခုတော့ အဲဒီ ဆုံးဖြတ်ချက်ဟာ မှားယွင်းတယ် ဆိုပြီး အယူခံရုံးက အမှု ပြန်ဖွင့်ခွင့် ပေးလိုက်တာ ဖြစ်ပါတယ်။

မိုက်ကယ်ဂျက်ဆင်ရဲ့ ရှေ့နေအဖွဲ့ကတော့ ၂၀၀၉ ခုနှစ်မှာ ကွယ်လွန်ခဲ့တဲ့ အဆိုတော်ဟာ ဘယ်လိုမှားယွင်းမှုမှ မကျူးလွန်ခဲ့ဘူး ဆိုပြီး ဆက်လက် ဆွဲကိုင်ထားပါတယ်။

ယူစိန်ဗို့ရဲ့ စံချိန်ကို ဘူတာပက်စ်ပြိုင်ပွဲမှာ ချိုးမယ်လို့ အမေရိကန် တာတိုသမား ကြုံးဝါး

ဟန်ဂေရီမြို့တော် ဘူတာပက်စ်မှာ ပြေးခုန်ပစ် ကမ္ဘာ့ချန်ပီယံ ပြိုင်ပွဲ စတင် လိုက်ပြီ ဖြစ်ပါတယ်။

ဒါဟာ ကမ္ဘာ့ အဆင့် အားကစား ပြိုင်ပွဲကြီးတစ်ခုကို ဟန်ဂေရီ အနေနဲ့ ပထမဆုံး အကြိမ် အိမ်ရှင် အဖြစ် လက်ခံ ကျင်းပတာ ဖြစ်ပါတယ်။

၉ ရက်တာ ကျင်းပသွားဖို့ ရှိတဲ့ ဒီပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ကမ္ဘာကျော် အားကစားသမားတွေ အပါအဝင် စုစုပေါင်း ပြိုင်ပွဲဝင် အယောက် နှစ်ထောင်ကျော်ဟာ ဘူတာပက်စ်မှာ တစုတဝေးတည်း ရောက်ရှိနေပြီ ဖြစ်ပါတယ်။

အမေရိကန် တာတို အပြေးသမား နိုအာလိုင်းလ်စ်က ရွှေ ၃ ခု အထိ မှန်းထားပြီး၊ ယူးစိန်ဗို့ရဲ့ လက်ရှိ မီတာ ၂၀၀ ကမ္ဘာ့စံချိန်ကို ချိုးနိုင်ဖို့ ပြင်ဆင် ထားတယ်လို့ ဆိုပါတယ်။