ကမ္ဘာကျော် အီတလီ ဒီဇိုင်းဆရာ ဂျော်ဂျီယို အာမာနီ ကွယ်လွန်

    • ရေးသားသူ, အန္နာဘယ် ရက်ဟမ်
    • ရာထူးတာဝန်, ယဉ်ကျေးမှု သတင်းထောက်

အီတာလျံ ဖက်ရှင် ဒီဇိုင်းဆရာနဲ့ ဘီလျံကြွယ် သူဌေးကြီး ဂျော်ဂျီယို အာမာနီ အသက် ၉၁ နှစ် အရွယ်မှာ ကွယ်လွန်သွားပါတယ်။

အီလီပုံစံ စတိုင်နဲ့ ကျော့ရှင်းမှုရဲ့ စံပြသဖွယ် ဖြစ်ခဲ့တဲ့ အာမာနီဟာ အမျိုးသား အမျိုးသမီးတွေရဲ့ အနောက်တိုင်းဝတ်စုံတွေကို ခေတ်ပေါ် ပရိသတ်အတွက် ပြန်ပြီး ပုံဖော်ပေးခဲ့ပါတယ်။

ဖက်ရှင် ကုမ္ပဏီကနေ အစပြုခဲ့တဲ့ အာမာနီဟာ အလှအပ၊ ရေမွှေး၊ ဂီတ၊ အားကစားနဲ့ ဇိမ်ခံ ဟိုတယ် လုပ်ငန်းထိ ချဲ့ထွင်ခဲ့ပြီး သူ့ကုမ္ပဏီက တနှစ်ကို ဒေါ်လာ ၂ ဘီလျံကျော်ထိ ဝင်ငွေ ရှိခဲ့ပါတယ်။

"ကမ္ဘာက လူတော်ကြီးတယောက်ကို ကနေ့ ဆုံးရှုံးခဲ့ရပါပြီ၊ သမိုင်းကို ဖန်တီးခဲ့ပြီး အမြဲ သတိနေရမယ့်သူပါ " ဆိုပြီး ဒေါ်နတ်တယ်လာ ဗစာ့ချီက အင်စတာဂရမ်ကနေ အာမာနီရဲ့ ပုံကို တင်ပြီး ဂုဏ်ပြု ပြောကြားခဲ့ပါတယ်။

အာမာနီဟာ နောက်ဆုံးနေ့ရက်တွေထိ အလုပ်လုပ်ခဲ့ပြီး သူ့ဘဝကို ကုမ္ပဏီနဲ့ ဝတ်စုံတွေ၊ နောက် လာမယ့် စီမံချက်တွေအတွက် ပေးထားခဲ့သူ ဆိုပြီး သူ့ကုမ္ပဏီရဲ့ အင်စတာဂရမ်စာမျက်နှာမှာ ထုတ်ပြန်ခဲ့ပါတယ်။

အာမာနီကို စွန့်ဦးတီထွင်သူအဖြစ် နေရာစုံမှာ ရှုမြင်ခံရပြီး ဖက်ရှင်လောကကို ကနေ့မြင်ရတဲ့ ပုံစံအဆင့် မြှင့်ပေးခဲ့သူ ဖြစ်ပါတယ်။

၂၀၀၆ မှာ ကိုယ်ဟန်ပြမယ် အန္နာ ကာရိုလီနာ ရက်စတန် မစားနိုင်တဲ့ ရောဂါနဲ့ သေဆုံးပြီးနောက် အာမာနီဟာ ကိုယ်အလေးချိန် မပြည့်တဲ့ ကိုယ်ဟန်ပြသူတွေကို လျှောက်ပွဲတွေမှာ မသုံးဖို့ ပထမဆုံး တားမြစ်ခဲ့တဲ့ ဒီဇိုင်နာလည်း ဖြစ်ပါတယ်။

'မှတ်တိုင်ထူခဲ့သူ'

အာမာနီဟာ ကမ္ဘာတလွှား အသိအမှတ်ပြုခံရအောင် စွမ်းဆောင်ခဲ့သူ ဖြစ်ကြောင်း အမေရိကန်မင်းသား ရပ်ဆယ် ခရိုးက ဆိုပါတယ်။

အာမာနီကို လေးစားသူဖြစ်လို့ ဒီလထဲမှာ သူနဲ့ တွေ့ဖို့ စီစဉ်ခဲ့ကြောင်းလည်း ရပ်ဆယ် ခရိုးက ဆိုပါတယ်။ သူ့ဘဝမှာ အရေးပါတဲ့ အချိန်တွေမှာ အာမာနီ ရှိနေခဲ့တယ်လို့လည်း ပြောပါတယ်။

အာမာနီဟာ သူ့ရဲ့ ကျော့ရှင်းတည်ငြိမ်တဲ့ ဖန်တီးနိုင်စွမ်းတွေနဲ့ အီတလီ ဖက်ရှင်လောကကို တောက်ပြောင်စေသူ၊ တကမ္ဘာလုံးကိုပါ အားကျစေခဲ့သူလို့ အီတလီ ဝန်ကြီးချုပ် ဂျော်ဂျီယာ မယ်လိုနီကလည်း ဂုဏ်ပြုပြောကြားခဲ့ပါတယ်။

၁၉၈၀ ကျော်က အမျိုးသမီးတွေရဲ့ လူမှုတော်လှန်ရေးမှာ အားဖြည့်ဖို့ အားပြင်းပြီး ယုံကြည်မှု ရှိတဲ့ ဝတ်စုံတွေကို သူတီထွင်ခဲ့တယ်ဆိုပြီး ဖိုင်နန်ရှယ်တိုင်း သတင်းစာမှာ အလက်ဇန္ဒား ဖျူရီက ရေးပါတယ်။

" ဒါနဲ့ ဆန့်ကျင်ဖက် အမျိုးသား ဝတ်စုံတွေကို ဖြေလျှော့ပေးပြီး ရိုးရာ ဝတ်စုံချုပ်ပုံကို ပုံပြောင်းပေးခဲ့လို့ ကမ္ဘာတလွှား အနောက်တိုင်း ဝတ်စုံ ချုပ်လုပ်ပုံကို သက်ရောက်ခဲ့တယ် " လို့လည်း ဖျူရီက ဆိုပါတယ်။

ဟောလီးဝုဒ် ရုပ်ရှင်လောကရဲ့ မိတ်ဆွေ ဖြစ်ပြီး ထင်ရှားကျော်ကြားမှုရဲ့ စွမ်းအားကို သိတဲ့ အာမာနီဟာ ဇန်ဒေးယား၊ ကိတ် ဘလန်ရှေးနဲ့ ဂျူလီယာ ရောဘတ်တို့လို နာမည်ကျော်တွေရဲ့ ရုပ်ရှင်ဆုပေးပွဲတက် ဝတ်စုံတွေကို ဖန်တီးပေးခဲ့ပါတယ်။

လေဒီဂါဂါရဲ့ စတိတ်ရှိုး ဝတ်စုံတွေအပြင် အမေရိကန် ဂျစ်ဂလို၊ ဝေါလမ်းက ဝံပုလွေ စတဲ့ ရုပ်ရှင်တွေရဲ့ ဇာတ်ဝင်ခန်း ဝတ်စုံတွေကိုလည်း သူ ဒီဇိုင်းထုတ်ပေးခဲ့ပါတယ်။

အသက် ၉၀ ကျော်လာတဲ့အထိ ပြင်သစ်နဲ့ အီတလီ ဖက်ရှင် လျှောက်ပွဲတွေမှာ အာမာနီက ဝတ်စုံသစ်တွေကို တင်ဆက်နေတုန်း ဖြစ်ပါတယ်။

၂၀၂၅ မတ်လက ဖက်ရှင်ပွဲမှာတော့ ကမ္ဘာ့နိုင်ငံရေးကို ထင်ဟပ်တဲ့ ပုံ ဒီဇိုင်းတွေ ထုတ်ခဲ့ပါတယ်။ "ကျွန်တော်တို့ အားလုံး လိုအပ်တာက ညီညွတ်မှုအသစ်ပါ၊ ဒါကို ပုံဖော်ချင်ပါတယ်" လို့ အာမာနီက ရေးသားခဲ့ပါတယ်။

ဒီနှစ် ဇွန်လမှာတော့ သူ့ ကျန်းမာရေး ချူချာလာလို့ မီလန် ဖက်ရှင် သီတင်းပတ်ကို သူ မတက်နိုင် ဖြစ်ခဲ့ပါတယ်။

၂၀၂၅ ဇူလိုင်မှာ ပဲရစ် ဖက်ရှင်ပြပွဲကြီးအတွက် မီလန် နေအိမ်ကပဲ သူ စီစဉ်ခဲ့ပါတယ်။

ဖက်ရှင် အကြောင်း မသိရင်တောင် ဂျော်ဂျီယို အာမာနီကို သိသေးတယ်လို့လည်း ဗို့ဂ် ဖက်ရှင် မဂ္ဂဇင်းက လော်ရာ အင်ဂမ်က ရေးပါတယ်။

ဆေးပညာနဲ့ ဘဝကို စခဲ့တဲ့ အာမာနီဟာ ဖက်ရှင်လောကကို ၁၉၆၀ ပြည့်လွန်နှစ်တွေမှာ ကူးပြောင်းခဲ့ပြီး သူ့ရဲ့ တန်ဖိုးကြီး ဝတ်စုံ လုပ်ငန်းကို ၁၉၇၅ မှာ ထူထောင်ခဲ့ပါတယ်။ ကွယ်လွန်သွားတဲ့ သူ့ချစ်သူ ဆာဂျီယို ဂေလီယိုတီနဲ့ အတူ ထူထောင်ခဲ့တာ ဖြစ်ပါတယ်။

သူ့ဘဝသက်တမ်းမှာ ဝေဖန်မှုတွေနဲ့ ကြုံခဲ့ရပါတယ်။ ဒီအထဲ ၂၀၁၅ တုန်းက လိင်တူချစ်သူ အမျိုးသားတယောက်က လိင်တူချစ်သူလို ဝတ်စရာ မလိုပါဘူးလို့ ပြောခဲ့လို့ အာမာနီ ဝေဖန်ခံခဲ့ရဖူးပါတယ်။

ပြည်ပက လုပ်ငန်းခွဲတွေအတွက် ၂၀၁၄ တုန်းကလည်း သူ့ကုမ္ပဏီနဲ့ အီတလီ အခွန်အရာရှိတွေ ညှိနှိုင်းခဲ့ရပါတယ်။

ဖက်ရှင်လောကအပြင် အားကစားကိုလည်း ဝါသနာထုံတဲ့ အာမာနီက အင်တာမီလန် ဘောလုံးသင်းကို အားပေးခဲ့သလို အိုလင်ပီယာ မီလန်နို ဘတ်စကတ်ဘောသင်းကိုလည်း ပိုင်ဆိုင်ခဲ့ပါတယ်။

အာမာနီရဲ့ ဖက်ရှင်လုပ်ငန်းတွေကြောင့် ပြင်သစ်နဲ့ အီတလီနိုင်ငံတွေမှာ ထိပ်တန်း ဂုဏ်ထူးဆောင်ဆုတွေ ချီးမြှင့်ခဲ့ပါတယ်။