မိုက်တိုင်ဆန် ရှုံးခဲ့ပေမဲ့ ကြည့်တတ်ရင် မြင်စရာရှိခဲ့တဲ့ပွဲ

ယူကျူဘာတစ်ဦးကနေ လက်ဝှေ့သမားဖြစ်လာတဲ့ ဂျိတ်ပေါလ်ဟာ ဟဲဗီးဝိတ်နှစ်ထပ်ကွမ်း ချန်ပီယံ မိုက်တိုင်ဆန်ရဲ့ လက်ဝှေ့ဆိုင်ရာ အမွေအနှစ်အပေါ် ဖျက်မရတဲ့ အမည်းစက်စွန်းထင်းစေခဲ့ပြီ ဖြစ်ပါတယ်။

တက္ကဆပ်က စိတ်ပျက်နေတဲ့ ပရိသတ် ၇၀၀၀၀ နဲ့ နက်ဖလစ်ကနေ တိုက်ရိုက်ကြည့်ရှုတဲ့ ပရိသတ်သန်းပေါင်းများစွာရှေ့မှာ ဂျိတ်ပေါလ်ဟာ မိုက်တိုင်ဆန်ကို အမှတ်နဲ့ အပြတ် အနိုင်ရရှိခဲ့ပါတယ်။

အသက် ၅၈ နှစ်ရှိပြီး ပရော်ဖက်ရှင်နယ်ကြိုးဝိုင်းနဲ့ အနှစ် ၂၀ နီးပါးဝေးကွာနေတဲ့ ‘’သံမဏိမိုက်’’ဆီက အတိတ်က အရည်အသွေးရဲ့ အရိပ်လောက်ကိုပဲ မျှော်လင့်ထားရမှာဖြစ်ပါတယ်။

အသက် ၂၇ နှစ်အရွယ် ပေါလ်ကတော့ ဝါနုသူဖြစ်ပေမဲ့ ငယ်ရွယ်ဖြတ်လတ်ပြီး အားကစားသမားပုံစံ အပြည့်ရှိနေပါတယ်။

သူဟာ နှစ်မိနစ်ကြာ ရှစ်ချီထိုးပွဲအတွင်း တိုင်ဆန်ကို အနားကပ်ခွင့်မပေးဘဲ ထောက်လက်သီးတွေထိုးလိုက်၊ ထိချက်မှန်တဲ့ ထိုးချက်တွေ လုပ်လိုက်နဲ့ ထိုးသတ်နိုင်ခဲ့ပါတယ်။

တိုင်ဆန်ကတော့ နှေးကွေးလေးလံလှပါတယ်။ ထိုးပွဲမတိုင်မီမှာတော့ တိုင်ဆန်ဟာ သူရဲကောင်းတစ်ဦးလို ကြိုဆိုခံခဲ့ရပေမဲ့ ပွဲပြီးခါနီးမှာတော့ အကြီးအကျယ်လှောင်ပြောင်ခံခဲ့ရပါတယ်။

ဒိုင်သုံးဦးက ၈၀-၇၂၊ ၇၉-၇၃၊ ၇၉-၇၃ လို့ အမှတ်တွေ မထုတ်ပေးခင်မှာပဲ ပရိသတ်တချို့ဟာ ပွဲထဲကနေ ထွက်သွားကြပါပြီ။

ထိုးပွဲပြီးလို့ စိတ်မသက်မသာရစရာ အခိုက်အတန့်လေးအတွင်းမှာ တိုင်ဆန်ဟာ ပေါလ်ရဲ့ အစ်ကို လိုဂန်ကို လှမ်းခေါ်ပြီး နောက်ထပ်တစ်ကြိမ် ထိုးနိုင်သေးတယ်လို့ ပြောခဲ့ပါတယ်။

တိုင်ဆန်ရဲ့ ကစားသမားဘဝတလျောက် ၅၇ ပွဲထိုးခဲ့ပြီး ခုနစ်ပွဲရှုံးနိမ့်ထားပါတယ်။

ဒီလက်ဝှေ့ပွဲရဲ့ တရားဝင်မှု၊ လက်ဝှေ့သမားနှစ်ဦးက ဒီပွဲကို ဘယ်လောက် အလေးအနက်ထားသလဲဆိုတာနဲ့ပတ်သက်လို့ မေးခွန်းထုတ်စရာရှိနေပေမဲ့ တိုင်ဆန်ကတော့ သူတကယ်ပဲ အနိုင်ရအောင် အစွမ်းပြထိုးဖို့လာခဲ့တာလို့ ပြောဆိုထားပါတယ်။

လက်‌ဝှေ့သမားနှစ်ဦးလုံးဟာ တက္ကဆပ်ကော်မရှင်က ချမှတ်တဲ့စည်းမျဉ်းတွေအရ သာမန်ထက် ပိုပြီး ထူတဲ့လက်အိတ်တွေ စွပ်ခဲ့ရပါတယ်။

လက်အိတ်ပါးပါးတွေ စွပ်ထားမယ်ဆိုရင်လည်း ထူးခြားမှာမဟုတ်ပါဘူး၊ ဘာလို့လဲဆိုတော့ ထိုးသမျှတိုင်းဟာ အမှောက်သိပ်နိုင်လောက်အောင် ပြင်းထန်တာမျိုးမရှိလို့ပါပဲ။

ပွဲစဉ်တစ်ခုလုံးမှာ တိုင်ဆန်ဟာ ထိုးချက် ၁၈ ကြိမ်ပဲ ထိအောင် ထိုးနိုင်ခဲ့ပြီး ပေါလ်ကတော့ ၇၈ ကြိမ် ထိုးနိုင်ခဲ့ပါတယ်။

ပေါလ်ဟာ လက်ဝှေ့လောကထဲမဝင်ခင်မှာ အွန်လိုင်းမှာ စနောက်တဲ့ ဗီဒီယိုတွေတင်ခဲ့ရာကနေ နာမည်ကျော်ကြားခဲ့ပြီး လူမှုကွန်ရက်မှာ ဖော်လိုဝါ သန်း ၇၀ ခန့် ရှိနေပါတယ်။

သူဟာ ပရော်ဖက်ရှင်နယ်ထိုးပွဲ ၁၁ ပွဲကို အနိုင်ရရှိထားပြီး မနှစ်က တွမ်မီ ဖြူရီကို ရှုံးနိမ့်ခဲ့ပါတယ်။ မက္ကဆီကို လက်ဝှေ့ကျော် ဆော ကာနဲလို အယ်ဗာရက်ဇ်နဲ့ ထိုးချင်တယ်လို့ သူက ပြောခဲ့ပါသေးတယ်။ အယ်ဗာရက်ဇ်က ငွေလိုချင်နေတော့ အဲဒီ ငွေဘယ်မှာရနိုင်တယ်ဆိုတာ သူသိပါတယ် လို့ ပေါလ်က ပြောပါတယ်။

လူအိုကြီးနဲ့ ဝါနုသူတို့ ယှဉ်တဲ့ပွဲ

ကိစ္စပြီးမှ သုံးသပ်ရတာဟာ ကောင်းမွန်တဲ့လုပ်ရပ်ဖြစ်ပေမဲ့ ရလဒ်ကတော့ အံ့ဩစရာမကောင်းသလို လက်ဝှေ့ပွဲကို လှောင်ပြောင်ချင်သူတွေအတွက် အကွက်ကောင်းရစေမှာပါ။ ၂၀၀၅ ခုနှစ်မှာ ကယ်ဗင် မက်ဘရိုက်ကို ရှုံးနိမ့်ခဲ့ပြီးနောက် အားကစားကို စိတ်မပါတော့ဘူးလို့ တိုင်ဆန်ကပြောခဲ့ဖူးပါတယ်။

အသက် ၆၀ နား နီးနေသူတစ်ဦးဟာ ခွန်အားနည်းနည်းရှိပေမဲ့ သက်လုံမရှိတော့ဘူးဆိုတာ အစောပိုင်းကတည်းက သိကြပါတယ်။

တိုင်ဆန်သာ နိုင်မယ်ဆိုရင် စောစောကတည်းက ပေါလ်ကို အလဲထိုးဖို့လိုမယ်လို့ သုံးသပ်ခဲ့ကြပါတယ်။ တိုင်ဆန်ဟာ ပထမအချီမှာ ညာလက်သီးနဲ့ ထိအောင် တစ်ချက်ထိုးနိုင်ခဲ့ပေမဲ့ ပေါလ်ကတော့ တွဲလုံးတွေနဲ့ ထိုးနှက်နိုင်ခဲ့ပြီး တတိယအချီမှာ ဘယ်လက်သီးနဲ့ တိုင်ဆန်ကို ယိုင်သွားအောင် လုပ်နိုင်ခဲ့ပါတယ်။

ဒေါ်လာသန်းကျော်တန်တဲ့ ကမ္ဘာပေါ်မှာ တန်ဖိုးအကြီးဆုံး ဘောင်းဘီတိုဝတ်ထားတဲ့ ပေါလ်ဟာ သူ့ထက် အသက် ၃၁ နှစ်ကြီးတဲ့ တိုင်ဆန်ကို တွဲလုံးတွေနဲ့ အဆက်မပြတ် ထိုးနှက်ခဲ့ပါတယ်။၊

ညာဘက်ဒူးခေါင်းမှာ အစွပ်တပ်ထားတဲ့ တိုင်ဆန်ဟာ ပေါလ်ရဲ့ ထိုးချက်တွေကို ခေါင်းကိုတိမ်းလို့ တစ်ချီတစ်ချီမှာတော့ ရှောင်နိုင်ခဲ့ပါတယ်။ သူဟာ ပဥ္စမအချီမှာ ဝိုက်လက်သီးတစ်လုံးထိုးခဲ့ပေမဲ့ တစ်ပေလောက်လွဲခဲ့တာမို့ အသက်က စကားပြောတယ်ဆိုတာကို သက်သေပြခဲ့ပါတယ်။

သတ္တမအချီမှာ ပေါလ်ရဲ့ ဘယ်ဝိုက်လက်သီးက တိုင်ဆန်ရဲ့ နားထင်ကို ထိသွားတဲ့အခါ ဝါရင့်လက်ဝှေ့သမားကြီး အထိနာခဲ့ပါတယ်။ ဒီအချိန်မှာတော့ ပရိသတ်အများစုက ပွဲပြီးဆုံးကြောင်း ဘဲလ်တီးသံကို ကြားချင်နေကြပါပြီ။

ထင်တိုင်းမလှတဲ့ ပွဲပေမဲ့ ကြည့်တတ်ရင် မြင်စရာရှိခဲ့

ဒီလက်ဝှေ့ပွဲကို နက်ဖလစ်ရဲ့ ကမ္ဘာတစ်ဝန်းက အခပေးကြည့်ရှုသူ ၂၈၃ သန်းလည်း ကြည့်ခွင့်ရခဲ့ခဲ့ပါတယ်။ ပွဲဟာ ထင်ထားသလောက် မကောင်းပေမဲ့ လာကြည့်သူတွေအတွက်တော့ ကြည့်တတ်ရင် မြင်စရာတွေရှိခဲ့ပါတယ်။

ပေါလ်ဟာ ပေါင်စတာလင် သန်း ၃၀ လောက်ရနိုင်မှာဖြစ်ပြီး တိုင်ဆန်ကတော့ အဲ့ဒီပမာဏရဲ့ထက်ဝက်ကို ရမှာဖြစ်တာမို့ ပွဲကို ကြီးကျယ်သထက်ကြီးကျယ်အောင် အစွမ်းကုန်စီစဉ်ခဲ့ကြပါတယ်။

ပေါလ်ဟာ လက်ဝှေ့ပွဲစင်မြင့်ဆီကို စီစဉ်ထားတဲ့ အစိမ်းရောင်ကားနဲ့ရောက်ရှိလာပြီး ဖီလ်ကောလင်းရဲ့ In the Air Tonight သီချင်းနောက်ခံဖွင့်ထားပါတယ်။ သူ့အစ်ကို WWE နပန်းသမား နာမည်ကျော် လိုဂန်ပေါလ်ကလည်း သူ့ဘေးမှာ လိုက်ပါခဲ့ပါတယ်။

ကားနောက်ခန်းထိုင်ခုံမှာတော့ ခိုတစ်ကောင်ကို တင်ဆောင်လာခဲ့ပါတယ်။ အိမ်မှာ ခိုတွေမွေးထားသူလို့ သိကြတဲ့ မိုက်တိုင်ဆန်ကို သူက ပွဲမတိုင်မီ တစ်ပတ်အတွင်းက အဲဒီခိုကို လက်ဆောင်ပေးဖို့ ကြိုးစားခဲ့ပါတယ်။

ဒဲလတ်စ်ကောင်းဘွိုင် အမျိုးသား အမေရိကန်ဘောလုံးအသင်းရဲ့ အိမ်ကွင်းဖြစ်တဲ့ ကစားကွင်းထဲမှာ ပရိသတ်တွေဟာ တိုင်ဆန်ကို အားပါးတရ ကြိုဆိုအားပေးခဲ့ကြပါတယ်။

သူ့အမှတ်တံဆိပ်ဖြစ်တဲ့ အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားတဲ့ တိုင်ဆန်ဟာ တစ်ပတ်လုံး တင်းထားတဲ့ မျက်နှာထားအတိုင်း လက်ဝှေ့ပွဲကို ရောက်လာခဲ့ပါတယ်။

လက်မှတ်ရောင်းရတာ တစ်ခုထဲကနေ ပေါင် ၁၄ ဒသမ ၁ သန်းရခဲ့ပြီး ဗွီအိုင်ပီအုပ်စုခံစားခွင့်တွေထဲမှာ လက်ဝှေ့စင်အနီး ထိုင်ခုံ၊ လက်ဝှေ့သမားတွေနဲ့ ဓာတ်ပုံရိုက်ခွင့်တွေအတွက် ပေါင် ၁ ဒသမ ၆ သန်းပေးရမှာ ဖြစ်ပါတယ်။

နာမည်ကျော် လက်ဝှေ့သမားတွေဖြစ်တဲ့ လင်းနော့ လူးဝစ်၊ အီဗန်ဒါ ဟိုးလီးဖီး၊ ရွိုင်း ဂျုံး ဂျူနီယာနဲ့ အန်ဒရေဝပ်တို့လည်း ရုပ်သံထုတ်လွှင့်မှုထဲပါဝင်ခဲ့ကြပြီး ကော်ဘရာ ကိုင်တို့လို့ နက်ဖလစ်နာမည်ကျော်တွေနဲ့အတူ NBA နာမည်ကျော် ရှာကီး အိုနီးတို့လည်း တက်ရောက်ခဲ့ပါတယ်။

တိုင်ဆန်ကို ကြိုးဝိုင်းပေါ်မှာ နောက်ဆုံးတွေ့ရတာဖြစ်မလား

ကိုယ့်ထက် ဆယ်စုနှစ်သုံးခုကျော် အသက်ကြီးတဲ့သူတစ်ဦးကိုတောင် ပွဲချိန်အချီပြည့် ယှဉ်ပြိုင်ထိုးသတ်ခဲ့ရပြီးတဲ့နောက်မှာတော့ မက္ကဆီကိုလက်ဝှေ့ကျော် အယ်လ်ဗာရက်စ်ကို အနိုင်ထိုးသတ်နိုင်တယ်လို့ ပေါလ်က တစ်ချိန်လုံးပြောနေတာဟာ အဓိပ္ပါယ်ပိုမဲ့လာခဲ့ပါတယ်။

တိုင်ဆန်အတွက်တော့ မီးရောင်အောက်ပြန်ရောက်မှာရယ် ဒေါ်လာသန်းပေါင်းများစွာရရှိမှာရယ်တို့က လှုံ့ဆော်မှုဖြစ်နိုင်ပါတယ်။

သူ့ ရည်ရွယ်ချက်ဘယ်လိုပဲရှိနေပါစေ သူ့ဘေးကင်းလုံခြုံရေးအတွက်ရော အခြားချန်ပီယံဟောင်းတွေ သူ့ခြေရာနင်းပြီး လက်ဝှေ့စင်ပေါ် ပြန်တက်ချင်နေမယ်ဆိုရင် အခုပွဲကနေ အဲဒီ ချင်ခြင်းတွေကို ဖျောက်ပေးလိုက်နိုင်မယ်လို့ မျှော်လင့်ရပါတယ်။