သန့်ရှင်းတဲ့ရေမရလို့ စစ်ဘေးရှောင်ထောင်ချီ ယားနာ ကူးစက်နေ

ကရင်နီက စာသင်ကျောင်းတချို့မှာလည်း ကလေးတွေ အရေပြားရောဂါ ခံစားနေကြရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CTER

ဓာတ်ပုံ ပုံစာ, ကရင်နီက စာသင်ကျောင်းတချို့မှာလည်း ကလေးတွေ အရေပြားရောဂါ ခံစားနေကြရပါတယ်။
ဖတ်ရန်အချိန်: မိနစ် ၃

မကွေးတိုင်းထဲက ပေါက်မြို့နယ်က စစ်ဘေးရှောင်ထောင်ချီ ယားနာ ကူးစက်ခံနေရပါတယ်။

လသားကလေးငယ်တွေအပါအဝင် စစ်ဘေးရှောင်အရွယ်သုံးပါးလုံး ယားနာကူးစက်ခံနေရတဲ့ အခြေအနေပါ။

ဒီအခြေအနေက အညာမှာတင်မဟုတ်ဘဲ ကရင်နီ(ကယား) မှာလည်းဖြစ်နေတာပါ။

ဒါ့ကြောင့် အဲဒီမြို့နယ်တွေမှာ ဆေးကုသပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ တူညီတဲ့ စကားကတော့ "Outbreaks" ဖြစ်နေပြီဆိုတာပါပဲ။

နိုင်ငံသာ တည်ငြိမ်နေရင်တော့ ဒီလိုဖြစ်ပွားနေတဲ့ ရောဂါတွေကို ရောဂါကာကွယ်နှိမ်နှင်းရေး စီမံချက်တွေချမှတ်ပြီး ခပ်မြန်မြန် ဆောင်ရွက်ကြရမှာ ဖြစ်ပေမဲ့ လက်ရှိအချိန်မှာတော့ နိုင်သလောက်ကုသနေရတဲ့ အခြေအနေတွေပါ။

ကလေးမှသည် လူကြီးအထိ အစုအလိုက်အပြုံလိုက် ကူးစက်နေတဲ့ ရောဂါ

ကရင်နီက စစ်ဘေးရှောင်ကလေးရဲ့လက်

ဓာတ်ပုံ ရင်းမြစ်, CTER

ဓာတ်ပုံ ပုံစာ, ကရင်နီက စစ်ဘေးရှောင်ကလေးရဲ့လက်

"ကလေးကို သေချာထုတ်ပိုး၊ ချီပွေ့လာပြီး ကိုယ့်ရှေ့ရောက်လို့ အထုတ်လည်းဖြည်လိုက်ရော ကလေးမှာ တကိုယ်လုံး အနာကျက်ခဲတွေဖြစ်နေတာ။ တချို့ကလေးတွေဆို အနာစိုပြီး အရည်တွေကျနေတာ" လို့ ကရင်နီပြည်နယ်မှာ စေတနာ့ဝန်ထမ်း ဆေးကုပေးနေတဲ့ ဆရာဝန်က သူမျက်မြင်ကြုံတွေ့ရတာကို ပြောပါတယ်။

ကလေးမှာ ယားနာဖြစ်လို့ လူကြီးကို ကြည့်လိုက်ရင်လည်း ယားနာနဲ့ မကင်း ဖြစ်နေကြပါတယ်။

ကရင်နီ (ကယား) ပြည်နယ်၊ ဒီမောဆိုးမြို့နယ်နဲ့ ရှားတောမြို့နယ်ထဲက စစ်ဘေးရှောင်စခန်းနဲ့ ကျောင်းတွေမှာ ကလေးတွေဟာ အရေပြားရောဂါ အစုလိုက်အပြုံလိုက် ရောဂါကူးစက် (Outbreaks)နေတယ်လို့ ကရင်နီ အရေးပေါ် ကယ်ဆယ်ရေး၊ ပူးပေါင်းညှိနှိုင်းရေးအဖွဲ့ က ၂၀၂၅ ခုနှစ် ဒီဇင်ဘာမှာရော၊ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၇ ရက်မှာပါ ထုတ်ပြန်ထားပါတယ်။

၁၅ နှစ်အောက် ကလေးတွေမှာ အဖြစ်များတယ်လို့ ကရင်နီ အရေးပေါ် ကယ်ဆယ်ရေး၊ ပူးပေါင်းညှိနှိုင်းရေးအဖွဲ့ တာဝန်ရှိသူတစ်ယောက်က ပြောပေမဲ့ အရေအတွက် ဘယ်လောက်ရှိတယ်ဆိုတာကိုတော့ မပြောပါဘူး။

ကရင်နီပြည်နယ်ထဲက စေတနာ့ဝန်ထမ်း ဆေးကုပေးနေတဲ့ ဆရာဝန်ကတော့ ဒီမောဆိုး၊ ဖရူဆို မြို့နယ်တွေထဲက စစ်ဘေးရှောင်စခန်း၊ စာသင်ခန်းတွေသာမက တပ်ရင်းတပ်ဖွဲ့လို အစုလိုက် အပြုံလိုက် နေရတဲ့သူတွေမှာပါ ကူးစက်နေတာလို့ ပြောပါတယ်။

"ရောဂါနာမည်တပ်ရရင် ရေမသန့်ရှင်းတာကြောင့် ဖြစ်တဲ့ ဝဲနဲ့ မှိုကြောင့်ဖြစ်တဲ့ ပွေးပေါ့၊ ပြီးတော့ တောတောင်တွေထဲနေရတော့ အကောင်အမွှားကိုက်လို့ ကုတ်ရင်းနဲ့ အနာတွေဖြစ်တာလာလည်းရှိတယ်"လို့ ရှင်းပြပါတယ်။

လက်ရှိမှာတော့ ရှိတဲ့ဆေးဝါးနဲ့ အနာတွေကို သန့်ရှင်း‌ရေး လုပ်ပေးတာ၊ ပိုးသတ်ဆေးလိမ်းပေးတာတွေ လုပ်ပေးနေရပြီး ရေနဲ့ ဆေးဝါး မလုံလောက်တာကြောင့် ထိန်းချုပ်ဖို့ ခက်ခဲနေတဲ့အတွက် ကူးစက်တာများတယ်လို့ ကရင်နီ အရေးပေါ် ကယ်ဆယ်ရေး၊ ပူးပေါင်းညှိနှိုင်းရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

တမာရွက် ၊ တမာခေါက်ကို ပြုတ်ပြီး ယားနာကုနေကြရတဲ့ ပေါက်

ပေါက်က ကျေးရွာပေါင်း ၁၀ ရွာကျော်က စစ်ဘေးရှောင်တွေ ကူးစက်ခံနေရ

ဓာတ်ပုံ ရင်းမြစ်, လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဌာန ပေါက်မြို့နယ်

ဓာတ်ပုံ ပုံစာ, ပေါက်က ကျေးရွာပေါင်း ၁၀ ရွာကျော်က စစ်ဘေးရှောင်တွေ ကူးစက်ခံနေရ
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

တော်လှန်ရေး အားကောင်းတဲ့ နယ်မြေတစ်ခုလို့ သတ်မှတ်ထားကြတဲ့ မကွေးတိုင်း ပေါက်မြို့နယ်ထဲက စစ်ဘေးရှောင်ကလေးနဲ့ လူကြီးတွေမှာလည်း ယားနာကူးစက်မှုတွေကနေ မလွတ်ကြပါဘူး။

ပေါက်မြို့နယ် တောင်ပိုင်းမှာ ၂၀၂၅ နှစ်ကုန်ပိုင်းမှာ တစ်ယောက်စ နှစ်ယောက်စ တွေ့လာတဲ့ ယားနာတွေဟာ အခုနှစ် ဇန်နဝါရီမှာတော့ ခင်အေးရွာ၊ မြားပိုင်းရွာ၊ သစ်ချိုကုန်း၊ ကိုးကားရွာအပါအဝင် ကျေးရွာပေါင်း ၁၀ ရွာကျော်က စစ်ဘေးရှောင်တွေ ကူးစက်ခံနေရတာပါ။

ကာလရှည် နေရပ်စွန့်ခွာကြရတဲ့ စစ်ဘေးရှောင် ကလေးနဲ့လူကြီး အယောက် တစ်ထောင်လောက်ဟာ အရေပြားရောဂါ ခံစားနေရတယ်လို့ ပေါက်မြို့နယ် လူသားချင်း စာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး က ထုတ်ပြန်ထားပါတယ်။

"ကလေးတွေ အဖြစ်များတယ်။ ဆေးလာကုတဲ့အချိန်တောင် သူတို့မှာ ငိုနေ၊ ဂျီကျနေတာ သနားဖို့တောင်ကောင်းတယ်။လူကြီးတွေတောင် ယားရင် ညဘက် မအိပ်နိုင်ကြဘူး။ နုနယ်တဲ့ကလေးတွေဆိုတော့ ပိုခံစားရတာပေါ့"လို့ ပေါက်မြို့နယ်က စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ ကိုနက္ခတ်က ပြောပါတယ်။

တချို့ကလေးတွေမှာ ပိန်ပြီး ခုခံအားနည်းလာတာတွေလည်း တွေ့ရတယ်လို့ သူက ပြောပါတယ်။

ဒါ့ကြောင့် ဇန်နဝါရီ နောက်ဆုံးပတ်ကစပြီး ရောဂါဖြစ်ပွားမှုများတဲ့ ခင်အေးရွာနဲ့ မြားပိုင်းရွာအပါအဝင် ကူးစက်ခံရတဲ့ စစ်ဘေးရှောင်တွေကို လိုက်ကုပေးနေတယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ-NUG ရဲ့ ပေါက်မြို့နယ်ကျန်းမာရေးဌာန တာဝန်ရှိသူက ပြောပါတယ်။

ဆယ်ကျော်သက် လူငယ် ၊ အပျို၊ လူပျိုတွေမှာလည်း မမြင်အပ်တဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေမှာပါ ကူးစက်ခံနေရတာကို ကြိတ်မှိတ်နေကြပြီး ရွှေ့ပြောင်းဆေးခန်းရောက်လာမှ ဆေးလာတောင်းကြရပါတယ်။

ဆေးဝါးမလုံလောက်တဲ့အထဲကပဲ တစ်ယောက်ကို လိမ်းဆေးတစ်ဘူးပေးရင် တစ်ပတ်အတွင်းမှာပဲ ကုန်သွားပြီး ဆက်မလိမ်းဖို့ ဆေးမရှိတော့တာကြောင့် ယားနာတွေက အမြစ်မပြတ် ဖြစ်နေကြတာပါ။

"တမာရွက်ပြုတ်၊ တမာခေါက်တွေကို ပြုတ်ပြီး အဝတ်တွေလျှော်ကြရတယ်၊ ဖန်ရေဆေးကြရတယ်"လို့ ဆေးမြီးတိုကိုပါ အားကိုးနေရတာကိုလည်း ကိုနက္ခတ်က ရှင်းပြပါတယ်။

ဒါပေမဲ့ ရေကောင်းရေသန့် ရရှိဖို့ ခက်ခဲတဲ့ ဒေသတွေဖြစ်တာကြောင့် ဒီလိုကုသမှုတွေက ထိရောက်ပါ့မလားဆိုတာကိုတော့ မသေချာဖြစ်နေပါတယ်။

သန့်ရှင်းတဲ့ရေ သန့်ရှင်းတဲ့နေရာ မရှိကြတာရဲ့ နောက်ဆက်တွဲ

တာပေါ်လင်အမိုး၊ ဖျာကြမ်းအခင်း၊ စောင်ကို အကာလုပ်ထားရတဲ့ တဲမှာ တကိုယ်ရည်သန့်ရှင်းရေးလုပ်ဖို့က မလွယ်ကူကြပါဘူး

ဓာတ်ပုံ ရင်းမြစ်, CTER

ဓာတ်ပုံ ပုံစာ, တာပေါ်လင်အမိုး၊ ဖျာကြမ်းအခင်း၊ စောင်ကို အကာလုပ်ထားရတဲ့ တဲမှာ တကိုယ်ရည်သန့်ရှင်းရေးလုပ်ဖို့က မလွယ်ကူကြပါဘူး

"စစ်စရှောင်တုန်းကတော့ ရေကောင်းရေသန့် ရနိုင်မယ့်နေရာတွေကို ဦးစားပေးရှောင်ကြတာပေါ့။ နောက်ပိုင်း စစ်ကြောင်းတွေက ထပ်ထိုးလာလိုက်၊ လေကြောင်းကနေ လာပစ်လိုက်နဲ့ ထပ်ရှောင်ကြရင်း ရေနဲ့ဝေးသွားကြတာ။ တခါတလေ လေး၊ငါးရက်က ရေမချိုးကြရဘူး"လို့ ပေါက်မြို့နယ်က စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ ကိုနက္ခတ်က ပြောပါတယ်။

ဝဲရောဂါနဲ့ ပွေးရောဂါ ဖြစ်ပွားရတဲ့ အဓိကအကြောင်းအရင်းက သန့်ရှင်းတဲ့ရေ မရတာကြောင့် နဲ့ တကိုယ်ရည်သန့်ရှင်းမှု အားနည်းတာကြောင့်လို့ ကျန်းမာရေးကျွမ်းကျင်သူတွေက ပြောပါတယ်။

သန့်ရှင်းတဲ့ ရေအစား နီးစပ်ရာ စမ်းချောင်းကရေတွေကို သုံးကြရတာကြောင့် လက်ဖက်ရည်လို ဝါကျင့်ကျင့် ရေတွေကိုလည်း သုံးစွဲကြရတယ်လို့ ပြောပါတယ်။

ဒါပေမဲ့ စစ်ဘေးရှောင်နေရတဲ့ ပြည်သူတွေမှာ တကိုယ်ရည်သန့်ရှင်းရေးထက် အသက်ရှင်သန်ရေးကို ဦးစားပေးနေကြရတာပါ။

ရုတ်တရက် စစ်ဘေးရှောင်ကြရသူတွေမှာ အဝတ်အစား၊ စောင်၊ ခြင်ထောင် မပါကြတာကြောင့် အများနဲ့ မျှသုံးရတာတွေ၊ တချို့စစ်ရှောင် မိသားစုတွေမှာလည်း မျက်နှာသုတ်ပုဝါတထည်ကို မျှသုံးနေကြရတာလည်း ရှိနေကြပါတယ်။

ရောဂါကူးစက်မှုပုံစံအရ လူချင်း ထိတွေ့မှု မရှိရင်တောင် ဝဲ၊ ပွေး ရောဂါရှိသူရဲ့ အသုံးအဆောင် အဝတ်အစားတွေကနေတဆင့် ကူးစက်တတ်တဲ့ ရောဂါဖြစ်တာကြောင့် ဒီအခြေအနေတွေက ကူးစက်မှုနှုန်း မြင့်တက်စေတာလို့ ဆရာဝန်က ပြောပါတယ်။

"ဝဲ ဖြစ်ပြီဆိုရင် ဖြစ်တဲ့သူတစ်ယောက်တည်းကို ကုမရဘူး။ အိမ်မှာရှိတဲ့ လူအကုန်လုံးကို ကုရတာ။ အဲလောက်အထိ ကူးစက်လွယ်တဲ့ရောဂါမျိုး၊ ဆေးလိမ်းရင်လည်း ရောဂါသက်သာပြီဆိုပြီး ရပ်မရဘူး အကင်းသေအောင် ဆက်လိမ်းနေရတာမျိုး"လို့ ပြောပါတယ်။

မိသားစု တစ်စုလုံးရဲ့ အဝတ်အစား၊ စောင်၊ ခြင်ထောင်စတဲ့ အသုံးအဆောင်တွေကိုလည်း ပြုတ်ပြီးလျှော်၊ သေချာခြောက်အောင် နေလှန်းကြရမှာပါ။

ဒါပေမဲ့ တိုက်ပွဲတွေဖြစ်လို့ လမ်းပန်းဆက်သွယ်ရေးတွေ ခက်ခဲတဲ့ ဒေသတွေဖြစ်တာကြောင့် ဆေးဝါးမလုံလောက်တဲ့ ပြဿနာနဲ့ မသန့်ရှင်းတဲ့ရေသုံးနေရတာတွေက ရောဂါအမြစ်ပြတ်ဖို့ စိန်ခေါ်ချက် ဖြစ်နေပါတယ်။

ရောဂါကူးစက်မှု ရေရှည်ဖြစ်လာရင်

ရခိုင်ပြည်နယ်မှာ အရေပြားရောဂါ ကုပေးနေတဲ့ စေတနာ့ဝန်ထမ်းတွေ

ဓာတ်ပုံ ရင်းမြစ်, "Saetanar" Arakkha Public Benevolent Clinic

ဓာတ်ပုံ ပုံစာ, ရခိုင်ပြည်နယ်မှာ အရေပြားရောဂါ ကုပေးနေတဲ့ စေတနာ့ဝန်ထမ်းတွေ

တည်ငြိမ်တဲ့ နိုင်ငံရေး အခြေအနေ၊ လုံလောက်တဲ့ဆေးဝါးတွေသာရှိမယ်ဆိုရင် အရေပြားယားနာတွေဟာ ၁ ပတ်ကနေ ၂ ပတ်အတွင်း သက်သာပြီး ၂ လလောက်ဆိုရင် ပျောက်ကင်းနိုင်တဲ့ ရောဂါမျိုးလို့ ကျန်းမာရေး ကျွမ်းကျင်သူတွေက ပြောပါတယ်။

ဒါပေမဲ့ ဆေးဝါးမလုံလောက်ဘဲ အစုလိုက် အပြုံလိုက် နေကြရတဲ့ စစ်ဘေးရှောင်တွေကတော့ ရောဂါအမြစ်မပြတ်ပဲ သက်သာလိုက် ပြန်ဖြစ်လိုက်နဲ့ သံသရာ လည်နေမယ့် အခြေအနေဖြစ်ဖို့ ပိုများနေတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

ရခိုင်မှာဆိုရင်လည်း ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်က ကလေးရော လူကြီးပါမကျန် ယားနာတွေဖြစ်ခဲ့ပြီး သက်သာသလို ရှိပေမဲ့ ဒီနှစ်မှာ ထပ်ဖြစ်လာတယ်လို့လည်း ရခိုင်ပြည်နယ် စစ်ဘေးရှောင်တွေကို ဆေးကုပေးနေတဲ့ စေတနာ အာရက္ခပြည်သူ့အကျိုးပြု ဆေးခန်းက တာဝန်ရှိသူတစ်ယောက်ဖြစ်တဲ့ ကိုဇင်မျိုးက ပြောပါတယ်။

ဒါ့ကြောင့် ဝဲရောဂါဟာ အသက်အန္တရာယ်ဖြစ်စေတဲ့ ရောဂါမျိုး မဟုတ်ပေမဲ့လည်း ဂရုတစိုက် ကုသရမယ့်ရောဂါလို့ ဆရာဝန်က ပြောပါတယ်။

"အနာကိုပိုးဝင်ပြီး အနာမကျက်ရင် ထပ်ပွားနိုင်တယ်။ အနာက အရည်တစိုစိုနဲ့ဆိုတော့ ရုပ်ပိုင်းဆိုင်ရာလည်း ထိခိုက်သလို စိတ်ပိုင်းဆိုင်ရာလည်း တော်တော်ထိခိုက်တယ်"လို့ သူက ပြောပါတယ်။

ဝဲရောဂါပိုးဟာ အရေပြားအောက်ကိုဝင်ပြီး ဥ အုချတတ်တဲ့ ကူးစက်ပိုးမွှားဖြစ်ပြီး ပြင်းထန်တဲ့ ယားယံတာ၊ အရေပြား အဖုအပိန့်တွေ ထွက်တာတွေ ခံစားရတာပါ။

ဝဲရောဂါကနေ သွေးထဲကူးစက်ရောဂါ၊ နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါလိုမျိုး ပြင်းထန်တဲ့ ဆိုးကျိုးတွေဖြစ်တတ်ပြီး ဝင်ငွေနည်းတဲ့ နိုင်ငံတွေထဲက ကလေးနဲ့ သက်ကြီးရွယ်အိုတွေအတွက် အန္တရာယ်ပိုမြင့်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ထုတ်ပြန်ထားပါတယ်။