ထိုင်းတောင်ပိုင်း ၇၈ ယောက် သေဆုံးမှု ဆက်မစစ်တော့

ထိုင်းစစ်တပ်က ဖမ်းဆီးပြီးနောက် လူ ၇၈ ယောက် မွန်းကျပ် သေဆုံးခဲ့မှုမှာ ဘယ်သူ့ကိုမှ အပြစ်ပေးနိုင်တော့မယ့်ပုံ မရှိလို့ စိတ်ဆိုးဒေါသထွက်နေကြပါတယ်။

ထိုင်းမှာ ပြစ်မှုတခုအတွက် အနှစ် ၂၀ အတွင်း တရားစွဲဆိုရတာ ဖြစ်ပြီး နောက်ဆုံးရက်ကလည်း သောကြာနေ့က ကုန်ဆုံးသွားခဲ့ပါတယ်။

ဒီကန့်သတ်ချက်ကို ထပ်မတိုးနိုင်ကြောင်း ထိုင်းအစိုးရက ပြောပါတယ်။

၂၀၀၄ ခုနှစ်က ရာနဲ့ချီတဲ့ မွတ်ဆလင် ဆန္ဒပြသူတွေကို ထိုင်းစစ်တပ်က ဖမ်းဆီးပြီး ကုန်ကားတွေပေါ် မှာ ပြွတ်သိပ် တင်ရာကနေ သေဆုံးခဲ့တာ ဖြစ်ပါတယ်။

သေဆုံးသူတွေရဲ့ မိသားစုတွေအတွက် တရားမျှတမှုကို မငြင်းပယ်သင့်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး မင်းကြီးရုံးက ပြောကြားပါတယ်။

ကွယ်လွန်သူတွေရဲ့ မိသားစုတွေအပြင် အသက်ရှင်ကျန်ရစ်သူတွေပါ သောကြာနေ့က စုဝေးပြီး ဒီအမှုမှာ တာဝန်ရှိသူတွေ တရားစစ်ဆေး မခံရသေးတာကို ဒေါသထွက်ကြောင်း ပြခဲ့ကြပါတယ်။

တက်ဘိုင် လူသတ်ပွဲ အနှစ် ၂၀ ပြည့်ချိန်မှာ တရားစွဲနိုင်ခွင့် မရှိတော့တဲ့အတွက် လူသတ်မှုနဲ့ သံသယရှိသူ ၇ ယောက်ကို စွဲဆိုထားတာတွေကို ပယ်ဖျက်ပေးသလို ဖြစ်သွားပါတယ်။

ဒီလူသတ်ပွဲကြောင့် ထိုင်းတောင်ပိုင်းက မွတ်ဆလင်အများစု နေတဲ့ ခရိုင်တွေမှာ ခွဲထွက်ရေးသူပုန်တွေနဲ့ အစိုးရကြား နှစ်ချီဖြစ်နေတဲ့ ပြည်တွင်းစစ်မှာ အစိုးရကို တရားစွဲဆိုမှုကနေ ကင်းလွတ်နေမှုကို ပြသလို ဖြစ်နေပါတယ်။

ဝန်ကြီးချုပ် ပေထုံတန် ရှင်နာဝပ်ကလည်း ကြာသပတေးနေ့က အစိုးရကိုယ်စား တောင်းပန်ခဲ့ပါတယ်။ သူ့ဖခင် သက်ဆင် ရှင်နာဝပ် လက်ထက်က ဖြစ်ခဲ့တဲ့ လူသတ်ပွဲ ဖြစ်ပါတယ်။

ဒီအမှုကို စစ်ဖို့ တောင်းဆိုသူတွေ ရှိပေမယ့်လည်း နှစ်ကာလ ကန့်သတ်ချက်ကြောင့် စစ်လို့ မရတော့ဘူးလို့ ပေထုံတန်က ပြောပါတယ်။

ဒီအမှုအတွက် ထိုင်းအစိုးရအနေနဲ့ နိုင်ငံတကာ ကျွမ်းကျင်သူတွေ ပါတဲ့ သီးခြား လွတ်လပ်တဲ့ အချက်အလက် ရှာဖွေရေး ကော်မတီဖွဲ့ဖို့ တက်ကြွလှုပ်ရှားသူတွေက တောင်းဆိုခဲ့ပါတယ်။

မလေးရှားနယ်စပ်က နရာသီဝတ် ခရိုင်မှာ ရဲစခန်းရှေ့ ဆန္ဒပြတဲ့ လူအုပ်ထဲ သေနတ်နဲ့ ပစ်လို့ ခုနစ်ယောက် သေဆုံးခဲ့ပါတယ်။

အဲဒီနောက် ဆန္ဒပြသမားတွေကို ဖမ်းပြီး ထိုင်းစစ်တပ်က ကုန်ကားတွေပေါ်မှာ မျက်နှာတွေမှောက်၊ လက်နောက်ပြန် ကြိုးတုပ်ပြီး ထပ်ပြီး တင်ခဲ့လို့ လူ ၇၈ ယောက် လေမွန်းပြီး သေဆုံးခဲ့ပါတယ်။

သြဂုတ်လက ခရိုင်တရားရုံးမှာ အမှုကို စစ်ပေးဖို့ မိသားစုတွေဘက်က တောင်းဆိုတာကို လက်ခံခဲ့ပါတယ်။ ဒါပေမဲ့လည်း ဖုရာထိုင်းပါတီက မနှစ်က အရွေးကောက်ခံရတဲ့ တပ်မှူးဟောင်း အမတ်တယောက်က တရားရုံးကို မလာဘဲ ရှောင်နေလို့ အမှုစစ်လို့ မရခဲ့ပါဘူး။

တနင်္လာနေ့မှာတော့ တရားရုံးက ဒီစွဲဆိုချက်တွေကို ရုပ်သိမ်းပြီး အမှုကို ပိတ်မယ်လို့ ခန့်မှန်းကြောင်း အေအက်ဖ်ပီ သတင်းမှာ ဖော်ပြပါတယ်။ ဒါဟာ ထိုင်းမှာ အရေးပေါ် ဥပဒေတွေ၊ ရဲနဲ့ စစ်သားတွေနဲ့ အုပ်ချုပ်တဲ့ နယ်မြေမှာ တာဝန်ခံမှု ကင်းမဲ့တာကို ပြနေပါတယ်။

ထိုင်းတောင်ပိုင်းမှာ ဘယ်လုံခြုံရေးတပ်ဖွဲ့ဝင်မှာ ဥပဒေမဲ့ ညှဉ်းဆဲ သတ်ဖြတ်မှုတွေအတွက် ထောင်ကျတာ မရှိသေးပါဘူး။

ထိုင်းတောင်ပိုင်းမှာ ၂၀၀၄ ဇန်နဝါရီက စတဲ့ ပဋိပက္ခတွေကြောင့် လူ ခုနစ်ထောင်ကျော် သေဆုံးခဲ့ပါတယ်။

တက်ဘိုင်အမှုမှာ ဘယ်သူ့ကိုမှ တရားမစွဲဘဲ အမှုပိတ်လိုက်တဲ့အတွက် အလွန် ပူပန်မိကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး ကျွမ်းကျင်သူတွေက ပြောပါတယ်။

၂၀၁၂ မှာ အဲဒီအချိန်က ဝန်ကြီးချုပ် ယင်လတ် အစိုးရက သေဆုံးသူတွေရဲ့ မိသားစုတွေကို နစ်နာကြေး ဘတ် ၇ သန်းခွဲစီ ပေးခဲ့ပါတယ်။