ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကပ်ဘေးစစ်ဘေးကြားက ချင်းအမျိုးသားပိုင် ကုမ္ပဏီ အာဆီယံဆု ချီးမြှင့်ခံရ
မြန်မာနိုင်ငံက ချင်းအမျိုးသား တစ်ဦးပိုင် Yangon Express Logistic ကုမ္ပဏီ ဟာ အခု ၂၀၂၂ ခုနှစ် အတွက် Asean Business Award ဆု ဆွတ်ခူးခဲ့ပါတယ်။
လုပ်ငန်း ကုမ္ပဏီ တစ်ခုဆီကနေ သူ့ရဲ့ ဖောက်သည်ထံ ကုန်ပစ္စည်း သယ်ပို့ ၀န်ဆောင်မှု ပေးတဲ့ Yangon Express Logistic ကုမ္ပဏီဟာ တည်ထောင်ရပ်တည်လာတာ နှစ် ၂၀ ကျော် ရှိလာပြီး နိုင်ငံတကာ ဆု အနေနဲ့ ဒါဟာ ပထမဆုံး ချီးမြှင့် ခံခဲ့ရတာဖြစ်ပါတယ်။
ကိုဗစ် ကပ်ဘေးကာလတလျှောက် ကုန်စည်တင်ပို့ ၀န်ဆောင်မှု လုပ်ငန်းမှာ ထိခိုက်ခဲ့ပြီး စိန်ခေါ်မှုတွေ အကြီးအကျယ် ရင်ဆိုင်ခဲ့ရတဲ့ ကြားထဲက လုပ်ငန်းတွေ ရပ်ဆိုင်း ပိတ်ပစ်လိုက်ရတဲ့ ကုမ္ပဏီ အများအပြား ရှိတဲ့ကြားက Yangon Express Logistic ကုမ္ပဏီ အနေနဲ့ မယိမ်းမယိုင် ရပ်တည်နိုင်ခဲ့တာဟာ အားသာချက် တစ်ခုဖြစ်တယ်လို့ ကုမ္ပဏီရဲ့ CEO ဒေါက်တာ ရွှေဟိန်းက ပြောပါတယ်။
ဒါ့အပြင် ကုမ္ပဏီ ၀န်ထမ်းတွေကို ကိုဗစ်ကာလတလျှောက် ကျန်းမာရေး ဆိုင်ရာ ၀န်ဆောင် စောင့်ရှောက်မှု ပေးခဲ့ပြီး ၊ ကာကွယ် ကုသရေး အပြင် နှာခေါင်းစည်း ၊ လက်ဆေးရည် ဝေငှကာ ကျန်းမာရေး အသိပညာ ဖြန့်ဝေမှုတွေ လုပ်ပေးခဲ့သလို လုပ်ငန်း အတွင်းမှာလည်း အွန်လိုင်းကနေ ငွေပေးချေတဲ့ စနစ် တစ်ခုကို ထူထောင်နိုင်ခဲ့တာတွေက ဆုရဖို့ အခွင့်ကောင်း တခု ဖြစ်ခဲ့တယ်လို့ သူက ဆိုပါတယ်။
ဒီဆုရခြင်းဟာ လုပ်ငန်း အဝန်းအဝိုင်းထဲမှာ ပါ၀င်ကြတဲ့ ဝန်ထမ်းတွေက အစ ရင်းနှီးမြှုပ်နှံ လုပ်ငန်းအပ်သူတွေ အဆုံး အားလုံးရဲ့ ကြိုးပမ်း အားထုတ်မှုကြောင့် အခုလို ချီးမြှင့်ခံရတာ ဖြစ်တယ်လို့ ဒေါက်တာ ရွှေဟိန်းက ပြောပါတယ်။
လက်ရှိ မြန်မာနိုင်ငံမှာ နိုင်ငံရေး မတည်ငြိမ်တဲ့အပြင် ၊ စီးပွားရေးမှာ ဆိုရင်လည်း ငွေဖောင်းပွမှု ပြဿနာ ၊ ဒေါ်လာ ရှားပါးမှု အပြင် ဘဏ်တွေမှာ ကိုယ်အပ်ထားတဲ့ငွေကို စိတ်ကြိုက် ထုတ်ခွင့်မရတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရပြီး ပေါ်လစီ ခဏခဏပြောင်းလဲခြင်းဟာ စီးပွားရေး သမားတွေ အတွက် စိန်ခေါ်မှုကြီး တရပ်ပဲလို့ သူက ထောက်ပြပါတယ်။
ကိုဗစ်ကာလတလျှောက် ကုန်အဝင်နည်း ၊ စက်ရုံ သုံးပုံတပုံလောက် ပိတ်ပစ်ရတဲ့အနေအထားမှာ အရင်က လိုင်စင် မလိုဘဲ သွင်းလို့ရတဲ့ပစ္စည်းတွေဟာ လိုင်စင်နဲ့ သွင်းဖို့ လိုလာတဲ့ အခြေအနေ ၊ ငွေလဲနှုန်းကို အရှင်မထားဘဲ သတ်မှတ်နှုန်းထားနဲ့ လဲရတဲ့ ကန့်သတ်ချက်တွေဟာ လုပ်ငန်းရှင်တွေ အတွက် တကယ့်ကို စိန်ခေါ်မှု ကြီးကြီးမားမားတွေ ဖြစ်ပြီး စီးပွားရေး အဆင်ပြေ ချောမွေ့စေဖို့ ဆိုရင် လုပ်ငန်းရှင်တွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ လိုမယ်လို့ ဒေါက်တာရွှေဟိန်းက ပြောပါတယ်။
အဲဒီလို အခက်အခဲတွေ ရင်ဆိုင်နေရတဲ့ ကြားက အာရှနိုင်ငံတွေကြား မြန်မာနိုင်ငံက ကုမ္ပဏီတခု ဆုပေးအပ်ချီးမြှင့်ခံရတဲ့ အပေါ် ဂုဏ်ယူမိတယ်လို့ သူက ဆိုပြီး ကမ္ဘာမှာ မြန်မာက ရင်ဘောင်တန်းသွားနိုင် ယှဥ်နိုင်တဲ့ အဆင့်အထိရောက်အောင် ရည်မှန်းချက် ထားရှိတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် တီထွင်ကြံဆမှု ၊ သင့်တင့်လျှောက်ပတ်တဲ့ မဟာဗျူဟာတွေ ချမှတ်ကာ လုပ်ငန်း အသိုင်းအအဝိုင်းအတွင်းမှာ ပါဝင်ပတ်သက်သူ အားလုံးအတွက် အကျိုးရှိအောင် ဆောင်ရွက် ကြိုးပမ်းသွားမယ်လို့လည်း သူက ပြောပါတယ်။