ရှမ်း ကယား ချင်းနဲ့ ရခိုင် စစ်ရှောင်အချို့ကို စစ်ကောင်စီ နေရပ်ပြန်ခိုင်း

စစ်ကောင်စီက မြန်မာနိုင်ငံအတွင်း ရှမ်း ကယား ချင်းနဲ့ ရခိုင်ပြည်နယ်က စစ်ရှောင်အချို့ကို ဒီလကုန် နောက်ဆုံးထားပြီး နေရပ်ပြန်ခိုင်းနေတယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။

ရှမ်း ကယား ဘက်မှာတော့ အခု အောက်တိုဘာလကုန်ရင် နေရပ်ပြန်ရမယ်ဆိုပြီး စစ်ကောင်စီအုပ်ချုပ်ရေးပိုင်းတချို့က ဘုရားကျောင်းနဲ့ ဘုန်းကြီးကျောင်းတချို့ကို လာရောက်ပြောတာတွေ ရှိနေတယ်လို့ စစ်ရှောင်တွေက ဆိုပါတယ်။

ရခိုင်ပြည်နယ်အတွင်းက မြို့နယ်တချို့နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်ပေါ်မှာ ခိုလှုံနေကြတဲ့ စစ်ဘေးရှောင်တွေကိုလည်း အခု အောက်တိုဘာလအတွင်း နေရပ်ပြန်ကြဖို့ စစ်ကောင်စီကနေ ညွှန်ကြားထားတယ်လို့ ဒုက္ခသည်စခန်းတာဝန်ရှိသူတွေက ပြောဆိုကြပါတယ်။

လက်ရှိမှာ ဒေသတည်ငြိမ်နေပြီဖြစ်တဲ့အတွက် မိမိတို့ရဲ့နေရပ်ကျေးရွာတွေကို ပြန်သွားကြရမှာဖြစ်တယ်လို့ ပြောဆိုကြောင်း ဘူးသီးတောင်မြို့ပေါ်မှာ ခိုလှုံနေတဲ့ စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။

စစ်ရှောင်တွေကို နေရပ်ပြန်ခိုင်းနေတဲ့ ရခိုင်ပြည်နယ်နဲ့ နယ်စပ် ပလက်ဝမြို့နယ်တွေအတွင်း လတ်တလောစစ်ပွဲတွေပြင်းထန်နေတာဖြစ်သလို ကယားပြည်နယ်မှာလည်း တိုက်ပွဲတွေရှိနေပါတယ်။

 စစ်အာဏာသိမ်းပြီးကတည်းက နှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေတဲ့ ကယားပြည်နယ်ထဲက စစ်ရှောင်တွေဟာ ပြည်နယ်အတွင်း ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်ကြရတာရှိသလို ရှမ်း ကယား နယ်စပ်မှာရှိတဲ့ ဒေသခံတွေကတော့ ရှမ်းပြည်နယ်ထဲ ထွက်ပြေးတိမ်းရှောင်ကြရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကစလို့ ဖယ်ခုံနဲ့ မိုးဗြဲဒေသက တိုက်ပွဲတွေကြောင့် ရှမ်းပြည်နယ်တောင်ပိုင်းထဲက မြို့နယ်တွေနဲ့ ဆီဆိုင်မြို့နယ်ထဲမှာ အများဆုံးသွားရောက် စစ်ရှောင်နေကြရတာဖြစ်ပါတယ်။

လက်ရှိ မိုးဗြဲဒေသမှာ တိုက်ပွဲပြင်းထန်နေတာကြောင့် စစ်ရှောင်တွေဟာ စစ်ရှောင်ဦးရေအများအပြားရှိနေတဲ့ ဒီးမော့ဆိုမြို့ အနောက်ခြမ်းကို ထပ်မံရွှေ့ပြောင်း တိမ်းရှောင်နေရပါတယ်။

အာဏာသိမ်းပြီး ၂၀၂၁ မေလကတည်းက တိုက်ပွဲပြင်းထန်နေတဲ့ ကယားပြည်နယ်ထဲမှာတော့ ပြည်နယ်လူဦးရေရဲ့ တစ်ဝက်နီးပါးလောက်ဟာ စစ်ဘေးတိမ်းရှောင်နေကြရတာဖြစ်ပါတယ်။

တိုက်ပွဲတွေ ပြင်းထန်နေသလို သူတို့ရဲ့ကျေးရွာတွေမှာ စစ်ကောင်စီတပ်စခန်းတွေနဲ့ အေအေတပ်ဖွဲ့တွေရှိနေတာကြောင့် နေရပ်ပြန်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူးလို့ ဘူးသီးတောင်က စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။

နေရပ်ပြန်ရေးအတွက် ပြီးခဲ့တဲ့ ဩဂုတ်လနဲ့ စက်တင်ဘာလအတွင်း စစ်ဘေးရှောင်စခန်းတာဝန်ရှိသူတွေကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနနဲ့ စစ်ကောင်စီတပ်တို့က သုံးကြိမ်ခန့်ဖိအားပေးပြောဆိုထားတာလို့ သိရပါတယ်။

လက်ရှိအခြေအနေအရ ဒုက္ခသည်ခန်းတွေမှာ ခိုလှုံနေကြတဲ့ အဲဒီစစ်ဘေးရှောင်တွေဟာ ရိက္ခာဖြတ်တောက်ခံထားရတဲ့ အတွက် အခက်အခဲတွေနဲ့ကြုံနေကြရသလို လုံခြုံမှုမရှိဘဲ အခုလို အတင်းအဓမ္မနေရပ်ပြန်ခိုင်းတယ်ဆိုတာဟာ မဖြစ်သင့်ဘူးလို့ ကျောက်တော်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဦးထွန်းဝင်းက ပြောပါတယ်။

ရခိုင်ပြည်နယ်က စစ်ဘေးရှောင်အများစုတို့ဟာ နေရပ်စွန့်ခွာလာခဲ့ကြတာ သုံးနှစ်နီးပါးကြာမြင့်နေကြပြီဖြစ်ကာ သူတို့ရဲ့နေအိမ်တွေနဲ့ မှီခိုလုပ်ကိုင်ကြမယ့် ဥယျာဉ်ခြံတွေလည်း ပျက်စီးနေပြီဖြစ်တယ်လို့ ပြောဆိုကြပါတယ်။

ကျေးရွာအနီးဝန်းကျင်တွေမှာရှိနေတဲ့ မြေမြှုပ်မိုင်းနဲ့ လက်နက်ခဲယမ်း အန္တရာယ်တွေအတွက် အကာအကွယ်ပေးမှုတွေပြုလုပ်ပြီးမှ နေရပ်ပြန်ရေးကို ဆောင်ရွက်ရမှာဖြစ်တယ်လို့ ထောက်ပြပြောဆိုမှုတွေလည်းရှိနေပါတယ်။

 ကုလသမဂ္ဂရဲ့ နောက်ဆုံးစာရင်းတွေအရ အာဏာသိမ်းပြီးတဲ့နောက် မြန်မာနိုင်ငံတစ်ဝန်းမှာ လူ ၁ ဒသမ ၃ သန်းဟာ အိုးအိမ်စွန့်စွာ ထွက်ပြေးနေရဆဲဖြစ်တယ်လို့ သိရပါတယ်။