အမျိုးသမီးကမ္ဘာ့ဖလား - ဂျပန်အသင်းပြိုင်ပွဲက နှုတ်ဆက်ထွက်ခွာ

အမျိုးသမီးကမ္ဘာ့ဖလားရဲ့ ကွာတားဖိုင်နယ် ပွဲစဉ်တွေကို ဒီကနေ့ယှဉ်ပြိုင်ကစားခဲ့ကြပြီး နာမည်ကြီးဂျပန်အသင်းက ဆွီဒင်ကို ကပ်ရှုံးပြီး ပြိုင်ပွဲကနေ နှုတ်ဆက်ထွက်ခွာသွားခဲ့ပါပြီ။

ဆွီဒင်က ဦးဆောင်ဂိုး နှစ်ဂိုး သွင်းယူခဲ့ပြီး ဂျပန်က ၈၇ မိနစ် မှ ချေပဂိုးရခဲ့တဲ့ အတွက် အရှုံးနဲ့ရင်ဆိုင်ခဲ့ရတာပါ။

အမျိုးသမီးကမ္ဘာ့ဖလားမှာခြေစွမ်းပြနေတဲ့ ဂျပန်အသင်းဟာ ဒီကနေ့မှာ ကံခေခဲ့ပြီး ပယ်နယ်တီ တစ်လုံး နဲ့ အလွတ်တည်ကန်ဘောတစ်လုံး ဘားတန်းထိထွက်ခဲ့လို့ ဆီမီးဖိုင်နယ် နဲ့ ဝေးခဲ့ရတာ ဖြစ်ပါတယ်။

ဆွီဒင်ကတော့ ဒုတိယဦးဆောင်ဂိုးကို VAR က ရတဲ့ ပယ်နယ်တီကတစ်ဆင့် အပိုင်ကန်သွင်းယူခဲ့တာ ဖြစ်ပါတယ်။

စပိန်က နယ်သာလန်ကို မိနစ်တစ်ရာကျော်ကန်ပြီးနိုင်

အစောပိုင်းကစားခဲ့တဲ့ ကွာတားဖိုင်နယ်ပွဲစဉ်မှာ စပိန်က နယ်သာလန်ကို မိနစ် တစ်ရာကျော်မှာရတဲ့ အနိုင်ဂိုးနဲ့ ဆီမီးဖိုင်နယ်ကို တက်ရောက်သွားခဲ့ပါတယ်။

ဥရောပ နှစ်သင်းထိပ်တိုက်တွေ့ကြတဲ့ပွဲက အကြိတ်အနယ်ရှိခဲ့ပြီး စပိန်က ၈၁ မိနစ်မှာ VAR ကတစ်ဆင့် ရတဲ့ ပယ်နယ်တီနဲ့ ဦးဆောင်ခဲ့ပေမယ့် နာကျင်အချိန်ပိုမှာ နယ်သာလန်က ပြန်ချေပခဲ့ပါတယ်။

အချိန်ပိုဆက်လက်ကစားခဲ့ကြပြီးတဲ့နောက် စပိန်က အဖိုးတန်အနိုင်ဂိုးကို လှလှပပသွင်းယူခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် ဆီမီးဖိုင်နယ်မှာ စပိန် နဲ့ ဆွီဒင် တွေ့ဆုံမှာဖြစ်ပြီး သြဂုတ် ၁၅ ရက်မှာ ယှဉ်ပြိုင်ကစားကြမှာပါ။

မနက်ဖြန်လည်း ကွာတားဖိုင်နယ် ပွဲကောင်းတွေရှိနေပြီး ပွဲတိုင်းအနိုင်ကန်ထားတဲ့ နာမည်ကြီး အင်္ဂလန်က ခြေစွမ်းပြနေတဲ့ တောင်အမေရိကအသင်း ကိုလံဘီယာ နဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

အလားတူ ပူးတွဲအိမ်ရှင် သြစတြေးလျက မော်ရိုကို ဂိုးပြတ်အနိုင်ကန်လာတဲ့ ပြင်သစ် နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။