ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ခမ်းပတ်တိုက်ပွဲကြောင့် ထောင်နဲ့ချီတဲ့ဒေသခံတွေ အိန္ဒိယဘက် ထွက်ပြေး
အိန္ဒိယ-မြန်မာနယ်စပ်၊ စစ်ကိုင်းတိုင်း၊ တမူးခရိုင်ထဲက ခမ်းပတ်မြို့မှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကြားဖြစ်တဲ့ တိုက်ပွဲတွေကြောင့် အိန္ဒိယနိုင်ငံဘက်ခြမ်းကို ထောင်နဲ့ချီတဲ့ဒေသခံတွေ ထွက်ပြေးနေနေကြပါတယ်။
တဖက်မှာလည်း ခမ်းပတ်မြို့ဟာ အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်နဲ့ ဆက်နေတာကြောင့် ဒေသခံတွေဟာ အိန္ဒိယဘက်ကို ထွက်ပြေးတဲ့အချိန် အိန္ဒိယဘက်က ပြန်လွှတ်နေတဲ့သတင်းတွေလည်း ကြားနေရတယ်လို့ မြေပြင်အခြေအနေသိသူတွေက ဘီဘီစီကိုပြောပြပါတယ်။
‘‘အိန္ဒိယဘက်ပြေးကြတာက တိုက်ပွဲဖြစ်တဲ့ ခမ်းပတ်ရဲစခန်းရဲ့ တစ်ဖက်ကမ်းက ကနန်ရွာ၊ ကမ္မကြီးရွာတွေက ဒေသခံတွေ အများစုဖြစ်ပါတယ်။ ဒါပေမဲ့ အိန္ဒိယဘက်က အဝင်မခံဘဲ ပြန်လွှတ်နေတယ်လို့ သိရတယ်’’ဆိုပြီး ကလေးမြို့က ခရစ်ယာန်သင်းအုပ်ဆရာတစ်ဦးက ဘီဘီစီကို ပြောပြပါတယ်။
ခမ်းပတ်မြို့က စစ်ကောင်စီတပ်စခန်းနဲ့ ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်တဲ့ ဇူလိုင်လ ၂၃ ရက်ကစလို့ မြို့ပေါ်ရပ်ကွက်တွေက ထောင်နဲ့ချီတဲ့ဒေသခံတွေ ဘေးလွတ်ရာထွက်ပြေးကြတာဖြစ်ပါတယ်။
မဏိပူရ်ပြည်နယ်အစိုးရဟာ မြန်မာပြည်တွင်းက စစ်အာဏာသိမ်းမှုအပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်တပ်ကြားက တိုက်ပွဲတွေကြောင့် သူ့ ပြည်နယ်ထဲ ထွက်ပြေးလာသူတွေကို လက်ခံတာမျိုး ပြသခဲ့ပေမဲ့ အခုတော့ သူ့ပြည်တွင်းက လူမျိုးရေးပဋိပက္ခကြောင့် စစ်ရှောင်အသစ်တွေကို မလိုလားတဲ့အခြေအနေလို့ အိန္ဒိယသတင်းတွေမှာဖော်ြပပါတယ်။
မဏိပူရ်ပြည်နယ်ထဲမှာတော့ ကသည်းတွေနဲ့ ကူကီးတွေကြားက လူမျိုးရေးဆိုင်ရာပဋိပက္ခတွေ မြင့်တက်နေတာ ၂ လထဲ ဝင်လာပြီဖြစ်ပြီး ဒီအခြေအနေကြောင့် မြန်မာဘက်ကနေ လက်နက်ခဲယမ်းတွေပါလာမှာကို စိုးရိမ်ချက်ရှိလို့ ပြည်နယ်အစိုးရက ဒုက္ခသည်တွေကို ဝင်ခွင့်တင်းကျပ်တာလည်း ဖြစ်နိုင်တယ်လို့ မဏိပူရ်ပြည်နယ်ထဲ မြန်မာတွေအရေး အကူအညီပေးနေသူတွေက ဘီဘီစီကို ပြောပြပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂၃ ရက်နဲ့ ၂၄ ရက် ၂ ရက်တည်းမှာတင် အိန္ဒိယနယ်စပ်ကို ဖြတ်ကျော်လာတဲ့အထောက်အထားမဲ့ မြန်မာ ၇၀၀ ကျော်ကို နယ်ခြားစောင့်တပ်အဖြစ်ရှိနေတဲ့ အာသံရိုင်ဖယ်တပ်က ဘာကြောင့် ပြည်တွင်းဝင်ခွင့်ပေးခဲ့လဲဆိုတာကို ပြည်နယ်အစိုးရက အာသံ ရိုင်ဖယ် တပ်ဆီ စာပို့ မေးမြန်းတဲ့အထိ ရှိထားပါတယ်။
ခမ်းပတ်မြို့မှာ ဘာကြောင့်တိုက်ပွဲဖြစ်တာလဲ
ခမ်းပတ်မြို့ထဲက စစ်ကောင်စီစခန်းအနားဖြတ်သွားတဲ့ ခမ်းပတ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင်နဲ့ အဖွဲ့ဝင်တစ်ဦးကို ဇူလိုင်လ ၁၉ ရက် အာဇာနည် နေ့မှာ စစ်တပ်က ဖမ်းဆီးခဲ့ပြီးပါတယ်။
အဲဒီနောက် ခမ်းပတ်မြို့ အမှတ် ၁ ရပ်ကွက်အနီး တောင်ကုန်းတစ်ခုပေါ်မှာရှိတဲ့ စစ်တပ်နဲ့ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဝိုင်းခဲ့ပြီးနောက်မှာ ဇူလိုင်လ ၂၃ ရက်မှာ တိုက်ပွဲဖြစ်ခဲ့တာလို့ ပကဖနဲ့ နီးစပ်သူတွေက ဘီဘီစီကို ပြောပါတယ်။
ဒီအတောအတွင်း ဇူလိုင်လ ၂၅ ရက်ညပိုင်းတုန်းကဆိုရင် စစ်ကောင်စီတပ်က စခန်းအနီးက အမှတ် ၁ ရပ်ကွက်ထဲကို ရဟတ်ယာဥ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ ပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် ဇူလိုင် ၂၅ ရက်တစ်နေ့တည်းမှာပဲ တမူးမြို့အရှေ့ဘက် မိုင်ဆယ်ချီအကွာက တိန်ကယားရွာမှာ မြေပြင်တိုက်ပွဲဖြစ်ခဲ့တယ်လို့လည်း သိရပါတယ်။
‘‘မြို့နယ် ပကဖ ခေါင်းဆောင်ကို သူတို့ ဖမ်းလိုက်အပြီးမှာ တိုက်ပွဲက ၂၀ ရက်နေ့ကတည်းက စတယ်လို့ပြောလို့ရတယ်။ ၂၃ ရက်မှာ လေကြောင်းအကူအညီယူပြီး ပစ်ခတ်တာတွေလုပ်တယ်။ ရဟတ်ယာဥ်နဲ့ လူ ၃ ကြိမ်လာချသွားတယ်။ အယောက် ၈၀ လောက်ရှိတယ်။ မနေ့(ဇူလိုင် ၂၅ ရက်)မှာ မိုင်းထိလို့ ရဲဘော်တစ်ယောက် လက်မောင်းဖြတ်လိုက်ရတယ်။ ဟိုဘက်(စစ်တပ်)ရဲ့ အကျအဆုံးကိုတော့ လုံးဝ မသိရသေးဘူး’’လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ရဲဘော်ခိုင်လေးက ဘီဘီစီကို ပြောပြပါတယ်။
‘‘သူတို့က အခု ခမ်းပတ်မြို့ထဲက အမှတ် ၁ ရပ်ကွက် သင်္ချိုင်းကုန်းဘက်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေရှိတယ်လို့ထင်ပြီး ပစ်မှတ်ထားတိုက်ခိုက်တယ်။ သူတို့က ကုန်းပေါ်ကဆိုတော့ အောက်မဆင်းရဲဘူး။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကလည်း ကုန်းပေါ် တက်ပြီးတိုက်ရမယ့် အခြေအနေဆိုတော့ စစ်ရေးက တင်းမာနေတယ်’’ လို့ သူက ဆက်ပြောပြပါတယ်။
ဇူလိုင်လ ၂၄ ရက်ညပိုင်းတုန်းကတော့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အမှတ် ၁ ရပ်ကွက် ကက်သလစ်ဘုရားကျောင်းတစ်ဖက်ခြမ်းက နေအိမ်ထဲက အသက် ၂၀ ကျော်အရွယ် လက်နက်ထိမှန်ပြီး သေဆုံးခဲ့ပါတယ်။
ကလေးမြို့ကိုလည်း စစ်ရှောင် ထောင်ချီပြေးလာနေ
ခမ်းပတ်မြို့က ကလေးမြို့နဲ့ မိုင် ၃၀ ကျော်အကွာမှာရှိပြီး အိန္ဒိယ-မြန်မာနယ်စပ်က တမူးမြို့နဲ့ဆိုရင် မိုင် ၄၀ ကျော် အကွာမှာရှိပါတယ်။
အခုတော့ စစ်ကောင်စီ ရဲနဲ့တပ်စခန်းအနီးနားမှာရှိတဲ့ အမှတ် ၁ ရပ်ကွက်မှာနေထိုင်သူတွေရော၊ အိန္ဒိယ-မြန်မာချစ်ကြည်ရေး အဝေးပြေးလမ်းမကြီးတစ်လျှောက်က အမှတ် ၃၊ ၄၊ ၅ ရပ်ကွက်တွေမှာ နေထိုင်သူတွေပါ တိုက်ပွဲတွေကြောင့် အသက်အန္တရာယ်စိုးရိမ်ကြရိမ်ပြီး အိန္ဒိယဘက်ခြမ်း၊ တမူးနဲ့ ကလေးမြို့တွေအထိ စစ်ဘေးရှောင်နေကြပါတယ်။
အဲဒီစစ်ရှောင်အများစု ထွက်ပြေးတိမ်းရှောင်ကြတဲ့နေရာဟာ ကလေးမြို့ဆီဖြစ်ပါတယ်။
ကလေးမြို့က ခရစ်ယာန်အသင်းတော်တွေက သက်ဆိုင်ရာဘုရားကျောင်းမှာ နေရာချထားပေးတယ်လို့ သိရပြီး လူဦးရေဟာ ၂ ထောင်နဲ့အထက်မှာရှိတယ်လို့ ဆိုပါတယ်။
‘‘(ဟိုဘက်) အိန္ဒိယဘက်ခြမ်းကို ပြေးကြတယ်။ ဒီဘက်(ကလေး)ကိုလာတဲ့သူတွေကလည်း ၂၀၀၀ နဲ့ ၂၅၀၀ ကြားအနည်းဆုံးရှိနေတယ်။ ဒါ ဆွေမျိုးတွေနဲ့နေတဲ့သူတွေ၊ ကိုယ့်ဘာသာ အိမ်ငှားသူတွေ မပါသေးဘူး။ မြို့ထဲက ဘုရားကျောင်းတွေမှာ နေရာချထားပေးတယ်။ ဒီလောက်လူအများကြီးအတွက် ကျွန်တော်တို့ အသင့်စီစဥ်ထားတာမရှိတော့ စီမံရတာ အတော်လေး ခက်ခဲနေပါတယ်’’လို့ ကလေးမြို့က ဓမ္မဆရာတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
စစ်အာဏာသိမ်းမှုဖြစ်ပြီးတဲ့နောက် ၂ နှစ်ကျော်ကာလအတွင်းမှာ စစ်တပ်က လေကြောင်းသုံးတိုက်ခိုက်တဲ့အထိ ခမ်းပတ်မြို့မှာ တိုက်ပွဲပြင်းထန်တာ အခုတစ်ကြိမ်က ပထမဆုံးဖြစ်ပါတယ်။
‘‘ကလေးဘက်အထိ မပြေးဘဲ မြို့အနီးအနားမှာ ရှောင်နေတဲ့မိသားစုအချို့ရှိတယ်။ သူတို့ပြောတာတော့ မနေ့(ဇူလိုင် ၂၅)ရက်မှာ မြို့ထဲကနေ မီးခိုးလုံးတွေ နှစ်နေရာ၊ သုံးနေရာလောက်ကနေ တက်လာတယ်တဲ့။ တာယာတွေကို စုပြုံမီးရှို့သလိုမျိုး ကောင်းကင်ကို အူပြီးတက်သွားတာ။ အိမ်မွေးတိရိစ္ဆာန် ကြက်ဝက်တွေလည်း ဒီအတိုင်းပစ်ထားခဲ့ရတယ်။ ဝက်ခြံတွေကို ဒီအတိုင်းပစ်ထားခဲ့ရတော့ အခုဆို ၅ ရက်ထဲ ဝင်လာပြီဆိုတော့ အစာငတ်ပြီးသေကြပြီလားတောင် မသိပါဘူး’’လို့ ခမ်းပတ်မြို့မှာ ကူညီကယ်ရေးလုပ်ပြီး ကလေးမြို့ဆီ တိမ်းရှောင်လာတဲ့ဒေသခံတစ်ဦးကပြောပါတယ်။
တဖက်မှာလည်း အိန္ဒိယဘက်ကို ပြေးတဲ့ခမ်းပတ်စစ်ရှောင်တွေကို မဏိပူရ်ပြည်နယ်အာဏာပိုင်တွေက ပြန်ပို့မယ့်သတင်းတွေနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေလည်းရှိနေပါတယ်။
မဏိပူရ်ပြည်နယ်အစိုးရဟာ စစ်ရှောင်လာတဲ့ မြန်မာဒုက္ခသည်တွေ၊ နိုင်ငံခြားသားအက်ဥပဒေနဲ့ ဖမ်းဆီးခံရတဲ့မြန်မာတွေ ပြန်လွတ်တဲ့အခါ ဒုက္ခသည်စခန်းထူထောင်ပြီး နေရာချထားပေးမယ်ဆိုတဲ့ ကတိကဝတ်ရှိထားချိန်မှာ လက်ရှိပြည်တွင်းမှာတော့ မျိုးနွယ်စုပဋိပက္ခကို အရင်ဖြေရှင်းနေရပါတယ်။
ဒီအခြေအနေကြောင့် ရှိရင်းစွဲကတိတွေ အကောင်အထည်မဖော်နိုင်တဲ့အချိန် ထပ်ရောက်လာတဲ့မြန်မာစစ်ရှောင်တွေကို မြန်မာအာဏာပိုင်တွေဘက်ဆီပြန်လွှဲပြောင်းနိုင်ချေရှိတဲ့ အခြေအနေကို စိုးရိမ်တယ်လို့ အိန္ဒိယ-မြန်မာဆက်ဆံရေးကို စောင့်ကြည့်တဲ့ India for Myanmar အဖွဲ့က ပြောပါတယ်။
‘’သူတို့က ဒီဒုက္ခသည်တွေကို ဒီအချိန်မှာ ပြန်လွှဲမယ်ဆိုရင်လည်း စစ်ကောင်စီဘက်ကိုပဲ လွှဲမှာ။ အဲဒီအတွက် စစ်ရှောင်တွေလုံခြုံရေး ကျွန်တော်တို့စိုးရိမ်တယ်’’လို့ India for Myanmar က ဆလိုင်း ဒိုခါက ပြောပါတယ်။