အစ္စရေး ပါလက်စတိုင်း - ထရမ့်ရဲ့ ဂါဇာ ငြိမ်းချမ်းရေး အစီအစဥ်ထဲ ဘယ်အချက်တွေ ပါဝင်လဲ

ဟားမတ်စ်အဖွဲ့ လက်နက် ဖြုတ်ရမယ်လို့ ပြောထားတဲ့ အမေရိကန် သမ္မတထရမ့်ရဲ့ ဂါဇာ ငြိမ်းချမ်းရေး အစီအစဉ်ပါ အချက်အလက်တွေ အပေါ် ဟားမတ်စ် နိုင်ငံရေး စစ်ရေး ထိပ်တန်း ခေါင်းဆောင်ပိုင်းကသူတွေ ဆန်းစစ်သုံးသပ် နေကြပါတယ်။

အဲဒီလို သုံးသပ်မှုတွေကို ခေါင်းဆောင်တွေကြား ဆက်တိုက် လုပ်ဆောင်နေတာမှာ ရက်တချို့ထိ အချိန် ယူနိုင်တယ်လို့ ပါလက်စတိုင်း သတင်းရင်းမြစ်တွေက ဆိုပါတယ်။

နောက်ဆုံး ဝင်လာတဲ့ သတင်းတွေအရ ဟားမတ်စ်တွေ သူ့ အစီအစဉ်ကို လက်ခံမလား ဆိုတာကို တုံ့ပြန့်ဖို့ ၃ ရက် ကနေ ၄ ရက်အထိပဲ အချိန်ပေးမယ် ဆိုပြီး ထရမ့်က ပြောလာပါတယ်။

တကယ်လို့ ဟားမတ်စ်ဘက်က ငြင်းပယ်ပြီ ဆိုရင် အစ္စရေးဘက်က လိုအပ်သလို လုပ်ဆောင်လာမှာတွေ အပေါ် သူ့အနေနဲ့ အပြည့်အဝ ကျောထောက်နောက်ခံ ပြုပေးမယ် ဆိုပြီးတော့လည်း ထရမ့်က ပြောထားပါတယ်။

အစ္စရေးဝန်ကြီးချုပ်ရဲ့ သဘောထား

ထရမ့်ရဲ့ ဂါဇာငြိမ်းချမ်းရေး အစီအစဉ်ပါ အသေးစိတ် အချက်တွေဟာ စက်တင်ဘာ ၂၉ ရက်နေ့မှာ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ အဲဒီ တစ်နေ့တည်းမှာပဲ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုနဲ့ သမ္မတ ထရမ့် တွေ့ဆုံပါတယ်။

သမ္မတ ထရမ့်ရဲ့ ငြိမ်းချမ်းရေး အစီအစဉ်ကို ဝန်ကြီးချုပ် နေတန်ညာဟုက လက်ခံတယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း ပါလက်စတိုင်း နိုင်ငံ ဆိုပြီး ရှိလာမှာကို အစ္စရေးက ဘယ်တော့မှ သဘောတူ လက်ခံမှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။

သမ္မတထရမ့်ရဲ့ အစီအစဉ် အချက် ၂၀ ထဲမှာလည်း ပါလက်စတိုင်း နိုင်ငံ ထူထောင်မယ့် အချက် မပါဝင်ဘူးလို့ အစ္စရေး ဝန်ကြီးချုပ်က ဆိုပါတယ်။

"ပါလက်စတိုင်း နိုင်ငံ" ဆိုတဲ့ အပေါ် လက်မခံတဲ့ သဘောထားကို အစ္စရေး ဝန်ကြီးချုပ်က သူနဲ့ တွေ့ဆုံတုန်း ထင်ထင်ရှားရှား ပြသခဲ့တယ်လို့ သမ္မတထရမ့်ကလည်း ပြောပါတယ်။

ဒါပေမယ့် သူ့ရဲ့ ငြိမ်းချမ်းရေး အစီအစဉ်ကို ဝန်ကြီးချုပ် နေတန်ညာဟု လက်ခံတာဟာ အစ္စရေး ပြည်သူတွေ အတွက် အင်မတန် ကောင်းမွန်လှတယ်လို့ သမ္မတထရမ့်က ပြောပါတယ်။

"လူတွေဟာ ပုံမှန် ဘဝကို ပြန်လိုချင်နေကြပြီ၊ စစ်မှန်တဲ့ ငြိမ်းချမ်းရေး အရသာကို ခံစားနေချင်ကြပြီ" လို့လည်း ထရမ့်က ပြောပါတယ်။

ဝန်ကြီးချုပ် နေတန်ညာဟုက ထရမ့်ရဲ့ ငြိမ်းချမ်းရေး အစီအစဉ်မှာ ပါလက်စတိုင်း နိုင်ငံ ထူထောင်ရေး ကိစ္စမပါဝင်ဘူးလို့ ဆိုနေပေမယ့် ၁၉ ခုမြောက် အချက် အနေနဲ့ "အကယ်၍သာ အခြေအနေ အကြောင်းခံ အချက်တချို့ကို ပြည့်မှီမယ် ဆိုရင် ပါလက်စတိုင်းတို့ရဲ့ ကိုယ်ပိုင် စီရင် ပြဌာန်းပိုင်ခွင့်နဲ့ နိုင်ငံ ထူထောင်နိုင်မှုဆီ တကယ်တမ်း ဦးတည်သွားနိုင်ရေး" ဆိုတာ ထည့်သွင်းထားပါတယ်။

ဟားမတ်စ်မဟုတ်တဲ့ ပါလက်စတိုင်းတို့နဲ့ အာရပ်ကမ္ဘာရဲ့ သဘောထား

မာမွတ် အာဘတ်စ် ဦးဆောင်တဲ့ ပါလက်စတိုင်း အာဏာပိုင် အဖွဲ့က အိမ်ဖြူတော် ငြိမ်းချမ်းရေး အစီအစဉ်ကို ကြိုဆိုကြောင်း စာထုတ်ပြန်ပါတယ်။

အမေရိကန် အပါအဝင် အရှေ့အလယ်ပိုင်း ဒေသ နိုင်ငံတွေ၊ မိတ်ဖက်တွေနဲ့ အတူ ငြိမ်းချမ်းရေး အတွက် ဆက်လက် ကြိုးပမ်းသွားမယ်လို့လည်း ဆိုပါတယ်။

တလုံးတဝတည်း ပြည့်စုံတဲ့ ငြိမ်းချမ်းရေး သဘောတူမှု ပေါ်ထွန်းလာခြင်းကနေ ဂါဇာ စစ်ပွဲ ရပ်တန့်ပြီး ဂါဇာထဲ လုံလောက်တဲ့ စာနာမှု အကူအညီတွေ ဝင်လာဖို့နဲ့ အကျဉ်းသားတွေ၊ ဓားစာခံတွေ လွတ်မြောက်လာရေးတို့မှာ ပူးပေါင်း ဆောင်ရွက် သွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် သူတို့ရည်မှန်းတာဟာ ခေတ်မီပြီး ဒီမိုကရေစီနည်းကျ၊ စစ်ရေး မလွှမ်းမိုးတဲ့ ပါလက်စတိုင်း နိုင်ငံ ပေါ်ထွန်းလာဖို့ ဖြစ်သလို၊ သူတို့ အနေနဲ့ ဗဟုဝါဒ အပေါ် သက်ဝင်သလို ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းနိုင်ရေး အပေါ်မှာလည်း ယုံကြည်တယ်လို့ ဆိုထားပါတယ်။

အာရပ်ကမ္ဘာက နိုင်ငံတွေ ဖြစ်တဲ့ ဆော်ဒီအာရေဗျ၊ ဂျော်ဒန်၊ အာရပ်စော်ဘွားများ ပြည်ထောင်စု ယူအေအီး၊ ကာတာနဲ့ အီဂျစ် နိုင်ငံတွေက နိုင်ငံခြားရေး ဝန်ကြီးတွေကလည်း ထရမ့်ရဲ့ ဂါဇာ အစီအစဉ်အပေါ် သဘောထား ပူးတွဲ ကြေညာချက် ထုတ်ပြန်ပါတယ်။ (အဲဒီ ကြေညာချက်မှာ တူရကီ၊ ပါကစ္စတန်နဲ့ အင်ဒိုနီးရှားလို မွတ်ဆလင်နိုင်ငံတွေကလည်း ဝင်ရောက် လက်မှတ် ရေးထိုးပါတယ်)

ကြေညာချက်ထဲ ဂါဇာစစ်ပွဲ ရပ်တန့်နိုင်ရေး အမေရိကန်ရဲ့ မဆုတ်မနစ် ကြိုးစားမှု အပေါ် ကြိုဆိုတယ်လို့ ဆိုပါတယ်။ အသိမ်းပိုက်ခံ အနောက်ဘက် ကမ်းခြေဒေသကို အစ္စရေး နယ်မြေတစ်ခု အဖြစ် ဆွဲသွင်းလိုက်မှာကို အမေရိကန် သမ္မတ ထရမ့်က ငြင်းပယ် ကန့်ကွက်ခဲ့တဲ့ အပေါ် မှာလည်း ချီးကျူး ပြောဆိုထားပါတယ်။

သူတို့ အနေနဲ့ နှစ်ပြည်ထောင် ထူထောက်ရေး မူဝါဒ အပေါ် အခြေခံပြီး ငြိမ်းချမ်းရေး တည်ဆောက် လာနိုင်ဖို့ကို မြင်တွေ့လိုပြီး၊ ပါလက်စတိုင်း နိုင်ငံကို ဂါဇာနဲ့ အနောက်ဘက်ကမ်းခြေ ဒေသတို့ အပြည့်အဝ ပေါင်းစည်းလို့ ထူထောင်လာ နိုင်ဖို့လည်း လိုလားကြောင်း ဆိုထားပါတယ်။

ထရမ့်ရဲ့ ငြိမ်းချမ်းရေး အစီအစဉ်ပါ အဓိက အချက်များ

  • စစ်ရေးလုပ်ဆောင်မှုတွေ ချက်ခြင်းရပ်တန့်
  • ပြီးရင် ၇၂ နာရီ အတွင်း ဟားမတ်စ်လက်ထဲ အသက်ရှင်လျက် ရှိနေဆဲ လက်ကျန် ဓားစာခံ အယောက် ၂၀ နဲ့ သေဆုံးနှင့်ပြီးလို့ ယူဆရတဲ့ လူ နှစ်ဒါဇင်ကျော်ရဲ့ ရုပ်အလောင်းတွေကို ပြန်လွှဲပေး
  • အစ္စရေးဘက်ကလည်း အပြန်အလှန် ရာနဲ့ချီတဲ့ ပါလက်စတိုင်း အကျဉ်းသားတွေ၊ လက်ထဲရှိနေတဲ့ ဂါဇာဒေသခံတွေရဲ့ ရုပ်အလောင်းတွေကို ပြန်လွှဲပေး
  • ဟားမတ်စ် အဖွဲ့ လက်နက်ချ၊ အနာဂတ် ဂါဇာ အုပ်ချုပ်ရေးမှာလည်း ပါဝင်ခွင့် မရှိ
  • နှစ်ဘက်သဘောတူပြီဆို ဂါဇာကမ်းမြှောင်ထဲ စာနာမှု အကူအညီတွေ အပြည့်အဝ ပေးတာကို ချက်ခြင်းလုပ်
  • ဂါဇာကမ်းမြှောင် အုပ်ချုပ်ရေးကို အဆင့် နှစ်ဆင့်ထား၊ နိုင်ငံရေး ဘက်မရှိတဲ့ တက်ကနိုကရက် ပညာရှင် ပါလက်စတိုင်း တွေနဲ့ ကော်မတီ ဖွဲ့ပြီး အုပ်ချုပ်၊ အဲဒီ ကော်မတီ အပေါ်မှာ ထရမ့် ကိုယ်တိုင် ဦးဆောင်တဲ့ နိုင်ငံတကာ ငြိမ်းချမ်းရေး ဘုဒ် အဖွဲ့က စောင့်ကြည့်မယ်၊ ဘုဒ် အဖွဲ့ထဲ ယူကေ ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲ အပါအဝင် တခြား ခေါင်းဆောင်တွေကို ထည့်သွင်းမယ်
  • အခု အစီအစဉ်ဟာ အနာဂတ် ပါလက်စတိုင်း နိုင်ငံ ပေါ်ထွန်းလာနိုင်ရေးကို လမ်းဖွင့်ထားမယ်

ဂါဇာထဲက မြေပြင် အခြေအနေ

ဂါဇာထဲ အစ္စရေး စစ်တပ်က စစ်ရေး ဖော်ဆောင်နေဆဲ ဖြစ်ပါတယ်။ ဒီ အခြေအနေတွေကြားမှာပဲ ထရမ့်ရဲ့ ငြိမ်းချမ်းရေး အစီအစဥ် ပေါ်ထွက်လာတဲ့ နေ့မှာပဲ ကယ်ဆယ်ရေးနဲ့ စာနာမှု အထောက်အပံ့ ထရပ်ကားတွေ ရာနဲ့ချီပြီး ဂါဇာထဲ ဝင်လာပါတယ်။

ဂါဇာအလယ်ပိုင်း နူဆီရတ် အရပ်က လာတဲ့ ဓာတ်ပုံတွေအရ အကူအညီ ပစ္စည်းတွေ ဖြန့်ဝေတဲ့ နေရာတွေ အနီး လူအုပ်ကြီးတွေ စုဝေးနေကြပါတယ်။ အဲဒီ ဖြန့်ဝေရေး နေရာတွေကို အမေရိကန် ဂါဇာ စာနာမှု ဖောင်ဒေးရှင်းအဖွဲ့က စီမံ ကိုင်တွယ်နေပါတယ်။

ဂါဇာစီးတီးမှာတော့ အစ္စရေး စစ်တပ်က ကြဲချတဲ့ အဖြူရောင် စာရွက်တွေ ကောင်းကင်ကနေ ကျလာပါတယ်။ အဲဒီ စာရွက်တွေဟာ ဂါဇာစီးတီး မြို့ခံတွေ ထွက်သွားကြဖို့ ပြောထားတာ ဖြစ်ပါတယ်။

အခုဆိုရင် အစ္စရေး စစ်တပ်ရဲ့ မြေပြင်ထိုးစစ်ဟာ ဂါဇာစီးတီးကို အဓိက အာရုံစိုက်နေတာ ဖြစ်ပြီး အရှိန် လျော့ကျ မသွားသေးပါဘူး။ ဂါဇာစီးတီးဟာ ဟားမတ်စ်တွေရဲ့ နောက်ဆုံးလက်ကျန် ခြေကုပ်မြို့ ဖြစ်တယ် ဆိုပြီး အစ္စရေး စစ်တပ်က ယူဆထားပါတယ်။