တစ်တော့ပေါ် ပစ်မှတ်ထားခံရမှု - ရှင်သန်ချင်စိတ်ပျောက်တဲ့အထိဖြစ်ရတဲ့ဘင်္ဂလားဒေ့ရှ်အမျိုးသမီးတွေ

ဆူလ်တာနာ(အမည်လွှဲ)ဟာ အနိုင်ကျင့်ခံရတာတွေကိုကျော်လွှားဖို့ ပြင်းထန်တဲ့ကုသမှုခံယူခဲ့ပေမခဲ့ပေမယ့် သူမခံစားနေရတဲ့ PTSDကို ပြန်ဆွပေးနေသလိုဖြစ်နေတယ်လို့ ပြောပါတယ်

ဓာတ်ပုံ ရင်းမြစ်, SULTANA

ဓာတ်ပုံ ပုံစာ, ဆူလ်တာနာ(အမည်လွှဲ)ဟာ အွန်လိုင်းပေါ်မှာ ပစ်မှတ်ထားပြောဆိုခံရတာကို ကျော်လွှားနိုင်ဖို့ ကုသမှုခံယူခဲ့ပေမယ့် သူခံစားနေရတဲ့ PTSD ကို ပြန်ဆွပေးနေသလိုဖြစ်နေတယ်လို့ ပြောပါတယ်
    • ရေးသားသူ, ထရေစီ ဟစ်ဂင်းစ်
    • ရာထူးတာဝန်, ဘီဘီစီ မစ်လန့်စ် စုံစမ်းထောက်လှမ်းရေးသားအဖွဲ့

ဗြိတိန်မှာရှိတဲ့ ဘင်္ဂလားဒေ့ရှ်အသိုင်းဝိုင်းက အမျိုးသမီးတွေဟာ တစ်တော့ပေါ်က မခံချိမခံသာအောင် ဖော်ပြထိုးနှက်မှုတစ်ခုကြောင့် သူတို့ဘဝတွေ ပျက်စီးခဲ့ရတယ်ဆိုတာ ဘီဘီစီရဲ့လေ့လာစုံစမ်းမှုကနေ တွေ့ရှိခဲ့ရပါတယ်။

သူတို့ခြိမ်းခြောက်စော်ကားခံရတာတွေကို ဗြိတိန်နဲ့ ပြင်သစ်က ရဲတွေအပြင် လူမှုကွန်ရက်ကုမ္ပဏီတွေဆီတိုင်ကြားခဲ့ပေမဲ့ ရပ်တန့်သွားအောင် တစ်စုံတရာအရေးယူဆောင်ရွက်ခြင်းမရှိတာကြောင့် အကြီးအကျယ်စိတ်ပျက်အားလျော့ရပြီး သတ်သေချင်လောက်တဲ့အထိ ခံစားရတယ်လို့ အများစုက ပြောကြပါတယ်။

“ကျွန်မအတွက်တော့ မိုးပြိုတာသလိုပါပဲ။ အိပ်မရ စားမရနဲ့ မျက်ရည်နဲ့မျက်ခွက်ပဲ။”

“ဒီမှာ ဆက်လည်းမနေချင်တော့ဘူး”

ဆူလ်တာနာ(အမည်လွှဲ)ဟာ ဗြိတိန်က ရော့ခ်ရှိုင်းယားအရပ်မှာနေသူဖြစ်ပါတယ်။ အမျိုးသမီးတွေကိုနှိမ်ချဆက်ဆံတာနဲ့ အဆိပ်တောက်ဖြစ်နေတဲ့လူမှုဆက်ဆံရေးတွေလို အကြောင်းအရာတွေကို ထုတ်ဖော်ပြောဆိုဖို့ တစ်တော့ကို သူသုံးခဲ့ပါတယ်။

တစ်တော့မှာ အမျိုးသားတစ်ယောက်က ပစ်မှတ်ထားခံနေရတဲ့သူငယ်ချင်းကို ကာကွယ်ပြောဆိုပေးရင်းနဲ့ သူကိုယ်တိုင်လည်း တစ်တော့ပေါ်မှာ မခံချိမခံသာအောင် ဖော်ပြထိုးနှက်ခံရသူတစ်ယောက် ဖြစ်ခဲ့ရတယ်လို့ ပြောပါတယ်။

သတိပေးချက် - ဒီဆောင်းပါးမှာ စာဖတ်သူတွေစိတ်အနှောင့်အယှက်ဖြစ်နိုင်တဲ့ အသေးစိတ်အချက်လက်ရေးသားဖော်ပြချက်တွေပါဝင်ပါတယ်။

ဆူလ်တာနာကို တစ်တော့မှာ သိတဲ့သူတွေကနေ အဲဒီအမျိုးသားတင်ထားတဲ့ရုပ်သံတွေကြည့်ပြီးပြီလားလို့ လာမေးတဲ့အချိန်က သူမအလုပ်မှာပဲ ရှိနေခဲ့ပါတယ်။

“လူတွေက အဲဒီပို့စ်အောက်မှာ မှတ်ချက်တွေပေးကြ၊ ကျွန်မကို လှောင်ကြ၊ ပြောင်ကြပေါ့” လို့ သူမကပြောပါတယ်။

သူမ ဒီလိုအရှက်ရအောင်လုပ်ခံနေရတာက အချိန် နှစ်နှစ်လောက်ထိ ပေါ်လိုက်ပျောက်လိုက်နဲ့ဖြစ်နေခဲ့ပြီး ဒီသံသရာက လွတ်ကိုမလွတ်နိုင်ဘူးလို့ ပြောပါတယ်။

“ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာအဆင်ပြေဖို့ အတော်ရုန်းကန်ခဲ့ရတယ်။ ကျွန်မရဲ့စိတ်ဒဏ်ရာ(PTSD)ကို ပြန်ပြန်ဆွပေးနေသလိုဖြစ်နေတော့ ဒါကိုတော်တော်လေးကုခဲ့ရတယ်”လို့ သူမကပြောပါတယ်။

“ငါကြိုးစားလုပ်ခဲ့သမျှလည်း သဲထဲရေသွန်ဖြစ်ပြီလို့ ခံစားခဲ့ရတယ်”

ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ဟာဆန်စာရက်ဒ်ဟာ ယူကေမှာရှိတဲ့ အမျိုးသမီးများစွာကို အရှက်ရအောင် ပစ်မှတ်ထား နှောင့်ယှက်ခဲ့ပါတယ်

ဓာတ်ပုံ ရင်းမြစ်, TIKTOK

ဓာတ်ပုံ ပုံစာ, ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ဟာဆန် ဆာရက်ဒ်(တစ်တော့ဗီဒီယိုရုပ်သံမှာမြင်ရတဲ့သူ)ဟာ ဗြိတိန်က ဘင်္ဂလားဒေ့ရှ် အမျိုးသမီးများစွာကို အရှက်ရအောင်ပစ်မှတ်ထားနှောင့်ယှက်ခဲ့ပါတယ်
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ယူကေမှာရှိတဲ့ ဘင်္ဂလားဒေ့ရှ်အသိုင်းအဝိုင်း အထူးသဖြင့် အမျိုးသမီးတွေကြားမှာ တစ်တော့က အ‌တော်လေး နေရာယူထားတာပါ။

ထုံးစံအရ ရှေးရိုးစွဲအသိုင်းဝိုင်းထဲက သူတို့အတွက် လူမှုကွန်ရက်ဖြစ်တဲ့တစ်တော့ဟာ သူတို့ကြုံရတာတွေ ဖွင့်အံထုတ်ဖို့ နေရာတစ်ခုဖြစ်နေပါတယ်။

ဒါပေမဲ့ အခွင့်အရေးချိုးဖောက်ခံရတဲ့အမျိုးသမီးတွေရဲ့အပြောအရဆိုရင် သူတို့ရဲ့လူမှုအသိုင်းအဝိုင်းထဲကအမျိုးသားတွေဟာ အမျိုးသမီးတွေက သူတို့ရဲ့အမြင်တွေကို အွန်လိုင်းပေါ်မှာ ထုတ်ပြောကြတဲ့အခါ အဲဒီလိုပြောဆိုမှုတွေ တိတ်သွားအောင်လုပ်ကြပုံမျိုးလည်း ပေါ်နေပါတယ်။

ဆူလ်တာနာနဲ့တခြားလူတွေကို တစ်တော့မှာ မခံချိမခံသာအောင်ပစ်မှတ်ထားပြီးပြောဆိုနေသူက တစ်တော့ပရိသတ် သိန်းချီရှိတဲ့ ဟာဆန် ဆာရက်ဒ်လို့ခေါ်တဲ့ ပါရီမြို့ဆင်ခြေဖုံးက ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတစ်ယောက်ဖြစ်တယ်လို့ သူ့ရဲ့ပြောဆို တိုက်ခိုက်မှုကိုခံရတဲ့အမျိုးသမီးတွေက ဘီဘီစီကို ပြောပြပါတယ်။

လူမှုကွန်ရက်‌‌ပေါ်က ပုဂ္ဂိုလ်ရေးအချက်အလက်နဲ့ ဓာတ်ပုံတွေကိုခိုးယူပြီးတော့ နောက်ခံတွေကို ခရိုမာဖောက် ပြောင်းလဲထားတဲ့ဗီဒီယိုတွေနဲ့ လူတွေစိတ်ဆင်းရဲဒုက္ခရောက်အောင် သူလုပ်ပါတယ်။

ပြီးရင်တော့ မစ္စတာဆာရက်ဒ်က တစ်တော့မှာ ဒီလူတွေရဲ့ပုံပန်းသွင်ပြင်ကို ဟာသလုပ် တိုက်ရိုက် ထုတ်လွှင့်တာရှိသလို တစ်ခါတလေဆိုရင် မုဒိမ်းကျင့်မယ်၊ သတ်ပစ်မယ်ဆိုတဲ့ ခြိမ်းခြောက်တာတွေလည်း လုပ်ပါတယ်။

ဘီဘီစီက သူ့ကို အီးမေးလ်နဲ့ကော ဖုန်းနဲ့ကော ဆက်သွယ်ခဲ့ပေမယ့် အကြောင်းပြန်ကြားခြင်းမရှိပါဘူး။

ယူကေမှာရှိတဲ့ ဘင်္ဂလားဒေ့ရှ်အသိုင်းအဝိုင်းကြားမှာ တစ်တော့က အ‌တော်လေး နေရာယူထားပါတယ်

ဓာတ်ပုံ ရင်းမြစ်, GETTY IMAGES

ဓာတ်ပုံ ပုံစာ, ယူကေမှာရှိတဲ့ ဘင်္ဂလားဒေ့ရှ်အသိုင်းအဝိုင်းကြားမှာ တစ်တော့က အ‌တော်လေး နေရာယူထားပါတယ်

အဆင့်မြင့်ပညာရေးမှာအလုပ်လုပ်နေတဲ့ မတ်စုမာဟာ ဝေလပြည်နယ်မှာ သူမမိသားစုနဲ့အတူနေရင်း တစ်တော့မှာလည်း အချက်အပြုတ်အကြောင်း တိုက်ရိုက်ထုတ်လွှင့်တာသလို ဆိုင်တစ်ဆိုင်လည်းဖွင့်ထားပါတယ်။

တစ်ရက် သူမတိုက်ရိုက်ထုတ်လွှင့်နေတုန်းမှာ မစ္စတာဆာရက်ဒ်ပေါ်လာပြီးတော့ သူ့ကိုဒီအစီစဉ်ထဲဧည့်သည်အနေနဲ့ ထည့်ပေးဖို့ပြောပါတော့တယ်။ သူ ငြင်းတော့ ကြိုးဆွဲချသတ်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။

မတ်စုမာက ဒီအမျိုးသားရဲ့တစ်တော့ ပြုတ်ကျအောင်ဝိုင်းကူ ရီပို့(တိုင်ကြား)ပေးကြဖို့ လူတွေကိုတိုက်တွန်းတဲ့ရုပ်သံတစ်ခုတင်ခဲ့ပြီးနောက်မှာ သူမလည်း ပစ်မှတ်ထားခံလာရ ပါတော့တယ်။

“သူက ကျွန်မလိင်လုပ်သားလုပ်ဖူးပါတယ်ဆိုပြီး ဗီဒီယိုတွေ ဖန်တီးခံရတယ်လေ”လို့ သူမက ပြောပါတယ်။

သူမရဲ့တစ်တော့ပရိသတ်တွေ ဝိုင်းကူကြလို့ နောက်ဆုံးမှာ ဒီဗီဒီယိုဖြုတ်ချခံလိုက်ရပေမဲ့ သူမရဲ့ဘဝပုံရိပ်တော့ ပျက်စီးခဲ့ရတယ်လို့ သူမက ပြောပါတယ်။

“အ‌တော်လေး ဂယက်ထခဲ့တာ။ ကျွန်မစိတ်တွေ မတရားပူပန်ပြီးတော့ ကျွန်မရဲ့ဓာတ်ပုံတွေ၊ လုပ်ငန်းသုံးဖုန်းနံပါတ် အကုန်ဖြုတ်ချပြီးတော့ တိုက်ရိုက်ထုတ်လွှင့်တာတွေလည်း နည်းနည်းပဲလုပ်တော့တယ်” လို့ သူမက ပြောပါတယ်။

“ကျွန်မဆီကို မတော်တရော်တွေပြောဖို့ ခေါ်လာတဲ့ဖုန်းတွေနဲ့ ကျောင်းသားတွေကနေ နားရှက်စရာ မေးမြန်း လာတာတွေကို ရင်ဆိုင်ခဲ့ရတယ်။”

“သက်သေခိုင်ခိုင်မာမာနဲ့ကို ရဲတိုင်ခဲ့ပေမဲ့ သူတို့ကလည်း ဘာမှ ထိထိရောက်ရောက် အရေးယူပေးနိုင်တာမရှိတော့ ကူကယ်ရာမဲ့သလိုခံစားရတယ်”

အဲဒီအမျိုးသားရဲ့လုပ်ရပ်တွေ ရပ်သွားအောင် ကြိုးစားခဲ့တဲ့ ကမ်ရူးလ်အစ္စလာမ်၊ သူ့ဇနီးနဲ့ မိသားစုဟာလည်း ပစ်မှတ်တွေဖြစ်လာပါတယ်
ဓာတ်ပုံ ပုံစာ, အဲဒီအမျိုးသားရဲ့လုပ်ရပ်တွေ ရပ်သွားအောင် ကြိုးစားခဲ့တဲ့ ကမ်ရူးလ်အစ္စလာမ်၊ သူ့ဇနီးနဲ့ မိသားစုဟာလည်း ပစ်မှတ်တွေဖြစ်လာပါတယ်

ကမ်ရူးလ် အစ္စလာမ် တစ်ယောက် တစ်တော့ပေါ် မခံချိ မခံသာအောင်ပြောဆိုတိုက်ခိုက်မှုတွေအကြောင်း သိလာတာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ရောက်မှဖြစ်ပါတယ်။ မစ္စတာဆာရက်ဒ်ရဲ့တစ်တော့ထဲကို ဝင်ကြည့်လိုက်တော့မှ သူအဲဒီအခြေအနေကို သိခဲ့တာပါ။ အဲဒီမှာ သူမြင်ခဲ့ရတာတွေကို သူအတော်လေး ထိတ်လန့်သွားခဲ့ပါတယ်။

“တွေ့တွေ့ချင်း အဲဒီဗီဒီယိုတွေကို အတုတွေလို့ ထင်ခဲ့တာ။ နောက်မှ သူငယ်ချင်းတွေပြောပြမှ မစ္စတာဆာရက်ဒ်ဟာ ဗြိတိန်ကလူတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာ နှစ်အတော်ကြာပြီဆိုတာသိရပါတယ်” လို့ သူကပြောပါတယ်။

စတက်ဖော့ရှိုင်းယာအရပ်မှာ ဇနီး၊ ကလေးငယ် ၂ယောက်တို့နဲ့အတူနေနေတဲ့ မစ္စတာအစ္စလာမ်က “မစ္စတာဆာရက်ဒ်က တစ်တော့မှာ ပရိသတ်တွေအများကြီးရှိတယ်။ လူတွေက သူ့ကို သွားထိလို့ မရဘူးလို့ လူတွေက ထင်ကြတယ်”

“ရှေးရိုးစွဲလွန်းတဲ့ ဘင်္ဂလားဒေ့ရှ်အသိုင်းဝိုင်းထဲက မိသားစုတွေအတွက်ကတော့ ဒီဗီဒီယိုတွေက အရှက်ရစရာကြီးဖြစ်သလို ကြောက်လန့်စရာကြီးဖြစ်လာစေတယ်။ ဒါကိုရပ်သွားအောင် တစ်ခုခုလုပ်သင့်ပြီလို့ ကျွန်တော်သိလိုက်တယ်”လို့ သူကပြောပါတယ်။

‘‘မျက်လုံးတွေ မို့အစ်တဲ့အထိငိုမိခဲ့တယ်’’

မစ္စတာအစ္စလာမ်က မစ္စတာဆာရက်ဒ်ကို ရပ်တန်းကရပ်ဖို့ အွန်လိုင်းက သွားပြောခဲ့ပါတယ်။ ဒါပေမဲ့ ချက်ချင်းဆိုသလိုပဲ သူနဲ့သူ့မိသားစုဟာ တိုက်ခိုက်ခံရတော့မယ့်စာရင်းထဲ ရောက်သွားပါတော့တယ်။

“ကျွန်တော့်ရဲ့ အင်စတာဂရမ်အကောင့်ကနေ ကျွန်တော့်သားပုံတွေ(အဲဒီတုန်းက အသက် ၁ နှစ်သာရှိသေးတဲ့အရွယ်)၊ အမေနဲ့ မိန်းမပုံတွေကိုယူပြီး ဗီဒီယိုလုပ်တယ်။ ပြီးတော့ သူတို့ကို မုဒိမ်းကျင့်မယ်လို့လည်း ပေါ်တင်ပဲခြိမ်းခြောက်ခဲ့တယ်” လို့ သူက ပြောပါတယ်။

အဲဒီအချိန်တုန်းက သူ့မိန်းမ ရတ်ခ်သန်ဟာ ဒုတိယကလေး ကိုယ်ဝန် ၇လကို လွယ်ထားရချိန်ဖြစ်ပါတယ်။ သူက ဇနီးဖြစ်သူကိုအကုန်ပြောပြတိုင်ပင်ပြီးတော့ ရဲကိုတိုင်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

“ကျွန်မအတော်လေးစိတ်ဖိစီးခဲ့ရတာ။ ကျွန်မမှာ မျက်လုံးတွေ မို့အစ်တဲ့အထိငိုမိခဲ့တယ်။ မစ္စတာ ဆာရက်ဒ် ပရိသတ်တွေက ဗြိတိန်မှာ အများကြီးဆိုတော့ ကြောက်လည်းကြောက်တယ်လေ” လို့ သူ့ဇနီးက ပြောပါတယ်။

“ကျွန်မက လမ်းလျှောက်ရတာကြိုက်တယ်။ ကလေးကိုကျောင်းပို့ပြီးရင် လမ်းလေးဘာလေး ထွက်လျှောက်နေကျ။ သူ့ပရိသတ်တွေက ကျွန်မတို့မိသားစုကို ထိခိုက်အောင်လုပ်မယ်တွေပြောကြတော့ အပြင်လည်းမထွက်ရဲတော့ဘူး”

“စိတ်ကျန်းမာရေးထိခိုက်လာတော့ အလုပ်လည်းမလုပ်နိုင်တော့ဘူး။ ညအိပ်မပျော်တာခုထိဖြစ်နေတုန်းပဲ”

မစ္စတာစာရက်ဒ်တင်လိုက်တဲ့ပို့စ်တွေကြောင့် သူမမှာကြောက်လန့်ပြီးအိမ်ပြင်တောင်မထွက်ရဲဘူးလို့ ရတ်ခ်သန်အစ္စလာမ်ကပြောပါတယ်
ဓာတ်ပုံ ပုံစာ, မစ္စတာ ဆာရက်ဒ် တင်လိုက်တဲ့ပို့စ်တွေကြောင့် သူမမှာကြောက်လန့်ပြီး အိမ်ပြင်တောင်မထွက်ရဲဘူးလို့ ရတ်ခ်သန် အစ္စလာမ်က ပြောပါတယ်

မစ္စတာဆာရက်ဒ်ကို စတက်ဖို့ရှိုင်းယားရဲစခန်းမှာ တိုင်ပြီးတော့ ကလေးနှစ်ယောက်ဖခင် မစ္စတာအစ္စလာမ်ဟာ ဗီဒီယိုတွေ တစ်တော့က ဖြုတ်ချအောင် အကြောင်းကြားတာတွေ လုပ်ရပါတော့တယ်။

တစ်တော့ကနေ သူတို့ရဲ့လူမှုအသိုင်းဝိုင်း စံသတ်မှတ်ချက်တွေကို “ချိုးဖောက်ခြင်းလုံးဝမရှိဘူး”လို့ အကြောင်းပြန်လာတဲ့အခါမှာ အတော်လေးအံ့သြတုန်လှုပ်ခဲ့ရတယ်လို့ သူကပြောပါတယ်။

အဲဒီနောက်တော့ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလမှာ မစ္စတာအစ္စလာမ်က ပါရီမှာရှိတဲ့ ဗြိတိသျှသံရုံးဆီကို အကူညီပေးဖို့ လှမ်းဆက်သွယ်ခဲ့ပါတယ်။ သံရုံးက အင်္ဂလိပ်စကားပြောနိုင်တဲ့ ပြင်သစ်ရှေ့နေ မတ်သရူးခွဇတ်နဲ့ ချိတ်ဆက်ပေးခဲ့ပါတယ်။

မစ္စတာခွဇတ်က မစ္စတာဆာရက်ဒ်ကို အရွယ်ရောက်သူနဲ့ကလေးတစ်ယောက်ကို အကြမ်းဖက် အဓမ္မပြုကျင့်မယ်လို့ အကြိမ်ကြိမ်ခြိမ်းခြောက်မှု၊ က‌လေးသူငယ်အပေါ် လိင်ညစ်ညမ်းမှု၊ ဆိုက်ဘာခြိမ်းခြောက်မှုဆိုတဲ့ ပြင်သစ်ဥပဒေမှာ ပြင်းထန်တဲ့ပြစ်မှု ၃ ခုကို ကျူးလွန်တယ် စွပ်စွဲပြီး ပါရီက အစိုးရရှေ့နေရုံးကို တိုင်တန်းပါတယ်။

ဒါပေမယ့် ဒီအမှု‌နောက်ဆုံးအခြေနေ ဘယ်လိုရှိတယ်ဆိုတာ ဘာမှမသိရသေးဘူးလို့ပြောသလို သူ့ရှေ့နေ မစ္စတာခွဇတ်ကလည်း ဒီအမှုပြီးဖို့က အချိန်ကြာနိုင်တယ်လို့ပြောကြောင်း မစ္စတာအစ္စလာမ်ကပြောပါတယ်။

“ပြင်သစ်တရားရေးစနစ်မှာက တရားရေးဝန်ထမ်းက နည်းလည်းနည်းသလို အသုံးစရိတ်လည်း အကန့်သတ်ရှိတယ်လို့ ” သူက ထပ်မံဖြည့်စွက်ပြောပါတယ်။

“ပြင်သစ်တရားရေးစနစ်မှာ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးဆိုတာပါပေမဲ့ အွန်လိုင်းကနေ ရိုင်းစိုင်းတဲ့ပို့စ်တွေနဲ့ ခြိမ်းခြောက်နေရင်တောင် ဒါတွေကို အွန်လိုင်းကဖြုတ်ချဖို့ဆိုတာ ပြင်သစ်မှာမဖြစ်နိုင်သလောက်ပဲ”

ဘီဘီစီကို သူနောက်ထပ်ပြောသေးတာက “ပြင်သစ်မှာ အစ္စလာမ်ကြောက်ရောဂါကလည်း တော်တော်များများရှိတယ်။ ဆိုတော့ ကမ်ရူးလ်ဆိုတဲ့ ကျွန်တော့်နာမည်ရဲ့ အနောက်က အစ္စလာမ်ဆိုတဲ့နာမည်က ဒီအမှုကို အတားဆီးဖြစ်စေတာလည်း ဖြစ်နိုင်တာပဲ”

ဘီဘီစီက ပါရီဗဟိုရဲစခန်းနဲ့ ဗာဆိုင်းက တရားရုံးတွေကို အမှုရဲ့နောက်ဆုံးအခြေနေကိုမေးမြန်းဖို့ ဆက်သွယ်ခဲ့ပေမဲ့ အကြောင်းပြန်ကြားခြင်းမရှိပါဘူး။

မစ္စတာစာရက်ဒ်ဟာ ပြင်သစ်မှာ အခြေစိုက်တာဖြစ်တဲ့အတွက် ပြင်သစ်ရှေ့နေ မတ်သရူးခွဇတ်က မစ္စတာအစ္စလာမ်အမှုကို ပြင်သစ်မှာတရားစွဲတတင်ခဲ့ပါတယ်

ဓာတ်ပုံ ရင်းမြစ်, MATHIEU CROIZET

ဓာတ်ပုံ ပုံစာ, မစ္စတာဆာရက်ဒ်ဟာ ပြင်သစ်မှာ အခြေစိုက်တာဖြစ်တဲ့အတွက် ပြင်သစ်ရှေ့နေ မတ်သရူး ခွဇတ်က မစ္စတာအစ္စလာမ်အမှုကို ပြင်သစ်မှာ တရားစွဲတင်ခဲ့ပါတယ်

မစ္စတာအစ္စလာမ်လည်း အခုလိုဖြစ်ရပ်မျိုးပဲ စတက်ဖို့ရှိုင်းယားမှာ ရဲစခန်းတိုင်ပြီးတဲ့နောက်ပိုင်းကြုံခဲ့ရပါတယ်။ သူ့တိုင်ကြားချက်ကို အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့(အင်တာပိုလ်)ကို မပို့ခင်အချိန် ၂ လခွဲ‌လောက် ယူခဲ့ပါတယ်။

မစ္စတာ အစ္စလာမ်ဘက်က တိုင်တန်းချက်ကို ဘယ်လိုကိုင်တယ်ဖြေရှင်းမယ်ဆိုတာကို အင်တာပိုရဲ့ ပရော်ဖက်ရှင်နယ်စံနှုန်းဆိုင်ရာအဖွဲ့က သုံးသပ်ခဲ့ပါတယ်။ ဒါပေမဲ့ ဘာအရေးယူမှုမှ မလုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

အဲ့ဒီအချိန် အတောတွင်းမှာလည်း မစ္စတာဆာရက်ဒ်က မစ္စတာအစ္စလာမ်မိသားစုဗီဒီယိုတွေကို ယူကျူ့၊ ဖေ့ဘုတ်နဲ့ တစ်တော့တို့ မှာ တင်မြဲတင်နေဆဲပါပဲ။

ဒီပို့စ်တွေဖြုတ်ချဖို့ ကလေးနှစ်ယောက်ဖခင် မစ္စတာအစ္စလာမ်ရဲ့တောင်းဆိုမှုတွေ အရေးလုပ်မခံရပေမဲ့ မစ္စတာအစ္စလာမ်ကတော့ လုံးဝလက်မလျှော့ခဲ့ပါဘူး။

၂၀၂၃ ခုနှစ်၊ ဧပြီလမှာတော့ သူ သတင်းအချက်လက်ဆိုင်ရာမဟာမင်းကြီးရုံး(ICO)ကို ဆက်သွယ်ခဲ့ချိန်မှာ အရေးယူမှုတွေ စတင်ခဲ့ပါတော့တယ်။

ICO က ဗီဒီယိုတွေကို ဘာသာပြန်ကြည့်ရှုပြီးတဲ့နောက် ဒီဗီဒီယိုတွေဟာ အင်မတန်မှ စိုးရိမ်စရာကောင်းပြီး ဆိုရှယ်မီဒီယာကုမ္ပဏီတွေက ဒါတွေကို ဖယ်ရှားဖို့ ထုတ်ပစ်ဖို့ ငြင်းဆိုမှုနဲ့ ဆန့်ကျင်တဲ့သဘောထားရှိခဲ့ပါတယ်။

ICO က ဗီဒီယိုတွေမှာ ကလေးရဲ့ပုဂ္ဂိုလ်ရေး အချက်လက်အသုံးပြုတာကို မီးမောင်းထိုးပြပြီးတော့ အဲဒီဗီဒီယိုတွေကို ၇ ရက်အတွင်း ဖယ်ရှားဖို့ တစ်တော့၊ ဖေ့ဘုတ်နဲ့ ယူကျု့တို့ကို အမိန့်ထုတ်ခဲ့ပါတယ်။

“သူတို့အရမ်းတော်တယ်”လို့ မစ္စတာအစ္စလာမ်က ပြောပါတယ်။ “ကျွန်တော့်ကို သူတို့တစ်ဖွဲ့တည်းကပဲ အများဆုံးကူညီခဲ့တာ”

ပုဂ္ဂိုလ်အရေးအချက်အလက်အသုံးပြုမှုနဲ့ပတ်သတ်လို့ စိုးရိမ်မှုတွေရှိလာပြီဆိုရင် “သက်ဆိုင်ရာ အဖွဲ့စည်းတွေအနေနဲ့ ဒီတိုင်ကြားချက်တွေအပေါ် အလေးအနက်ထားပြီး စုံစမ်းစစ်ဆေးဖော်ထုတ်ဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်”လို့ ICOရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

မစ္စတာ အစ္စလာမ်က သတင်းအချက်လက်ဆိုင်ရာ ကိုယ်စားလှယ်ရုံး(ICO)ကိုသွားတိုင်မှပဲ ဆိုရှယ်မီဒီယာလုပ်ငန်းတွေက ပို့စ်တွေကိုဖြတ်ပေးခဲ့ပါတယ်
ဓာတ်ပုံ ပုံစာ, မစ္စတာ အစ္စလာမ်က သတင်းအချက်လက်ဆိုင်ရာ ကိုယ်စားလှယ်ရုံး(ICO)ကိုသွားတိုင်မှပဲ ဆိုရှယ်မီဒီယာလုပ်ငန်းတွေက ပို့စ်တွေကိုဖြတ်ပေးခဲ့ပါတယ်

ဒီအမှုနဲ့ပတ်သတ်တဲ့ထုတ်ပြန်ချက်မှာ တစ်တော့က သူတို့လူမှုစံလမ်းညွှန်ချက်တွေကို ချိုးဖောက်တဲ့ ဗီဒီယိုနဲ့အကောင့်တွေကို ပိတ်ပင်လိုက်ပြီလို့ ပြောထားပါတယ်။ တစ်တော့က ဒီလိုအပြုမူတွေကို ဆန့်ကျင်တာကို ပိုတိုးမြှင့်လုပ်ဆောင်သွားမယ်လို့လည်းဆိုပါတယ်။

ယူကျူ့ ပြောရေးဆိုခွင့်ရှိသူတစ်ယောက်ကလည်း နှောင့်ယှက်တာနဲ့ ဆိုက်ဘာခြိမ်းခြောက်မှုတွေကို ခွင့်မပြုထားဘူးဆိုတာနဲ့ မစ္စတာဆာရက်ဒ်သုံးတဲ့ချန်နယ်လ်ကိုလည်း အပြီးတိုင်ထုတ်ပယ်လိုက်ပြီဖြစ်တယ်လို့ ပြောပါတယ်။

စုံစမ်းစစ်ဆေးမှုတစ်ခုလုပ်ဆောင်ပြီးတဲ့နောက်မှာ မစ္စတာဆာရက်ဒ်တင်ခဲ့တဲ့ပို့စ်တွေကို ဖယ်ရှားလိုက်ပြီး သူ့ရဲ့ ဖေ့ဘုတ်စာမျက်နှာကိုလည်း ပိတ်လိုက်ပြီလို့ ‌ဖေ့ဘုတ်ရဲ့ မက်တာ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။

“ကျွန်တော်တို့ရဲ့ စည်းမျဥ်း စည်းကမ်တွေကို လေးစားလိုက်နာအောင်ဆောင်ရွက်ချက်တွေက ပြီးပြည့်စုံတာတော့မရှိပါဘူး။ တစ်ခါတရံမှာ စက်နဲ့လူလုပ်အမှားတွေ ရှိနိုင်ပါတယ်။ ဒါကြောင့်ပဲ ကျွန်တော်တို့ ပလက်ဖောင်းကနေ စည်းကမ်းချိုးဖောက်တဲ့အကြောင်းအရာတွေကို ထောက်လှမ်းပြီးဖယ်ရှားဖို့ အစဉ်တစိုက်တိုးမြှင့်လုပ်ဆောင်နေပါတယ်”လို့ ထပ် ဖြည့်ပြောပါတယ်။

“ကျွန်မတို့ကို နှုတ်ဆိတ်အောင် လုပ်တာလေ”

အခုတော့ မစ္စတာ အစ္စလာမ်က မစ္စတာဆာရက်ဒ်ကို ဖော်ထုတ်ဖို့နဲ့ တခြားထိခိုက်ခံစားရသူတွေကို ကူညီပေးနေပါတယ်။ သူ့ကို ယူကေမှာရှိတဲ့ ဘင်္ဂလားဒေ့ရှ် အမျိုးသမီးပေါင်းများစွာကလည်း အကူညီပေးဖို့ဆက်သွယ်လာကြတယ်လို့ ပြောပါတယ်။

“တစ်တော့မှာ ဆိုးဆိုးရွားရွားကို အနိုင်ကျင့်ခံခဲ့ရတဲ့တစ်နိုင်ငံလုံးက ဘင်္ဂလားဒေ့ရှ်အစ်မတွေ ညီမတွေဆီက စာတွေ အများကြီးရောက်လာတယ်”လို့ သူကပြောပါတယ်။

ဆိုရှယ်မီဒီယာပလက်ဖောင်းတွေကနေ ဘာအကူညီအထောက်ပံ့မှလည်းမပေးလို့ သတ်သေဖို့တောင်စဥ်းစားမိတယ်လို့ အဲဒီအမျိုးသမီး အများစုက ပြောလာကြတယ်လို့လည်း သူကထပ်ဖြည့်ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်ကအမျိုးသားအ‌တော်များများဟာ လူမှုကွန်ရက်ဆိုရှယ်မီဒီယာမှာ အမျိုးသမီးတွေက သူတို့အခွင့်အရေး ရပိုင်ခွင့်တွေအကြောင်း အမြင်တွေအကြောင်းပြောကြတဲ့အခါ သဘောထားမတိုက်ဆိုင်ကြတာများတယ်လို့ ဆူလ်တာနာက ပြောပါတယ်။ ''ဒီတော့ သူတို့က နိုင်လိုမင်းထက်နဲ့ အနှောင့်အယှက်တွေပေးပြီးတော့ ကျွန်မတို့ကို နှုတ်ဆိတ်အောင် လုပ်ကြတာလေ'' လို့ သူက ပြောပါတယ်။

“ဒါနဲ့ပတ်သက်ပြီး အရေးယူခံရတာမျိုးလည်း တခါမှမရှိဖူးတော့ သူတို့ ဒီလိုထပ်ခါထပ်ခါကျူးလွန်လာတာ နှစ်ပေါင်းလည်းမနည်းတော့ဘူး”လို့လည်း သူမကပြောပါတယ်။

“ဒီလိုလုပ်ခံရရင် တအား နစ်နာတယ်။ ဒါကြောင့် အာဏာပိုင်တွေအနေနဲ့လည်း ဒီကိစ္စတွေကို လေးလေးနက်နက် ကိုင်တွယ်ဖို့လိုတယ်”

မစ္စတာအစ္စလာမ်က သူနဲ့ သူ့မိသားစုကို ခြိမ်းခြောက်နေတဲ့ မစ္စတာဆာရက်ဒ်ရဲ့အကောင့်သစ်တွေကို ဖြုတ်ချပေးဖို့ တစ်တော့ကို နေ့တိုင်းနီးပါးဆက်သွယ်တာလုပ်ခဲ့ပေမဲ့ ဘယ်တော့မှ ချက်ချင်းလုပ်ပေးတာမရှိဘူးလို့ပြောပါတယ်။

“နှုတ်ဆိတ်နေကြမယ်ဆိုရင် ဒီမကောင်းဆိုးရွားတွေက လူတွေကို ထိခိုက်နစ်နာအောင်ဆက်လုပ်နေမှာပဲ”လို့ ပြောရင်း သူက ဘင်္ဂလားဒေ့ရှ်အသိုင်းအဝိုင်းထဲက အမျိုးသမီးတွေကို ကြုံသမျှထုတ်ဖော်ပြောဆိုဖို့ တိုက်တွန်းပါတယ်။

၂၀၂၃ အောက်တိုဘာမှာ အစိုးရရဲ့အွန်လိုင်းဘေးကင်းလုံခြုံရေးမူကြမ်းက ဥပဒေဖြစ်လာခဲ့ပါတယ်

ဓာတ်ပုံ ရင်းမြစ်, PA MEDIA

ဓာတ်ပုံ ပုံစာ, ၂၀၂၃ အောက်တိုဘာမှာ အစိုးရရဲ့အွန်လိုင်းဘေးကင်းလုံခြုံရေးမူကြမ်းက ဥပဒေဖြစ်လာခဲ့ပါတယ်

ဗြိတိန်မှာတော့ နှစ်နဲ့ချီအခြေအတင်ပြောဆိုဆွေးနွေးကြပြီးတော့မှ ဝန်ကြီးတွေအပြောအရ ကလေးငယ်တွေအတွက် ပိုမိုလုံခြုံတဲ့အင်တာနက်ဖြစ်လာဖို့ရည်ရွယ်တဲ့ အွန်လိုင်းဘေးကင်းလုံခြုံရေးဥပဒေမူကြမ်း(Online Safety Bill) ဟာ အောက်တိုဘာ ၂၆ ရက်နေ့မှာ ဥပဒေအဖြစ် အတည်ပြုနိုင်ခဲ့ပါတယ်။

အခုဆို ဥပဒေနဲ့မညီနဲ့အကြောင်းအရာရေးသားဖြန့်ချိမှုတွေအတွက် ဆိုရှယ်မီဒီယာလုပ်ငန်းတွေမှာလည်း တာဝန်ရှိနေပြီးဖြစ်တာကြောင့် လူထုအနေနဲ့ ဘယ်လိုခြိမ်းခြောက်ခံရမှုကိုမဆို ရဲတိုင်ကြဖို့ ဗြိတိန် သိပ္ပံ၊ တီထွင်ဆန်းသစ်မှုနဲ့ နည်းပညာဌာနက ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

“ဆိုရှယ်မီဒီယာတွေက ခြိမ်းခြောက်တဲ့ရာဇဝတ်မှုတွေကို အချိန်နဲ့တပြေးညီ ထိထိရောက်ရောက်နဲ့ စစ်ဆေး ဖြုတ်ချတာမျိုးမလုပ်ဘူးဆိုရင် အဲဒီအကြောင်းအရာတွေကို ဗြိတိန်နိုင်ငံထဲကနေ တင်သည်ဖြစ်စေ၊ မတင်သည်ဖြစ်စေ ပေါင်ငွေ ဘီလျံနဲ့ချီပြီး ဒဏ်ရိုက်ခံရမှာဖြစ်တယ်”လို့ သူကဖြည့်စွက်ပြောပါတယ်။

ယူကေဆက်သွယ်ရေးဆိုင်ရာ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဖြစ်တဲ့ Ofcom က ထိန်းကြောင်းကြပ်မတ်ဖို့ ထပ်ဆောင်းလုပ်ပိုင်ခွင့်တွေ ရရှိထားပါတယ်။

ကလေးသူငယ်လိင်အမြတ်ထုတ်မှု၊ ဆိုးရွားတဲ့လိင်အကြမ်းဖက်မှုနဲ့အပြုမူတွေကို ထိန်းချုပ်ဖို့ အပါအဝင် ဥပဒေနဲ့မညီတဲ့ ရေးသားရိုက်ကူးဖြန့်ဝေတာတွေကို ဖြုတ်ချပါမယ်ဆိုတဲ့ကတိကဝတ်ကို ဆိုရှယ်ပလက်ဖောင်းတွေက အလေးအနက် လိုက်နာရမှာပါ။

ဒါပေမယ့် ဥပဒေကိုဘယ်လိုအကောင်ထည်ဖော်မယ်ဆိုတာနဲ့ လိုက်နာအောင် အရေးယူ ဆောင်ရွက်တာက လပေါင်းများစွာမကြာအောင် ဘယ်လိုလုပ်မယ်ဆိုတာကိုတော့ ‌ဗြိတိန် အစိုးရဘက်က ဆွေးနွေးနေကြဆဲပဲဖြစ်ပါတယ်။