‘‘ဘာမှမကျန်တော့ဘူး’’ ပါကစ္စတန်ကနေ ပြန်ပို့ခံရတဲ့အာဖဂန်တွေ

ဓာတ်ပုံ ရင်းမြစ်, EPA
- ရေးသားသူ, ကယ်ရိုလင်း ဒေဗီးစ်
- ရာထူးတာဝန်, ပါကစ္စတန်နိုင်ငံဆိုင်ရာသတင်းထောက်
ပါကစ္စတန်နိုင်ငံမှာတော့ နိုင်ငံခြားသားတွေတရားမဝင်နေထိုင်နေလို့ဆိုပြီး နိုင်ငံတဝန်းနှိမ်နင်းနေချိန်မှာပဲအာဖဂန်စ္စတန်နိုင်ငံသားဖြစ်နေသူတွေကိုလည်း ဖမ်းဆီးမှုတွေ စတင်လာပါတယ်။
ပြီးခဲ့တဲ့ ၂ လအတွင်း ထောင်နဲ့ချီတဲ့ အာဖဂန်နစ္စတန်နိုင်ငံသားတွေဟာ ပါကစ္စတန်ကနေ အာဖဂန်နစ္စတန်ကို ပြန်နေကြတာပါ။ ဒါပေမဲ့ ပါကစ္စတန်ဟာ သူတို့ရဲ့နေအိမ်ဆိုပြီး ဆယ်စုနှစ်တွေကြာအောင် ခေါ်ခဲ့ကြသူတွေအတွက်တော့ အာဖဂန်ကို ပြန်လည်း အဲဒီမှာဘာမှမကျန်တော့တဲ့အခြေအနေပါ။ ကျန်တဲ့လူတွေကလည်း တာလီဘန်အစိုးရဆီ ပြန်ပို့ခံရမှာကို စိုးရိမ်နေကြပါတယ်။
ထရပ်ကားတွေ အတန်းလိုက်ကြီး စုလာလေလေ နယ်စပ်နဲ့နီးလာနေတယ်ဆိုတာကို အလိုလိုခံစားသိနိုင်ပါတယ်။ အာဖဂန်ကို အပြန်လမ်းမှာတော့ အဲယားကွန်းတွေ၊ ထမင်းပေါင်းအိုးတွေ၊ ထင်းတွေ၊ ပရိဘောဂတွေ ထိုးထိုးထောင်ထောင်နဲ့ပြည့်နေတဲ့ယာဥ်ကြောဖြတ်ကားတွေပေါ်မှာတော့ လူကြီးလူငယ်တွေဟာ အဲဒီပစ္စည်းတွေပေါ် တက်ထိုင်ရင်း လမ်းမကို ငေးမောလို့ပါ။
ပန်ဂျပ်ပြည်နယ်ထဲက ကားဆီဆိုင်တစ်ဆိုင်မှာ ကျွန်မတို့ အက်ဘ်ဒူလာနဲ့ဆုံပါတယ်။ ၂၂ ယောက်ရှိတဲ့ သူ့မိသားစုဝင်တွေကို ပါကစ္စတန်နိုင်ငံထဲကနေ ခေါ်ထုတ်နိုင်အောင် အားလုံးဆံ့မယ့် ထရပ်ကားတစ်စီးကို သူငှားရပါတယ်။ သူ့ကလေးတွေထဲက အယောက် ၂၀ ဟာ ပါကစ္စတန်မှာပဲ မွေးခဲ့တာပါ။

‘‘ရုရှားစစ်ပွဲစတော့ ကျွန်တော်ဒီကိုလာခဲ့တာ။ အုတ်ဖုတ်ရုံမှာ အလုပ်သမားအနေနဲ့ အလုပ်ဝင်လုပ်ခဲ့တယ်။ အာဖဂနန်နစ္စတန်မှာ အလုပ်အကိုင်ရမယ့်အခွင့်အလမ်းနည်းခဲ့တယ်လေ’’ လို့ သူက ဘီဘီစီကို ပြောပါတယ်။
‘‘ကျွန်တော့်အိမ်ကနေ ထွက်ခဲ့ရလို့ အရမ်းဝမ်းနည်းရတယ်။ အိမ်ကို ချန်ပြီး ထွက်ခဲ့ရလို့ ခံစားရတဲ့ နာကျင်မှုက ဘယ်လိုမှစကားနဲ့ပုံဖော်လို့မရဘူး။ ကျွန်တော်တို့ အိမ်ကို ရွှံ့နဲ့ဆောက်ထားတာ။ ကိုယ့်ဘာသာပဲဆောက်ထားတာ။ အပင်တွေလည်း အများကြီးစိုက်ထားတယ်။ ကျွန်တော်ထွက်လာတော့ ကျွန်တော့် အိမ်နီးချင်းတွေ၊ သူငယ်ချင်းမိတ်ဆွေတွေဆိုလည်း မျက်ရည်တွေကျလို့။ ကျွန်တော်တို့ ထွက်အောင်လုပ်တဲ့ အစိုးရက ရက်စက်လိုက်တာဗျာ’’

ပြီးခဲ့တဲ့ ၂ လအတွင်းမှာ အာဖဂန်နိုင်ငံသား နှစ်သိန်းနီးပါးဟာ နောက်ဆုံးထွက်ခွာရက် နိုဝင်ဘာလ ၁ ရက်မတိုင်ခင်မှာ ပါကစ္စတန်နိုင်ငံထဲကနေ ထွက်ခွာခဲ့ကြပြီးဖြစ်တယ်လို့ ပါကစ္စတန် အစိုးရဘက်က ပြောပါတယ်။
အခုနောက်ပိုင်း နေ့စဥ်နေရပ်ပြန်နေကြတဲ့အရေအတွက်ဟာ ၃ ဆအထိ မြင့်တက်လာတယ်လို့ တာလီဘန်ဒုက္ခသည်ဆိုင်ရာဝန်ကြီးဌာန ပြောခွင့်ရ အက်ဘ်ဒူမူတာလက် ဟာကာနီက ပြောပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ပါကစ္စတန်အစိုးရကတော့ ပထမတစ်ကျော့နေရပ်ပြန်ပို့မယ့်သူတွေဟာ စာရွက်စာတမ်းမရှိသူတွေဖြစ်ပြီး ဒီမူဝါဒဟာ တရားမဝင်နေထိုင်နေကြသူတွေကိုသာရည်ရွယ်တယ်လို့ ပြောပါတယ်။ ကုလမသဂ္ဂ ဒုက္ခသည်များဆိုင်ရာအေဂျင်စီ(UNHCR) ကတော့ ပါကစ္စတန်အစိုးရဟာ ဒုက္ခသည်ကတ်ကိုင်ဆောင်ထားသူတွေကို အရေးယူမှာမဟုတ်ဘူးလို့ အာမခံချက်ပေးပါတယ်။
ဒါပေမဲ့ အက်ဘ်ဒူလာကတော့ အာဖဂန်အစိုးရက ထုတ်ပေးထားတဲ့ အာဖဂန်နိုင်ငံသားကတ်ရှိနေတာတောင် သူပစ်မှတ်ထားခံခဲ့ရတယ်လို့ပြောပါတယ်။ ပလက်စတစ် ပိုက်ဆံအိတ်လေးတစ်ခုကို ဖွင့်ပြီး သူ့တစ်မိသားစုလုံးရဲ့ ကတ်တွေကို ပြပါတယ်။ အာဖဂန်အစိုးရပိုင် အင်တာနက်စာမျက်နှာအရဆိုရင် ဒီကတ်တွေက တရားဝင်စာရွက်စာတမ်းဖြစ်တယ်ဆိုတာကို ပြသနေပါတယ်။
ဒါပေမဲ့ ရဲတပ်ဖွဲ့က သူ့အိမ်ကို ဝင်ရောက်စီးနင်းပြီး သူ့သားတွေကို ဖမ်းဆီးထားတယ်လို့ သူကပြောပါတယ်။ သူ့ရဲ့ပြောဆိုချက်ကိုတော့ ဘီဘီစီအနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။
‘‘ကျွန်တော့်မှာ ဒီကတ်တွေရှိပေမဲ့ ပြန်ဖို့ အစိုးရကပြောတယ်။ ဒီလိုပြဿနာ အခြေအနေမျိုး အရင်က ဘယ်တုန်းကမှ မဖြစ်ခဲ့ဖူးဘူး’’ လို့ အက်ဘ်ဒူလာက ကျွန်မတို့ကို ပြောပြပါတယ်။
ကျွန်မတို့ ထရပ်ကားပေါ်ကို တက်ကြပါတယ်။ အက်ဘ်ဒူလာရဲ့ ကလေးတွေ၊ မြေးတွေနဲ့ ဇနီးသည်တို့ ပိုင်ဆိုင်တဲ့ပစ္စည်းတွေ အပြည့်နဲ့အိတ်တွေပေါ်က တာလပတ်အစပေါ် ထိုင်ကြပါတယ်။ ဇနီးသည်က သူ့နာမည်ကို မပြောပေမဲ့ အငိုတော့ မရပ်ပါဘူး။
‘‘ကျွန်မတို့မှာ ဘာမှမကျန်တော့ဘူး’’ မျက်ရည်အပြည့်နဲ့သူက ပြောပါတယ်။ ‘‘ကျွန်မတို့ ဘာမှမဟုတ်တာ မလုပ်ခဲ့ဘူး။ လုပ်အားအနေနဲ့ အလုပ်လုပ်ခဲ့ကြတယ်။ မိသားစုကိုရှာကျွေးခဲ့ကြတယ်’’
ဝေဖန်ခံနေရတဲ့မူဝါဒ
ပါကစ္စတန်မှာ ဒုက္ခသည်နဲ့ ရွှေ့ပြောင်းနေထိုင်သူ ၄ သန်းကျော်ရှိပြီး အဲဒီထဲက ၁ ဒသမ ၇ သန်းနီးပါးဟာ အထောက်အထားမဲ့နေသူတွေလို့ အာဏာပိုင်တွေရဲ့အပြောအရ သိရပါတယ်။ အာဖဂန်နစ္စတန်ရဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တာကြောင့် ပါကစ္စတန်ဟာ ၁၉၇၉ ခုနှစ် ဆိုဗီယက်ကျူးကျော်မှုကနေ တာလီဘန်တွေ ပြန်လာတဲ့ ၂၀၂၁ ခုနှစ်အထိ ဆိုရင် နှစ်ပေါင်း ၄၀ ကျော်အတွင်း ဘေးကင်းလုံခြုံရေးအတွက် နယ်စပ်ဖြတ်လာကြသူတွေကို မြင်တွေ့ခဲ့ရပါတယ်။
လူ့အခွင့်အရေး စောင့်ကြည့်တဲ့အဖွဲ့တွေကတော့ နေရပ်ပြန်ပို့တဲ့မူဝါဒကို ဝေဖန်ကြပါတယ်။ Amnesty International အဖွဲ့ကတော့ စာရင်းပေးတဲ့လုပ်ငန်းစဥ်မှာ ကြန့်ကြာမှုတွေရှိနေတာကြောင့် ပါကစ္စတန်ကို အသစ်ရောက်လာခဲ့သူတွေဟာ အသိအမှတ်ပြုစာရွက်စာတမ်းတွေရဖို့ အလျင်မမီလိုက်မှာကို ထောက်ပြပါတယ်။
အစိုးရအနေနဲ့ ဆုံးဖြတ်ချက်ကို ပြန်လည် ရုပ်သိမ်းဖို့ တောင်းဆိုသလို ပြန်ပို့ခံရတဲ့ အမျိုးသမီးနဲ့ ကလေးငယ်တွေကို အန္တရာယ်ဖြစ်စေလိမ့်မယ်လို့ ပြောပါတယ်။
ကုလရဲ့ UNHCR ကတော့သတင်းသမားတွေ၊ အမျိုးသမီးတွေနဲ့ လူနည်းစုတွေဟာ အန္တရာယ်ရှိနိုင်တဲ့ စိုးရိမ်ရလူနည်းစုတွေအရေးကိုလည်း သတိပေးပါတယ်။ ဒီလူအုပ်စုတွေကို အင်အားသုံး ပြန်ပို့မှာမဟုတ်ဘူးဆိုပြီး အစိုးရအရာရှိတွေဆီကနေ အာမခံချက်ရထားတယ်လို့လည်း UNHCR က ပြောပါတယ်။
UNHCR ကတော့ သူတို့ဆီ လာရောက်ချဥ်းကပ်အကူအညီတောင်းထားသူတွေကို ဖြတ်ပိုင်းတွေပေးထားပြီး အစိုးရအနေနဲ့ ဒီလူတွေကို အသိအမှတ်ပြုလာဖို့ မျှော်လင့်နေပါတယ်။
ကျွန်မတို့ ဆုံခဲ့တဲ့လူတချို့ဆိုရင် သူတို့ကိုင်ထားတဲ့ ဖြတ်ပိုင်းလေးတွေကို မျှော်လင့်တကြီးနဲ့ ထုတ်ပြပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်အထိတော့ ပါကစ္စတန်အာဏာပိုင်တွေက ဒီဖြတ်ပိုင်းတွေကို တရားဝင် အသိအမှတ်မပြုသေးပါဘူး။
ဝေဖန်မှုတွေရှိနေပေမဲ့ ပါကစ္စတန်အစိုးရကတော့ ဆက်ပြီးလုပ်ဆောင်နေပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်ကဆိုရင် နိုင်ငံ့ ပြည်ထဲရေးဝန်ကြီးက တရားမဝင်နေထိုင်သူတွေလို့ ဆိုသူတွေကို ပြန်မပို့ခင်မှာ ထိန်းသိမ်းတဲ့လုပ်ငန်းမြန်ဆန်စေဖို့ နိုင်ငံအနှံ့မှာ စင်တာတွေဖွင့်ထားမယ်လို့ ကြေညာပြီး သက်ကြီးရွယ်အိုတွေ၊ ကလေးတွေနဲ့ အမျိုးသမီးတွေကို ပိုစောင့်ရှောက်မယ်လို့ ပြောပါတယ်။

ဥပဒေကြောင်းအရ စိန်ခေါ်ခံရတဲ့အခါမှာတော့ ပါကစ္စတန်အစိုးရက နိုင်ငံဥပဒေအတိုင်း အစိုးရ လုပ်ပိုင်ခွင့်ဘောင်ထဲကနေ လုပ်ဆောင်တာလို့ ဆိုပါတယ်။ ဒါအပြင် ‘‘သန်းနဲ့ချီတဲ့ အာဖဂန် ညီရင်းအကို မောင်နှမတွေကို ပြီးခဲ့တဲ့ နှစ်ပေါင်း ၄၀ လုံးလုံး လက်ခံထားခဲ့တာတွေက စံချိန်တင် လုပ်ရပ်ဆိုတာကိုပဲ ပြသနေတယ်’’ ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက ပြောပါတယ်။
တာလီဘန်အစိုးရကလည်း လက်မခံနိုင်စရာဒီလုပ်ရပ်ကို ပြန်စဥ်းစားဖို့ ပါကစ္စတန်ဘက်ကို တိုက်တွန်းနေပါတယ်။ အာဖဂန်ဒုက္ခသည်များဆိုင်ရာဝန်ကြီးဌာနကတော့ ပြန်လာသူတွေကို စာရင်းသွင်းမှတ်ပုံတင်ပြီး ယာယီစခန်းတွေမှာ ထားသွားဖို့ရှိတယ်လို့ပြောပါတယ်။ တာလီဘန်အုပ်ချုပ်ရေးပိုင်းကတော့ ပြန်လာသူတွေအတွက် အလုပ်ရှာပေးမယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ နေရပ်ပြန်ထောင်သောင်းချီအရေးဟာ စီးပွားရေးအရ ရုန်းကန်နေရတဲ့နိုင်ငံအပေါ် ဘယ်လောက်အထိ ရိုက်ခတ်မှုရှိနိုင်မလဲဆိုတာကို စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။
၂၀၂၁ ခုနှစ်မှာ တာလီဘန်တွေ အာဏာလွှဲယူတဲ့အခါမှာ အာဖဂန်ဟာ စီးပွားရေးပြိုလဲမှုဆီ တွန်းပို့ခံခဲ့ရပါတယ်။ အရင်အစိုးရကို ပေးထားတဲ့ပြည်ပရန်ပုံငွေတွေ သုံးမရဖြစ်ကုန်ပါတယ်။ ကမ္ဘာ့ဘဏ်ရဲ့ အပြောအရဆိုရင် တာလီဘန်တွေ စပြီး တာဝန်ယူတဲ့ကာလကနေ ၂၀၂၃ ခုနှစ်၊ ဇွန်လအတွင်းမှာဆိုရင် အလုပ်လက်မဲ့နှုန်းဟာ ၂ ဆ အထိ မြင့်တက်ခဲ့တယ်လို့ ဆိုပါတယ်။
ကုလသမဂ္ဂအေဂျင်စီတွေကတော့ လူဦးရေရဲ့ သုံးပုံ နှစ်ပုံဟာ လူသားချင်းစာနာမှု အကူအညီလိုအပ်နေတယ်လို့ပြောပါတယ်။
‘‘အာဖဂန်နစ္စတန်က အခြေအနေကို ပိုပြီးသက်ရောက်မှုကြီးစေတဲ့ ငလျင်ဒဏ်ကို ခံခဲ့ရတယ်။ အဲဒီအပြင် ဆောင်းကာလ ဝင်လာတော့မှာဖြစ်လို့ ထိရှကျိုးပျက်လွယ်အခြေအနေကြုံနေရတဲ့နိုင်ငံ တစ်နိုင်ငံကို လူတွေပြန်သွားဖို့သင့်တဲ့ကာလမဟုတ်ဘူး’’ လို့ ပါကစ္စတန် UNCHR ကိုယ်စားလှယ် ဖီလစ်ပါ ချန်ဒလာ ကပြောပါတယ်။
‘‘လူတွေပမာဏများများကို အင်အားသုံးပြန်ခိုင်းလို့ အာဖဂန်နစ္စတန်မှာ လူသားချင်းစာနာမှု အကျပ်အတည်း အခြေအနေပိုဆိုးလာမှာကိုလည်း မမြင်လိုပါဘူး’’
တာလီဘန်အစိုးရကတော့ နိုင်ငံတကာတပ်ဖွဲ့တွေအတွက် အလုပ်လုပ်သူတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးမယ်လို့ ကြေညာပေမဲ့ ကျွန်မတို့နဲ့ စကားပြောခဲ့ကြသူတွေကတော့ ပြန်ပို့ခံရတဲ့အခြေအနေအပေါ် စိုးရိမ်ကြောက်ရွံ့စိတ်တွေရှိကြပါတယ်။
အခုနှစ်အစောပိုင်းတုန်းကတော့ ကုလအစီရင်ခံစာတစ်စောင်အရ တာလီဘန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ပေးမယ်ဆိုတဲ့ အာမခံချက်တွေ ရှိနေပေမဲ့ အစိုးရအရာရှိဟောင်းရာချီနဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေဟာသတ်ဖြတ်ခံခဲ့ရတယ်ဆိုတဲ့ စွပ်စွဲချက်တွေရှိခဲ့ပါတယ်။
တက်ကြွလှုပ်ရှားသူ အမျိုးသမီးတစ်ဦးကတော့ ပါကစ္စတန်ရဲတပ်ဖွဲ့က သူ့အချက်အလက်အသေးစိတ်ကို သိသွားခဲ့တယ်ဆိုတာ သိသိချင်းမှာပဲ ပုန်းအောင်းခဲ့ကြရတဲ့အကြောင်း ဖုန်းမက်ဆေ့ကနေ ကျွန်မတို့ကို ပြောပြခဲ့ပါတယ်။ သူ့ရဲ့ သူငယ်ချင်း တစ်ချို့လည်း သူတို့အရေးတွေးလို့ ရွာတွေဘက်ကို ခေတ္တတိမ်းရှောင်ခဲ့ကြတယ်လို့ သူက ပြောပါတယ်။

နောက်ထပ် အာဖဂန်နိုင်ငံသားတစ်ဦးဖြစ်သူ ရီမန် ကလည်း အာဖဂန်တပ်ဖွဲ့တွေမှာ ပါဝင်ခဲ့သူဖြစ်ပြီး အာဏာရလာတဲ့အခါ တာလီဘန်အဖွဲ့ဝင်တွေရဲ့ ရိုက်နှက်ခံခဲ့ရတာကြောင့် နိုင်ငံထဲကနေ ထွက်ခွာခဲ့တာလို့ ကျွန်မတို့ကိုပြောပြပါတယ်။
‘‘အာဖဂန်ကို ပြန်သွားမယ်ဆိုရင် သေခြင်းတရားနဲ့ပဲ ရင်ဆိုင်ရလိမ့်မယ်’’ လို့ သူက ပြောပါတယ်။ ‘‘ကျွန်တော်တို့ အသက်အန္တရာယ်ရှိတယ်။ မျှော်လင့်ချက်တစ်ခုနဲ့ပဲနေထိုင်နေရတယ်။ UNHCR အနေနဲ့ ဖြေရှင်းနည်း တစ်ခုခုရလာပါစေပေါ့’’
ကျွန်မတို့ ထိုင်နေချိန်မှာပဲ ရီမန်ရဲ့သားငယ်ဟာ အဖေဖြစ်သူရဲ့ပေါင်ပေါ်မှာ ခွေခွေလေးဝင်ထိုင်ပြီး အဖေဖြစ်သူရဲ့ ဖုန်းကို အဖွင့်အပိတ်လုပ်လိုက်၊ အဖေ့ မျက်နှာကိုလည်း မော့ကြည့်လိုက်လုပ်နေပါတယ်။ သမီးဖြစ်သူကလည်း ဘေးနားကနေ စိတ်ဝင်တစားကြည့်နေပါတယ်။
‘‘ကျွန်တော့်ကလေးတွေရဲ့အနာဂတ်ကို စိုးရိမ်တယ်။ ကျွန်တော့်သမီးငယ်ဆို တရားဝင်စာရွက်စာတမ်းမရှိလို့ စာသင်ဖို့ မဖြစ်နိုင်ဘူး’’ လို့ သူကပြောပါတယ်။
ဓာတ်ပုံ - အူစမန် ဇာဟစ်, ဘီဘီစီသတင်း
ရီမန် ဆိုသူရဲ့ နာမည်ကို လုံခြုံရေးအရပြောင်းလဲထားပါတယ်။








