ဒစ္စတိုပီယန် မှောင်မိုက် မညီမျှတဲ့ လူ့ဘောင် မဖြစ်ရလေအောင် နိုးထကြဖို့ လူ့အခွင့်အရေး မဟာမင်းကြီး ဆော်သြ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ဂါတုခ်က ကမ္ဘာကြီးရဲ့ အခြေအနေ ဘယ်လောက် ဆိုးရွား နေသလဲ ဆိုရင် အိပ်ရင်းနဲ့ လမ်းလျှောက်သလို အသိစိတ်မဲ့ ပြုမူနေတာကနေ လုံးဝ နေချင့်စဖွယ် မရှိတော့တဲ့ အမှောင်မိုက် အဆိုးရွားဆုံး၊ တရားမျှတမှု အကင်းမဲ့ဆုံး ဒစ္စတိုပီယန် dystopian လူ့အဖွဲ့အစည်းကြီး အသွင် ရောက်သွားတော့မယ် ဆိုပြီး သတိပေးပါတယ်။
“ကျွန်တော်တို့ဟာ အခု လမ်းဆုံလမ်းခွမှာ ရောက်နေတာပဲ။ ကမ္ဘာကြီးဟာ ရွေးချယ်စရာ နှစ်ခုရှိတယ်။ အိပ်ရင်းနဲ့ လမ်းလျှောက် နေရသလိုမျိုး အဖြစ်ကနေ ဒစ္စတိုပီယန် အနာဂတ်ထဲကို အသက်ဆင်းခံမလား၊ နိုးထပြီး လူသားမျိုးနွယ်နဲ့ ကမ္ဘာမြေကြီးရဲ့ ကောင်းကျိုးချမ်းသာ အတွက် အခြေအနေတွေကို ပြောင်းလဲ ပစ်မလား … ရွေးကြဖို့ပဲ” လို့ မစ္စတာ တုခ်က ဆိုပါတယ်။
ကမ္ဘာကြီးပေါ်မှာ လက်နက်ကိုင် ပဋိပက္ခတွေ၊ ဖိနှိပ်အုပ်ချုပ်မှုတွေ၊ သတင်းတု သတင်းမှားတွေ၊ မညီမျှမှုတွေနဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတွေကြောင့် ပေါ်ပေါက်လာရတဲ့ ခြိမ်းခြောက်မှုတွေဟာ လူသားတွေ အပေါ် ဖိစီး လွှမ်းမိုးထားတယ်လို့လည်း မစ္စတာတုခ်က ပြောပါတယ်။
ဂျနီဗာမြို့မှာ ပြုလုပ်တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ညီလာခံ အဖွင့်မိန့်ခွန်းမှာ မစ္စတာတုခ် အဲဒီလို ထည့်သွင်း ပြောခဲ့တာပါ။
အစ္စရေးတို့ ဂါဇာထဲ ပြုလုပ်နေတဲ့ ဟားမတ်စ်ချေမှုန်းရေး စစ်၊ ယူကရိန်းထဲ ပြုလုပ်နေတဲ့ ရုရှားတို့ရဲ့ စစ်နဲ့ ဆူဒန်ထဲက ပြည်တွင်းစစ်တွေကို မစ္စတာတုခ်က ရည်ညွှန်းရင်းမှာပဲ လက်ရှိ ပေါ်ပေါက်နေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေဟာ ကမ္ဘာကြီးကို ဖျက်စီးနေတယ်လို့လည်း မစ္စတာတုခ်က ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
မစ္စတာတုခ်က အစ္စရေးနိုင်ငံရဲ့ အပြုအမူတွေ အပေါ် အတော်လေး အာရုံစိုက် ဝေဖန်သွားပါတယ်။ အစ္စရေးတို့ ဟာ နိုင်ငံတကာ ဥပဒေကို လုံးဝ လျစ်လျူရှု မျက်ကွယ်ပြုပြီး ပါလက်စတိုင်းတွေ အပေါ် ကျူးလွန်နေတာ ဖြစ်တယ်လို့ မစ္စတာတုခ်က စွပ်စွဲ ဝေဖန်ပါတယ်။
နှစ်ပတ်လည်ကာနီး အထိ ကြာလာခဲ့ပြီ ဖြစ်တဲ့ ဂါဇာစစ် အမြန်ဆုံး ရပ်နိုင်ဖို့ ဆိုတာ ထိပ်တန်း ဦးစားပေး လုပ်ဆောင်ရမယ့် ကိစ္စဖြစ်တယ် ဆိုပြီးတော့ နိုင်ငံတကာ မိသားစုကို မစ္စတာတုခ်က ဆော်သြသွားပါတယ်။
“နိုင်ငံတကာ ဥပဒေ အပါအဝင် ကုလလုံခြုံရေးကောင်စီနဲ့ အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ တို့ကနေ ချမှတ်တဲ့ ဆုံးဖြတ်ချက် တွေလိုမျိုး ကုလအဖွဲ့ဝင် နိုင်ငံအားလုံး လိုက်နာဖို့လိုတဲ့ …. ဥပဒေအရ စည်းနှောင်မှုရှိတဲ့ နိုင်ငံတကာ သဘောတူချက်၊ ဆုံးဖြတ်ချက်တွေကို တကယ်တမ်း အားလုံး လိုက်နာ ဆောင်ရွက်ဖို့ လိုပါတယ်။ ဘယ်လို အခြေအနေမျိုးမှာ ဖြစ်ဖြစ် လိုက်နာရမှာ ဖြစ်တယ်” ဆိုပြီး မစ္စတာတုခ်က ဆိုပါတယ်။
ဂါဇာထဲ ခြွင်းချက်မရှိ လုံးဝ အပစ်အခတ်ရပ်စဲရေးကို ရည်မှန်းတဲ့ အမေရိကန် ရေးဆွဲတဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံ အားပေးမယ် ဆိုပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မဲခွဲ ဆုံးဖြတ်ထားပါတယ်။ ရုရှားတစ်နိုင်ငံပဲ မဲဝင်မထည့်ပဲ နေခဲ့ပြီး ကျန် ၁၄ နိုင်ငံက ထောက်ခံခဲ့တာ ဖြစ်ပါတယ်။
တခါ၊ ကုလသမဂ္ဂရဲ့ အမြင့်ဆုံး တရားရုံးတော် ဖြစ်တဲ့ သဟေ့ဂ်မြို့ အခြေစိုက် အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ ကလည်း ပါလက်စတိုင်း နယ်မြေတွေ ဖြစ်တဲ့ အနောက်ဘက်ကမ်းခြေဒေသနဲ့ အရှေ့ဂျေရူဆလင်မ် တို့မှာ အစ္စရေးတို့ သိမ်းပိုက် နေရာယူမှုဟာ နိုင်ငံတကာ ဥပဒေကို ချိုးဖောက်တဲ့ လုပ်ရပ်ဆိုပြီး ဆုံးဖြတ်ထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဂါဇာ ကမ်းမြောင်၊ အနောက်ဘက်ကမ်းခြေဒေသနဲ့ အရှေ့ဂျေရူဆလင်မ် တို့မှာ အစ္စရေးတို့ရဲ့ တရားမဝင် ထိန်းချုပ် နေရာယူမှုတွေကို ရပ်တန့်ရမယ် လို့ ICJ ရဲ့ ဆုံးဖြတ်ချက်ထဲ ပြောထားပါတယ်။ အဲဒီ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်၊ ICJ ရုံးတော် ဆုံးဖြတ်ချက်တွေကို ရည်ညွှန်းပြီး အခု မစ္စတာတုခ်က ပြောတာ ဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာ လူ့အခွင့်အရေး ဆိုင်ရာ နိုင်ငံတကာ စံနှုန်းတွေထံမှာ ပြဿနာ ရှိနေတာ မဟုတ်ပဲ၊ နိုင်ငံရေးခေါင်းဆောင်တွေက အဲဒီ စံတန်ဖိုးတွေကို လက်တွေ့ အကောင်အထည် မဖော်နိုင်တဲ့ …. စံတန်ဖိုးတွေနဲ့ ကိုက်ညီ အောင် လက်တွေ့ မကျင့်ကြံနိုင်တဲ့ ပြဿနာ ဖြစ်နေတာလို့ မစ္စတာတုခ်က ထောက်ပြ ပြောဆိုပါတယ်။
ဒီနှစ် ၂၀၂၄ ခုနှစ်ဟာ ကမ္ဘာ့ နိုင်ငံ အများအပြားမှာ ရွေးကောက်ပွဲတွေ ရှိနေတဲ့ စံချိန်တင် ရွေးကောက်ပွဲနှစ် ဖြစ်တယ်လို့လည်း မစ္စတာတုခ်က ထောက်ပြ ခဲ့ပြီး၊ အဲဒီ နိုင်ငံတွေ အသီးသီးက ပြည်သူတွေရဲ့ ဆန္ဒမဲတွေဟာ ကမ္ဘာကြီး ဦးတည်သွားမယ့် လမ်းကြောင်း အတွက် အရေးပါလှတယ်လို့ ဆိုပါတယ်။
“တချို့ ရွေးကောက်ပွဲတွေ ပြီးခဲ့ကြပြီး ဖြစ်သလို၊ ကျန်နေသေးတဲ့ နေရာတွေလည်း ရှိပါတယ်။ ကျွန်တော် တိုက်တွန်းချင်တာက မဲထည့်ကြသူတွေ အားလုံး ကျွန်တော် ပြောခဲ့တဲ့ ကမ္ဘာ့ ပြဿနာတွေကို ထည့်သွင်းစဉ်းစားကြပါ။ အဲဒီ ပြဿနာ အကြောင်းချင်းရာတွေဟာ ကျွန်တော်တို့ ခင်ဗျားတို့ အားလုံးနဲ့ တိုက်ရိုက် သက်ဆိုင်နေတဲ့ အရာတွေ ဖြစ်ပါတယ်”
“ကျွန်တော်တို့ရဲ့ ကျန်းမာရေး၊ အလုပ်အကိုင်၊ သားသမီးတွေရဲ့ ပညာရေး၊ ကိုယ်ချစ်ရခင်ရသူတွေ အားလုံး အကြမ်းဖက် ခံရမှုကနေ ကင်းလွတ်ရေးနဲ့ အကျင့်ပျက်မှု တိုက်ဖျက်ရေး ဆိုတာတွေ အားလုံးကို မဲဆန္ဒရှင်တွေ ခေါင်းထဲထည့် စဉ်းစားသင့်ပါတယ်။ အဲဒီ အရာတွေ အားလုံးဟာလည်း လူ့အခွင့်အရေးနဲ့ ပတ်သက်နေတဲ့ အရာတွေပဲ ဖြစ်တယ်” လို့ မစ္စတာတုခ်က ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
စက်တင်ဘာ ၉ ရက်နေ့ တနင်္လာနေ့မှာ လူ့အခွင့်အရေးကောင်စီရဲ့ ၅၇ ကြိမ်မြောက် အစည်းအဝေး ဂျနီဗာမြို့မှာ စတင်နေတာ ဖြစ်ပါတယ်။
အခုတစ်ခေါက် ဆွေးနွေးပွဲတွေအတွင်း အာရုံစိုက်ကြမယ့် အထဲ ဒစ်ဂျစ်တယ် အခွင့်အရေး ဆိုတဲ့ အကြောင်းချင်းရာ ထိပ်ဆုံးကပါတယ်လို့ လူ့အခွင့်အရေးကောင်စီက ထုတ်ပြန်ထားပါတယ်။ အင်တာနက်ပေါ်က လူ့အခွင့်အရေးတွေနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက် အသစ် ချမှတ် နိုင်ဖို့ ဖြစ်ပါတယ်။
လူ့အခွင့်အရေး အခြေခံတွေနဲ့ အဓိပ္ပာယ် ပြည့်ဝတဲ့ ကွန်ရက် ချိတ်ဆက်မှုတွေကို နိုင်ငံတကာ အတိုင်းအတာနဲ့ ရရှိစေရေး ကြိုးစားသွားမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် တစ်နိုင်ငံချင်းစီရဲ့ လူ့အခွင့်အရေး ဆိုင်ရာ ပြဿနာတွေ အကြောင်းလည်း ဆွေးနွေးသွားဖို့ ရှိတာမှာ လူ့အခွင့်အရေးကောင်စီကနေ နာမည်တပ် ပြောထားတဲ့ နိုင်ငံတွေထဲ ဘေလာရုဇ်၊ ကမ္ဘောဒီးယား၊ တူရကီ၊ ရုရှားတို့နဲ့ အတူ မြန်မာလည်း ပါဝင်နေတာ တွေ့ရပါတယ်။








