ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဖမ်းဆီးခံကျောင်းသားတွေအပေါ် နှစ်ကုန်ပိုင်းမှာ ပြစ်ဒဏ်အမိန့်တွေ မြန်မြန်ချနေ
အကျဉ်းကျခံနေရတဲ့ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ကျောင်းသားတွေ အရေအတွက် ဆယ်ဂဏန်း အခုသီတင်းပတ်တွေအတွင်းမှာ ပြစ်ဒဏ် စီရင်ချက်တွေ ချမှတ်ခံလာနေရတယ်လို့ ကျောင်းသား သမဂ္ဂအဖွဲ့တွေက ပြောပါတယ်။
ဒီဇင်ဘာလ နောက်ဆုံးပတ်အတွင်းမှာ ရန်ကုန် အရှေ့ပိုင်းတက္ကသိုလ်က ကျောင်းသူ၊ ကျောင်းသား ၈ ယောက် ကို စစ်ကောင်စီ တရားရုံးတွေက ပြစ်ဒဏ် အမိန့်တွေ ချမှတ်ခဲ့တယ်လို့ သမဂ္ဂတွေက ထုတ်ပြန်ပါတယ်။
ဒါ့အပြင် ပညာရေးတက္ကသိုလ် နောက်ဆုံးနှစ် ကျောင်းသူတယောက်လည်းဖြစ်၊ ရန်ကုန် ပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ တွဲဖက်အတွင်းရေးမှူး လည်းဖြစ်တဲ့ မနန်းတွယ်တာဦးကို အကြမ်းဖက် တိုက်ဖျက်ရေး ပုဒ်မ ၅၀ (ည) နဲ့ ဒီဇင်ဘာလ ၂၉ ရက်နေ့မှာ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ကြောင်းလည်း ကျောင်းသား သမဂ္ဂတွေက ပြောပါတယ်။
အမရပူရမြို့နယ် ကျောင်းသားများ သမဂ္ဂ အဖွဲ့ဝင် ကိုအောင်ကျော်ခန့်လည်း ဒီသီတင်းပတ် အတွင်းမှာပဲ ထောင်ဒဏ် ချမှတ်ခံခဲ့ရပါတယ်။
နိုဝင်ဘာလကုန်ပိုင်းကနေ အခု ဒီဇင်ဘာ နောက်ဆုံးပတ်ကြားမှာ စစ်ကောင်စီကနေ ကျောင်းသားတွေအပေါ် ပြစ်ဒဏ်တွေ ခပ်စိပ်စိပ်ချမှတ်နေတာလို့ ကျောင်းသား သမဂ္ဂတွေက ပြောပါတယ်။ အဲဒီကျောင်းသားတွေအားလုံးကို စစ်ကောင်စီရဲ့ တရားရုံးတွေက အကျဥ်းရုံးစီရင်စစ်ဆေးပြီး နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီကျောင်းသားတွေအပေါ် စွပ်စွဲတဲ့ အမှုတွေကလည်း အကြမ်းဖက်တိုက်ဖျက်မှု၊ ဆူပူအောင် လှုံ့ဆော်မှု၊ ပေါက်ကွဲစေတဲ့ ပစ္စည်းများ လက်ဝယ်တွေ့ရှိမှု စတဲ့ အမှုတွေ နဲ့ အများဆုံး စွပ်စွဲထားတာလို့လည်း သိရပါတယ်။
အခုနှစ်ကုန်ပိုင်းအချိန် ကျောင်းသားတွေ အခုလို အစုလိုက် အမိန့်တွေ အပြိုင်ချလာတဲ့ အခြေအနေအပေါ် “ (တရားရုံးတွေက) စစ်ကောင်စီရဲ့ တရားရေးမဏ္ဌိုင် ဖြစ်တဲ့အတွက် စစ်ကောင်စီက လုပ်ဆို လုပ်ရတဲ့ သဘောပါပဲ။
တရားရုံးတွေက ပွင့်လင်းမြင်သာမှု လည်းမရှိ၊ တရားဥပဒေ စိုးမိုးမှုလည်း မရှိဆိုတော့ စစ်ကောင်စီက ချခိုင်း သလောက် ပြစ်ဒဏ် ချမှတ်ကြတဲ့ ဖိနှိပ်မှုတခုလို့ပဲ မြင်ပါတယ်ဗျ” လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) တာဝန်ရှိသူ တယောက်က ဘီဘီစီကို ပြောပါတယ်။
နိုင်ငံတလျားကနေ ဖမ်းဆီးခံကျောင်းသား စာရင်းရောက်လာနေ
မနှစ် စစ်အာဏာသိမ်းပြီး နောက်ပိုင်း အကျဉ်းထောင်အသီးသီးမှာ လက်ရှိကျခံ နေရတဲ့ နိုင်ငံရေးအကျဉ်းသားပေါင်း အရေအတွက်က ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ ၁၃, ၁၆၇ ယောက်ရှိပြီး အဲဒီထဲမှာ ကျောင်းသူ၊ ကျောင်းသား အရေအတွက်က ၇၀၀ နီးပါးရှိကြောင်း မြန်မာနိုင်ငံ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) က စုဆောင်းပြုစုထားတဲ့ စာရင်းတွေအရ သိရပါတယ်။
နိုင်ငံရေးအကျဥ်းသား ကျောင်းသားတွေဟာ ရန်ကုန်တိုင်းနဲ့ မန္တလေးတိုင်းက အများဆုံး ဖြစ်ပြီး နေပြည်တော်အပါအဝင် ကျန်တဲ့ တိုင်းနဲ့ ပြည်နယ်အားလုံးက ကျောင်းသားတွေ ပါဝင်ပါတယ်။
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တယ်လို့ စွပ်စွဲပြီး ဖမ်းဆီးခံထားရသူ ကျောင်းသားတွေထဲမှာ ရန်ကုန်တိုင်းတခုတည်းက ကျောင်းသူ၊ ကျောင်းသား ၁၀၀ ကျော် အထိ ပါဝင်တယ်လို့ ဒဂုံ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂက ဆိုပါတယ်။
နှစ်ကုန်လာချိန် နှစ်သစ်ပြောင်းချိန်မို့ ပြစ်ဒဏ်အမိန့်တွေ ချမှတ်၊ အဲဒီ ပြစ်ဒဏ်တွေကို ရွှေ့ဆိုင်းပြီး မကြာခင် ပြန်လွှတ်ပေးမယ်ဆိုတဲ့ မှန်းဆချက် မထားတဲ့ အကြောင်း ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂက တာဝန်ခံ ကျောင်းသူ တယောက်က ပြောပါ တယ်။
“တချို့တွေကို တော်တော်များတဲ့ ပြစ်ဒဏ်တွေ ပေးထားတာတွေ့ရမယ်။ ရှေ့တုန်းက လည်း ၅၀၅ (ပုဒ်မ နဲ့ ပြစ်ဒဏ်ချထားတဲ့သူ) တွေကို လွှတ်ပေးမယ် ဆိုတဲ့ သတင်းတွေ ထုတ်လွှင့်တာရှိခဲ့တယ်။ ဒါပေမယ့် လွှတ်ပေးတော့ နည်းနည်းပဲ လွှတ်ပေးတာ၊ လွှတ်ပေးတဲ့ အထဲမှာလည်း ကျွန်မတို့ကျောင်းသားတွေ တယောက်မှ မပါဘူး။”
သေဒဏ်အထိ ချမှတ်ခံလာရတဲ့ ကျောင်းသူ ကျောင်းသားတွေ
ပြီးခဲ့တဲ့လအတွင်းက သေဒဏ် အမိန့်ချမှတ်ခံခဲ့ရတဲ့ ဒဂုံတက္ကသိုလ် ကျောင်းသားတွေ အပါအဝင် သေဒဏ်အထိ ချမှတ်ခံထားရသူ ဒဂုံတက္ကသိုလ်က ကျောင်းသား ၁၀ ယောက် ရှိတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီလအတွင်း ဒဂုံမြို့သစ်တောင်ပိုင်းက ကမ္ဘာ့ရတနာဘဏ် မန်နေဂျာ (အငြိမ်းစား ဒုဗိုလ်မှူးကြီး) တယောက် ပစ်သတ်ခံရမှုနဲ့ စွပ်စွဲပြီး ဒဂုံတက္ကသိုလ် ကျောင်းသား ၇ ယောက်ကို စစ်ကောင်စီ တရားရုံးတရုံးက နိုဝင်ဘာလမှာ သေဒဏ်ချမှတ်ခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ သမိုင်းတလျောက် အာဏာပိုင်တွေကို ဆန့်ကျင်ကြတဲ့ ကျောင်းသူ ကျောင်းသားတွေ ခေတ်အဆက်ဆက် ရှိခဲ့ပေမယ့် အခု စစ်အာဏာသိမ်းမှု နောက်ပိုင်း သူတို့ရဲ့ ပါဝင် ပတ်သက်လှုပ်ရှားမှုတွေက ပိုများလာသလို အကြမ်းမဲ့ နည်းသာမက လက်နက်ကိုင် တိုက်ပွဲဝင်ကြတဲ့ ဘက်မှာလည်း သူတို့ ပါဝင်နေမှုက သိသိသာသာ တိုးလာတာကို တွေ့ရပါတယ်။
“အရင်တုန်းက မကြုံဖူးရတာတွေကို (ကျောင်းသားတွေ) ကြုံနေကြရတာလေ။ ထောင်ချရုံတင် မဟုတ်ဘူး အသတ်ခံကြရတာတွေ၊ လမ်းမှာတင် အသတ်ခံ ရတာတွေ၊ အိမ်တွေဆိုလည်း မီးရှို့ခံရတာ၊ အခုဆိုရင် အိမ်ပေါင်း ၃ သောင်းကျော် နေပြီ၊ အိမ်တွေလည်း အသိမ်းခံကြရတယ်။ ဒီလိုအခြေအနေတွေဆိုတော့ ကျောင်းသားထုထဲမှာ ဥဒါန်းမကျေတဲ့ ပုံစံမျိုး ဖြစ်သွားတယ်လို့ ထင်တယ်” လို့ ၈၈၈၈ အရေး တော်ပုံ ကာလကတည်းက ကျောင်းသားလှုပ်ရှားမှု၊ မြန်မာ့ဒီမို ကရေစီရေး လှုပ်ရှားမှုတွေမှာ ပါဝင်လာခဲ့ပြီး နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း (AAPP) ကို လက်ရှိမှာ ဦးဆောင်နေတဲ့ ဦးတိတ်နိုင်က ပြောပါတယ်။