သီရိလင်္ကာ- ဆင်ခြောက်ကောင် ရထားနဲ့တိုက်မိပြီး သေဆုံး

ဆင်တိုက်မှု

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, သီရိလင်္ကာသမိုင်းမှာ အဆိုးရွားဆုံး သားရိုင်းတိရစ္ဆာန် ဆိုင်ရာ မတော်တဆမှု ဖြစ်တယ်လို့ ရဲက ပြောပါတယ်

သီရိလင်္ကာနိုင်ငံ အလယ်ပိုင်းက သားရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေး စခန်းတခုနားမှာ ခရီးသည်တင် ရထား တစင်း ဆင်အုပ် တိုက်ပြီး လမ်းချော်မှု ဖေဖော်ဝါရီ ၂၀ရက် ကြာသပတေးနေ့ မနက်စောစောပိုင်းက ဖြစ်ပွားခဲ့ပါတယ်။

ရထားပေါ်ပါ ခရီးသည်တွေထဲက ထိခိုက် ဒဏ်ရာရမှု မကြားရသေးပေမယ့် ကိုလံဘိုမြို့တော် အရှေ့ပိုင်း ဟာဘာရန အရပ်မှာ ဖြစ်ခဲ့တဲ့ ဒီဖြစ်ရပ်ကြောင့် ဆင် ၆ ကောင် သေဆုံးသွားပါတယ်။

ဒါ့အပြင် ဆင် ၂ ကောင်လည်း ဒဏ်ရာရသွားလို့ ကုသပေးနေရပြီး ဒါဟာ သမိုင်းမှာ အဆိုးရွားဆုံး သားရိုင်းတိရစ္ဆာန် ထိခိုက်သေဆုံးမှုလို့ ရဲက ပြောကြောင်း AFP သတင်းမှာ ဖော်ပြထား ပါတယ်။

သီရိလင်္ကာမှာ အခုလို ဆင်အုပ်ကို ရထားတိုက်မိတာဟာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကိစ္စ ဖြစ်ပြီး အလားတူ ဆင်ရော လူတွေပါ သေဆုံးမှု ကမ္ဘာပေါ်မှာ အများဆုံး ရှိတဲ့ နိုင်ငံ ဖြစ်ပါတယ်။

မနှစ် တနှစ်အတွင်းမှာတင် လူနဲ့ဆင် မတော်တဆ ဖြစ်ရပ်တွေေကြောင့် လူအယောက် ၁၇၀ ကျော်နဲ့ ဆင်အကောင်ရေ ၅၀၀ နီးပါး ဆုံးရှုံး ခဲ့ရပါတယ်။

ဒါ့အပြင် နှစ်စဥ် ရထားတိုက်မှုကြောင့် ဆင်အကောင်ရေ ၂၀ ဝန်းကျင် သေဆုံးလေ့ရှိတယ်လို့ ဒေသတွင်း သတင်းတွေမှာ ရေးသားထားပါတယ်။

သစ်တောပြုန်းတီးမှုတွေနဲ့ အရင်းအမြစ် လျော့ပါးလာမှုတွေကြောင့် သဘာဝပတ်ဝန်းကျင် အပေါ် မှီခိုနေထိုင်ရတဲ့ ဆင်တွေအပေါ် သက်ရောက်မှု ရှိလာချိန်မှာ လူတွေကြောင့် ဆင်အသက် ဆုံးရှုံးမှုလည်း တိုးလာနေပါတယ်။

သီရိလင်္ကာမှာ ဆင်ရိုင်းအုပ်နဲ့ လူတွေကြား မကြာခဏ မတော်တဆမှုတွေ ဖြစ်လေ့ ရှိ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, သီရိလင်္ကာမှာ ဆင်ရိုင်းအုပ်နဲ့ လူတွေကြား မကြာခဏ မတော်တဆမှုတွေ ဖြစ်လေ့ ရှိ

တချို့ကလည်း ရထားမောင်းသမားတွေ ဖြည်းဖြည်းမောင်းကြဖို့နဲ့ ရထားလမ်းပေါ် တိရစ္ဆာန် ဖြတ်ကူးတာမြင်ရင် ဥသြသံပေး သတိပေးဖို့ တိုက်တွန်းထားပါတယ်။

၂၀၁၈ ခုနှစ်တုန်းကလည်း အခု အခင်းဖြစ်ပွားတဲ့ ဟာဘာရန မှာပဲ ရထားတိုက်မှုကြောင့် ကိုယ်ဝန်ဆောင် ဆင်မိခင်ကြီးနဲ့ ဆင်ကလေးနှစ်ကောင် သေဆုံးသွားပါတယ်။

အာရုံတက်ချိန် ရထားလမ်းကို ဖြတ်ကူးတဲ့ ဆင်အုပ်ထဲမှာ အဲဒီ ဆင်သုံးကောင် ပါဝင်တာ ဖြစ်ပါတယ်။

မနှစ်အောက်တိုဘာလတုန်းကလည်း ဟာဘာရန နဲ့ ၁၅ မိုင်လောက်ဝေးတဲ့ မင်နာရီရာ အရပ်မှာ ဆင်အုပ်ကို ရထားတိုက်မှု ဖြစ်ခဲ့လို့ ဆင် ၂ ကောင်သေဆုံးပြီး နောက်တကောင်က ဒဏ်ရာရသွားခဲ့ပါတယ်။

သီရိလင်္ကာမှာ ဆင်ရိုင်း အကောင် ၇,၀၀၀ နီးပါး ရှိတယ်လို့ ခန့်မှန်းထားကြပြီး ဗုဒ္ဓဘာသာဝင် အများစု နေထိုင်ရာ တိုင်းပြည် ဖြစ်တာကြောင့် ဆင်လို တိရစ္ဆာန်တွေကို အမြတ်တနိုး ဆက်ဆံလေ့ရှိတဲ့အပြင် ဥပဒေအရလည်း အကာအကွယ်ပေးထားပါတယ်။

ဆင်တကောင်ကို သတ်ရင် ရာဇဝတ်မှုမြောက်ပြီး ထောင်ဒဏ် ဒါမှမဟုတ် ငွေဒဏ် အပြစ်ပေးခံရနိုင်တာ ဖြစ်ပါတယ်။