ကိုယ်ဝန်သည်ဆင်မ ဗြောက်အိုးပါ နာနတ်သီး စားမိပြီး သေရလို့ အိန္ဒိယမှာ ဒေါသထွက်နေကြ

ဓာတ်ပုံ ရင်းမြစ်, AFP
အိန္ဒိယနိုင်ငံမှာ ကိုယ်ဝန်လွယ်ထားတဲ့ ဆင်မတကောင် ဗြောက်အိုးတွေထည့်ထားတဲ့ နာနတ်သီးတလုံးကို စားမိပြီး သေဆုံးခဲ့ရတဲ့နောက် ဒီကိစ္စကို တောရိုင်းတိရစ္ဆာန်စောင့်ရှောက် ထိန်းသိမ်းရေးဆိုင်ရာအရာရှိတွေက စုံစမ်းစစ်ဆေးနေပါတယ်။
ကာရယ်လာ ပြည်နယ်အတွင်းဖြစ်ခဲ့တဲ့ ဒီအဖြစ်အပျက်ကို သစ်တောအရာရှိတယောက်က ဆိုရှယ်မီဒီယာမှာ တင်ခဲ့တဲ့နောက် လူတွေသိကြရပြီး ဘယ်သူတွေလုပ်တာလဲ ဆိုကာ အတော်များများက ဒေါသတွေထွက်နေကြပါတယ်။
၁၅ နှစ်အရွယ်ရှိပြီး ကိုယ်ဝန် ၂ လနဲ့ ဆင်မဟာ မသေဆုံးခင် ရက်ပေါင်းများစွာ နာကျင်ခဲ့ရပါတယ်။
သူ ဗြောက်အိုးပါ နာနတ်သီးကို မတော်တဆစားမိခဲ့တာလား၊ တမင်ကျွေးတာကို စားမိတာလားဆိုတာကို မရှင်းလင်းသေးပါဘူး။
တိရစ္ဆာန်ကျန်းမာရေး ဆရာဝန်တွေ သူ့ကို ကယ်ဖို့ ကြိုးစားခဲ့ကြပေမယ့် မအောင်မြင်ခဲ့ပါဘူး။
အိန္ဒိယမှာ ဆင်ရိုင်း ၂၇, ၀၀၀ ရှိပြီး နောက်ထပ် အကောင်ရေ ၂, ၅၀၀ က ဆင်စခန်းတွေမှာပါ။
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန ဝန်ကြီး ပရာကတ်ရှ် ဂျာဗာဒက်ကာက အစိုးရအနေနဲ့ "ဒီသတ်ဖြတ်မှုကို အသေအချာကြည့်နေတယ်" လို့ ဆိုပါတယ်။
ယခုဆောင်းပါးတွင် X မှ အကြာင်းအရာများပါဝင်ပါသည်။ ယင်းဆိုက်မှ ကွတ်ကီးနှင့်အခြားနည်းပညာများသုံးနိုင်သဖြင့် စာမျက်နှာကို မဖွင့်ခင် သင့်ခွင့်ပြုချက်ကိုတောင်းခံပါသည်။ သင်မဆုံးဖြတ်ခင် X ကွတ်ကီးမူဝါဒ နှင့် ကိုယ်ရေးအချက်အလက်လုံခြုံမှု မူဝါဒ တို့ကို ဖတ်ရှုနိုင်ပါသည်။ သဘောတူလျင် 'လက်ခံပြီးဆက်သွားပါမည်' ဆိုသည်ကို ရွေးချယ်ပေးပါ။
End of X post
ကာရယ်လာပြည်နယ် ဝန်ကြီးချုပ်က သံသယဖြစ်ဖွယ်ရာ လူ ၃ ယောက်ကို "အဓိကထား စုံစမ်း စစ်ဆေးနေတယ်" လို့ ဘီဘီစီ ကို ပြောပါတယ်။
ဒီအဖြစ်ကြောင့် လူတွေ ယမ်းပုံမီးကျဖြစ်ကာ သူတို့ ဆိုရှယ်မီဒီယာတွေမှာ တင်ရေးကြပါတယ်။
အိန္ဒိယရဲ့ ထိပ်တန်း ကုမ္ပဏီတခုဖြစ်တဲ့ Tata Sons ကုမ္ပဏီက ဥက္ကဋ္ဌ ရာတန် တာတာက "တရားမျှတမှုပေါ်ပေါက်ဖို့လိုတယ်" လို့ရေးပါတယ်။
အိန္ဒိယ ခရစ်ကက် လက်ရွေးစင်အသင်းခေါင်းဆောင် ဗီရက် ခိုလီက ဒီသတ်ဖြတ်မှုဟာ "သူရဲဘောကြောင်သူတွေရဲ့ လုပ်ဆောင်ချက်" လို့ ကဲ့ရဲ့ရှုတ်ချပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MOHAN krishnan
အိန္ဒိယမှာ အသီးတွေထဲကို ဗြောက်အိုးတွေထည့်ကာ လယ်ယာခင်းက အသီးအနှံတွေကို လာဖျက်မယ့် တောဝက်တွေကို ခြောက်လှန့်ဖို့ "ဝက်ဗြောက်အိုး" လို့ခေါ်ကြတဲ့ အဲဒီ ဗြောက်အိုး အသီးတွေနဲ့ ခြောက်ကြလေ့ရှိပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်က ပါလက်ကတ် ခရိုင်အတွင်းမှာရှိတဲ့ တိတ်ဆိတ်သော တောင်ကြား အမျိုးသား သစ်တောဥယျာဉ်နားက ရွာတရွာထဲကို ဆင်မဟာ လျှောက်သွားရင်း ရောက်သွားပုံရပြီး၊ အဲဒီ နာနတ်သီးကို စားခဲ့ပုံရတယ်လို့ ဆိုပါတယ်။
သစ်တောအရာရှိ မိုဟန် ခရစ်ရှ်နန် သူ့ဖေ့ဘွတ်မှာ ရေးတင်စဉ်က ဆင်မဟာ အသီးကို စားနေစဉ် သူ့ ခံတွင်းထဲမှာ ဗြောက်အိုးတွေပေါက်သွားတယ်၊ နာကျင်တဲ့ဝေဒနာတွေနဲ့အတူ ဆင်မဟာ ရက်ပေါင်းများစွားသွားနေခဲ့ရပြီး မေလ ၂၇ ရက်နေ့မှာတော့ မြစ်ထဲမှာ သေခဲ့တယ်လို့ရေးခဲ့ပါတယ်။
"ရွာထဲကလမ်းတွေပေါ်မှာ နာကျင်လှစွာနဲ့ ပြေးလွှားနေပေမယ့် ဆင်မဟာ ဘယ်လူသား တယောက်ကိုမှ အန္တရာယ်မပြုခဲ့ပါဘူး" လို့လည်း သူကရေးခဲ့ပါတယ်။
"ဆင်မကို မြစ်ထဲမှာ သူတွေ့ချိန်မှာ ဆင်မဟာ ဘာမှအသံမပြုဘဲထိုင်နေခဲ့တယ်၊ သူ့ကိုယ်နဲ့ ပါးစပ်ကို ရေထဲမှာစိမ်နေရင် သူနည်းနည်းသက်သာရပုံရတယ်" လို့ မစ္စတာ ခရစ်ရှ်နန်က ဘီဘီစီကို ပြောပါတယ်။
သစ်တောဝန်ထမ်းတွေနဲ့ တိရစ္ဆာန်ကျန်းမာရေး ဆရာဝန်တွေ သူ့အသက်ကို ကယ်ဖို့ကြိုးစားခဲ့ပြီး ဆင်ဟာ မြစ်ထဲမှာ ၄ ရက်ကြာ ရပ်နေခဲ့တယ်လို့ ဒေသခံ ဝါရင့် သစ်တောအရာရှိတယောက်က ပြောပါတယ်။
ကေကေ ဆုနဲလ် ကူးမား က "ကျွန်တော်တို့ ဆင်မကြီးနဲ့ သူ့ကလေးတို့ရဲ့ အသက်တွေကို ကယ်နိုင်ဖို့ အကောင်းဆုံးလုပ်ဆောင်ခဲ့ပါတယ်၊ ဒါပေမဲ့ မအောင်မြင်ခဲ့ဘူး" လို့ ဘီဘီစီကို ပြောပါတယ်။
လယ်သမားတွေဟာ သူတို့သီးနှံတွေကို အကောင်တွေ လာဖျက်ဆီးမှာကို ဟန့်တားတဲ့အနေနဲ့ အဲဒီလို ဗြောက်အိုးထည့်ထားတဲ့ အသီးတွေကို သူတို့လယ်ယာတွေ အနီးမှာ ကျဲချထားလေ့ရှိတယ်လို့ အစိုးရအရာရှိတွေက ဆိုပါတယ်။
သူတို့ အစားအစာရဖို့ ရောက်မိရောက်ရာ သွားရင်း လူတွေနေတဲ့နေရာကို ရောက်သွားမိရင် ဆင်တွေအဖို့ အန္တရာယ်တွေနဲ့ ကြုံရတယ်လို့ အစီရင်ခံစာတွေမှာ ဖော်ပြကြပါတယ်။
"လူတွေနဲ့ ပဋိပက္ခတွေဖြစ်တဲ့အခါ လူတွေက အမျိုးမျိုးသောနည်းလမ်းတွေ သုံးကြတယ်၊ လျှပ်စစ်ဓာတ်အားလွှတ်ထားတဲ့ ခြံစည်းရိုးတွေ၊ ကျင်းတွေ၊ ဗုံးတွေ သုံးပြီး (တိရစ္ဆာန်တွေကို အနားမလာအောင်)လုပ်ကြပါတယ်" လို့ ကာရယ်လာ စိုက်ပျိုးရေး တက္ကသိုလ်က တောရိုင်းသဘာဝတိရစ္ဆာန် ပညာရပ်ဆိုင်ရာ ပါမောက္ခ အိုပီ နမ်မီယာက Mint သတင်းစာကို ပြောပါတယ်။








