ရှောင်လင် ကွန်ဖူးကျောင်းထိုင်ဆရာတော်ကို တရုတ်စစ်ဆေး

    • ရေးသားသူ, ခိုယု
    • ရာထူးတာဝန်, ဘီဘီစီသတင်း
    • ရေးသားသူ, စတီဖန် မက္ကဒေါ်နယ်
    • ရာထူးတာဝန်, တရုတ်သတင်းထောက်

ကမ္ဘာကျော် ရှောင်လင် ကျောင်းထိုင်ဘုန်းကြီး ရှီရောင်ရှင်ကို ခိုးယူမှု၊ အမျိုးသမီးများစွာနဲ့ မဖွယ်မရာ ပတ်သက်မှု၊ တိတ်တိတ်ပုန်းကလေးတွေ ရမှု စတဲ့ အမှုတွေနဲ့ စစ်ဆေးနေကြောင်း ဘုန်းကြီးကျောင်းဘက်က တနင်္ဂနွေနေ့က ထုတ်ပြန်ပါတယ်။

နှစ် ၁၅၀၀ ကျော် သက်တမ်းရှိတဲ့ ရှောင်လင်ကျောင်းဟာ တရုတ်ပြည် အလယ်ပိုင်း ဟေနန်ပြည်နယ်က တောင်ရိုးပေါ်မှာ တည်ရှိပြီး နှစ်စဉ် ကမ္ဘာတလွှားက လူထောင်ချီ လာရောက်လေ့ရှိပါတယ်။

ဘုန်းတော်ကြီး ရှီ ရှောင်လင်ကျောင်းထိုင် ဖြစ်လာတာ ၁၉၉၉ ကတည်းက ဖြစ်ပြီး ကျောင်းကို ကမ္ဘာသုံး အမှတ်တံဆိပ် အဖြစ် အသွင်ပြောင်းခဲ့လို့ စီအီးအို ဆရာတော် ဆိုတဲ့ နာမည်ပြောင်ကိုလည်း ရရှိခဲ့ပါတယ်။

ဒီဆရာတော်ရဲ့ ရဟန်းခံလက်မှတ်ကို ရုပ်သိမ်းခဲ့ကြောင်း တရုတ် ဗုဒ္ဓဘာသာ အသင်းက တနင်္လာနေ့မှာ ကြေညာပါတယ်။

ဒီလက်မှတ်ရှိမှ ဘုန်းကြီးလောကက အသိအမှတ်ပြုတာ ဖြစ်ပါတယ်။

သူ့လက်ထက် တရုတ်ပြည်အပြင်ဘက်မှာ ရှောင်လင်ကျောင်းတွေ စဖွင့်ခဲ့ပြီး ဘုန်းကြီးတွေနဲ့ ရှောင်လင် ကွန်ဖူးပြပွဲတွေကို လှည့်လည်ပြသခဲ့ပါတယ်။

ဆရာတော် ရှီကို စစ်ဆေးနေတဲ့ သတင်းက ဝေဘို လူမှုကွန်ရက်မှာ တနင်္လာနေ့မနက်အတွက် အဖတ်ဆုံး သတင်း ဖြစ်ခဲ့ပါတယ်။ နောက်လိုက် ရှစ်သိန်းရှစ်သောင်းကျော် ရှိပြီး ဗုဒ္ဓအဆုံးအမတွေကို နေ့စဉ် တင်လေ့ရှိတဲ့ သူ့ရဲ့ ဝေဘို အကောင့်မှာ နောက်ဆုံးတင်ထားတဲ့ ပို့စ်ကလည်း ဇူလိုင်လ ၂၄ ရက်က ဖြစ်ပါတယ်။

၂၀၁၅ တုန်းကလည်း ကျောင်းရန်ပုံငွေတွေကို ယူတယ်၊ အမျိုးသမီးတွေနဲ့ ရှုပ်တယ်ဆိုပြီး သမုတ်ခံရလို့ ဒီဆရာတော်ကို စောင့်ကြည့်ခဲ့ပါတယ်။ ကုမ္ပဏီတွေနဲ့ ဒေသန္တရ အာဏာပိုင်တွေဆီက ဗောက်စ်ဝက်ဂွန်ဆဗ်ကားနဲ့ ရွှေချည်နဲ့ ရက်တဲ့ သင်္ကန်းလိုမျိုး တန်ဖိုးကြီး လက်ဆောင်တွေ ယူတယ်လို့လည်း စွပ်စွဲခံရပါတယ်။

ဒီအချိန်မှာပဲ အဖေမပေါ်တဲ့ ကလေးတွေရဲ့ ဖခင် ဆိုပြီး ဒီကိုယ်တော်ကို စွပ်စွဲခံရလို့ စစ်ဆေးခဲ့ပေမယ့် စွဲချက်တွေကို ရုပ်ပေးခဲ့ပါတယ်။

၂၀၁၅ တုန်းက ဘီဘီစီ တရုတ်ပိုင်း အစီအစဉ်နဲ့ မေးမြန်းခန်းမှာ ဆရာတော်ရှီကို ခြစားမှု၊ အမျိုးသမီးတွေနဲ့ သမုတ်ခံရမှုတွေအကြောင်း မေးကြည့်ခဲ့တော့ "တကယ်ဖြစ်ခဲ့ရင် ပေါ်တာ ကြာပြီပေါ့ " ဆိုပြီး ဘုန်းကြီးက တုံ့ပြန်ခဲ့ပါတယ်။

၂၀၁၅ တုန်းကလည်း ဟိုတယ်၊ ကွန်ဖူးသင်တဲ့ကျောင်းနဲ့ ဂေါက်ကွင်းပါတဲ့ ဒေါ်လာ သန်း ၃၀၀ နီးပါးတန်တဲ့ ဘုန်းကြီးကျောင်း ဆောက်ဖို့ အစီအစဉ်ကြောင့် ရှောင်လင်ကျောင်းကို ဝေဖန်ခံခဲ့ရပါတယ်။

၁၉၈၂ က ဂျက်လီ ရိုက်တဲ့ ရုပ်ရှင်ကား နာမည် ဖြစ်လို့ ရှောင်လင်ကို ကမ္ဘာအနှံ့ သိကြတာ ဖြစ်ပါတယ်။

ဝိနည်းနဲ့ မညီပေမယ့် ဘုန်းကြီးတပါး မိန်းမယူတာ၊ အသားစားတာတွေ လုပ်ရင်လည်း တရုတ်ပြည်သူအများစုက ဒေါသထွက်လေ့ မရှိကြပါဘူး။

ဒီကိုယ်တော်တွေရဲ့ အချိန်ကို ပြင်းထန်တဲ့ ကာယလေ့ကျင့်ခန်းတွေမှာ မြှုပ်နှံထားပြီး သူတို့ရဲ့ တရားကျင့်ကြံမှုကလည်း ဒီလေ့ကျင့်မှုတွေနဲ့ ပတ်သက်တဲ့အတွက် ဗုဒ္ဓရဲ့ အဆုံးအမကို တိတိကျကျ မလိုက်နာရင်တောင် ကျင့်ဝတ်အရ မေးခွန်းထုတ်စရာလို့ မမြင်ကြတာ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း ဆရာတော်ရှီကို ငွေကြေးခိုးယူမှုနဲ့ စစ်ဆေးနေကြောင်း တရုတ်အာဏာပိုင်တွေက ပြောတဲ့အတွက် ဒီတခါတော့ သည်းညည်းခံတဲ့ပုံ မရှိပါဘူး။

လိမ်ညာခြစားမှုတွေနဲ့ အပြစ်ရှိကြောင်း တွေ့ခဲ့ရင်တော့ တရုတ်လူထုကြားမှာ သူ့ရဲ့ ပုံရိပ်သိက္ခာက အကြီးအကျယ် အထိနာမှာ ဖြစ်ပါတယ်။