ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဗြိတိန်မှာ သံရုံးကြီးဆောက်မယ့်တရုတ်နဲ့ လုံခြုံရေးစိုးရိမ်ချက်တွေ
- ရေးသားသူ, ဒါမီယံ ဂရမ်မာတီကာ
- ရာထူးတာဝန်, နိုင်ငံရေးရာ သတင်းထောက်
စာရွက်ရဲ့ ထိပ်ဆုံးမှာ ''အလိုရှိနေသူ'' လို့ ရေးထားပါတယ်။ အဲဒီစာ အောက်မှာတော့ အမျိုးသမီးငယ်တစ်ဦးရဲ့ ဦးခေါင်းပိုင်း ကိုယ်တစ်ပိုင်းပုံဖြစ်ပါတယ်။ ဓာတ်ပုံ စတူရီယိုထဲမှာ ရိုက်ခဲ့ပုံ ရပါတယ်။ အမျိုးသမီးငယ်ဟာ ကင်မရာကို တည့်တည့်ကြည့်နေပြီး ရယ်နေပုံကလည်း ပါးနှစ်ဖက် တက်ချိတ်မတက် အနေအထားပါ။ ပခုံးပေါ် ဝဲနေတဲ့ဆံပင်ကိုလည်း သေသေသပ်သပ် ဖြီးသင်ထားပါတယ်။
အဲဒီပုံ အောက်မှာတော့ ''ဆုကြေး ဟောင်ကောင်ဒေါ်လာ ၁ သန်း'' လို့ ဆိုတဲ့စာကို အနီရောင်နဲ့ ရေးထားပါတယ်။ ဘေးမှာလည်း ဗြိတိန်ဖုန်းနံပါတ် တစ်လုံးကိုပါ ထည့်ထားပါတယ်။
ဒီဆုကြေးကို ရဖို့ဆိုရင် လုပ်ခိုင်းတာကတော့ ရှင်းရှင်းလေးပါ။ ''အလိုရှိသူနဲ့ပတ်သက်တဲ့သတင်း ပေးနိုင်ရင်၊ သူနဲ့ဆက်နွှယ်တဲ့ရာဇဝတ်မှုအကြောင်း သတင်းပို့နိုင်ရင် ဒါမှမဟုတ် သူ့ကို တရုတ်သံရုံးကို ခေါ်လာနိုင်ရင် '' လို့ ရေးထားပါတယ်။
ဓာတ်ပုံထဲက အမျိုးသမီးဟာ ကျွန်တော့် မျက်စိရှေ့တင်ရှိနေပါတယ်။ သူ့ဘေးနားက အဆောက်အဦကို သူလှမ်းကြည့်လိုက်တော့ တုန်တုန်ရီရီ အနေအထားနဲ့ပါ။
ကျွန်တော်တို့ ရောက်နေတဲ့နေရာဟာ တစ်ချိန်က တော်ဝင် ဒင်္ဂါးနဲ့တံဆိပ်စက်ရုံဝင်းရဲ့ ခြံစည်းရိုးမှာပါ။ တရုတ်က ဒီနေရာမှာ လန်ဒန်မြို့ထဲ သံရုံးအသစ်ကြီး ဆောက်နိုင်ဖို့ မျှော်လင့်ထားတာဖြစ်ပါတယ်။ တရုတ်ဟာ ၁၈၇၇ ခုနှစ်ကတည်းက သူပိုင်ခဲ့တဲ့ ခပ်ကျဥ်းကျဥ်းပရဝုဏ်နေရာမှာ သံရုံးအသစ်ကြီးနဲ့အစားထိုးနိုင်ဖို့ လုပ်နေတာပါ။
လန်ဒန်တာဝါရဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ အခု ပရဝုဏ်အသစ်မှာ တရုတ်အစောင့်တွေက ကင်းလှည့်တာတောင် လုပ်နေကြပါပြီ။ အဆောက်အဦမှာလည်း စောင့်ကြည့်ကင်မရာ စီစီတီဗီတွေ တသီကြီးတပ် ထားပါတယ်။
''ကျွန်မ ဒီလောက်အနီးကပ်တဲ့အထိ တစ်ခါမှ မရောက်ဖူးဘူး'' လို့ ကာမန် လူက ပြောပါတယ်။
အသက် ၃၀ အရွယ် ကာမန်ဟာ ဟောင်ကောင်မှာ ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူတွေကို အဖမ်းအဆီးဖြစ်တော့ ဟောင်ကောင်ကနေ ၂၀၂၁ ခုနှစ်မှာ ထွက်ပြေးလာသူဖြစ်ပါတယ်။
အခုလို အထင်ကရ နေရာတစ်ခုမှာ တရုတ် ''အာဏာရှင်အုပ်စိုးသူတစ်စု''ကို သံရုံးအသစ်ဆောက်ဖို့ ဗြိတိန်အနေနဲ့ ခွင့်မပြုသင့်ဘူးလို့ သူက ပြောပါတယ်။ သူ စိုးထိတ်တဲ့တစ်ချက်က တရုတ်ဟာ ဒီလောက်ကြီးမားတဲ့သံရုံးကြီးတစ်ခုသာရှိထားရင် နိုင်ငံရေး ဆန့်ကျင်ဖီလာ လုပ်သူတွေကို ဖိနှိပ်တာနဲ့ အဆောက်အဦကြီးထဲမှာ အကျဥ်းချထားတာမျိုးတောင် လုပ်နိုင်မှာကို ဖြစ်ပါတယ်။
တရုတ်နွယ်ဖွားတချို့စိုးရိမ်ချက်ကတော့ နောက်တစ်ခုပါ။ သံရုံးအသစ်ရှိတဲ့နေရာဟာ လန်ဒန်ရဲ့ ဘဏ္ဍာရေးဗဟိုချက်နဲ့လည်း အတော်လေးနီးတာကြောင့် သူလျှိုလုပ်ခံရနိုင်ခြေကို စိုးရိမ်ကြတာပါ။ ပြီးတော့ အနီးနားနေထိုင်တဲ့သူတွကလည်း ဒီလိုသာဆိုရင် သူတို့အတွက်လည်း မလုံခြုံတော့ဘူးဆိုတာဖြစ်လာမှာကို စိုးရိမ်တာပါ။
သံရုံးအသစ်ဆောက်မယ့် တရုတ်အစီအစဥ်ကို ဒေသန္တရကောင်စီအဆင့်မှာ အရင်ကလည်း ပယ်ချခံခဲ့ရပါတယ်။ ဒါပေမဲ့ အခုတော့ ဆောက်လုပ်ခွင့် ပေး မပေးဟာ ဗြိတိန်အစိုးရ ဆုံးဖြတ်ဖို့ပဲ ကျန်ပါတော့တယ်။ ဗြိတိန်ဝန်ကြီး အကြီးပိုင်းတွေကတော့ သံရုံးအသစ်ဆောက်မယ့် အစီအစဥ်မှာ နည်းနည်းပါးပါး ညှိနှိုင်းပြင်ဆင်ခိုင်းတာမျိုးလောက်ပဲလိုမယ်ဆိုပြီး စကားဟ လာတာတွေရှိပါတယ်။
အဲဒီနေရာဟာ စတုရန်းမီတာ နှစ်သောင်း ကျယ်ဝန်းပါတယ်။ ဆက်သာ ဆောက်ဖြစ်မယ်ဆိုရင် ဒီသံရုံးဟာ ဥရောပမှာ အကြီးဆုံးသံရုံးကြီး ဖြစ်လာမှာဖြစ်ပါတယ်။ ဒီလိုသာဆိုရင် အတိုက်အခံတွေ ကြောက်ကြတဲ့စိုးထိတ်မှုတွေရော ဖြစ်လာနိုင်ခြေရှိပါသလား။
ဥရောပမှာ အကြီးမားဆုံး သံရုံးကြီး
တရုတ်ဟာ တစ်ချိန်က တော်ဝင် ဒင်္ဂါးနဲ့တံဆိပ်စက်ရုံအဆောက်အဦဝင်းကြီးကို ဗြိတိသျှ ပေါင်ငွေ ၂၅၅ သန်းနဲ့ ၂၀၁၈ ခုနှစ်မှာ ဝယ်ခဲ့ပါတယ်။ အဲဒီနေရာဟာ သမိုင်းအထပ်ထပ် ရစ်ချည်ထားတဲ့နေရာလို့လည်း ဆိုနိုင်ပါတယ်။ လမ်းတစ်ဖက်မှာ လန်ဒန်တာဝါ ဖြစ်ပြီး အဆောက်အဦဝင်းရဲ့ တချို့နေရာတွေကို ဧကရာဇ် ဝီလီယံက ဆောက်လုပ်ခဲ့ပါတယ်။ ဘုရင်တွေ၊ ဖိဖုရားတွေ ရာစုနှစ်နဲ့ချီ စံမြန်းခဲ့ကြတဲ့ အိမ်တော်ရာဆိုလည်း မမှားပါဘူး။
တရုတ်က အဲဒီနေရာကို သံရုံးအသစ်ဆောက်ဖို့ လျာထားတဲ့အထဲမှာ ယဥ်ကျေးမှု စင်တာတစ်ခုနဲ့ ဝန်ထမ်း ၂၀၀ အတွက် အဆောင်လည်း ပါဝင်ပါတယ်။ မြေအောက်ထပ်နဲ့ လုံခြုံရေးတံခါးတွေရဲ့နောက်ကွယ်မှာ အခန်းလွတ်တွေ အများကြီး ကျန်ဦးမှာဖြစ်ပေမဲ့ အဲဒီနေရာတွေကို ဘာအတွက်သုံးမယ်ဆိုတာမျိုး တိတိပပ မပြောထားသေးပါဘူး။
''တရုတ်သံရုံးကသာ ကျွန်မကို ဆွဲသွားရင် ဘာဖြစ်သွားမလဲဆိုတာ တွေးကြည့်ရင်တောင် ပုံပေါ်နေပါပြီ'' လို့ ကာမန်က ပြောပါတယ်။
၂၀၂၂ ခုနှစ်မှာ ဟောင်ကောင် ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူ တစ်ဦးဟာ မန်ချက်စတာမြို့မှာရှိတဲ့ တရုတ်ကောင်စစ်ဝန်ရုံးဝင်းထဲကို ဆွဲခေါ်ခံရပြီး အရိုက်ခံရပါတယ်။ အနီနားမှာရှိတဲ့ ဗြိတိသျှရဲတွေက ဝင်ပြီး အဲဒီအမျိုးသားကို ကယ်ခဲ့ရပါတယ်။
ဟောင်ကောင်ဒေသခံတွေကို တရုတ်ပြည်မကြီးကို လွှဲပြောင်းရမယ်ဆိုတဲ့ ဥပဒေတစ်ရပ်ကို ၂၀၁၉ ခုနှစ်မှာ ပြဋ္ဌာန်းလိုက်တဲ့အခါ ဟောင်ကောင်မှာ ဆန္ဒပြပွဲကြီးတွေ ပေါ်ပေါက်ခဲ့ပါတယ်။
တရုတ်ရဲ့တုံ့ပြန်ပုံကတော့ ဟောင်ကောင်က ရွေးကောက်ခံအရာရှိတွေ အားလုံးဟာ တရုတ်ကို သစ္စာခံပါ့မယ်ဆိုပြီး ကျမ်းကျိန်ရတဲ့ဥပဒေတစ်ရပ်လည်း ပါဝင်ပါတယ်။
ဒီလိုကျမ်းကျိန်ရမယ့်သူတွေထဲမှာ ကာမန်တို့လို ခရိုင်အဆင့်ကောင်စီဝန်တွေလည်း ပါဝင်ပါတယ်။ ကာမန်ကတော့ ကျမ်းကျိန်မယ့်အစား ရာထူးကနေ နုတ်ထွက်ခဲ့ပါတယ်။
တရုတ်နိုင်ငံပိုင် မီဒီယာက သတင်းထောက်တွေဟာ သူ့နောက်ကို ထပ်ကြပ်မကွာလိုက်နေခဲ့တယ်လို့ ကာမန်က ပြောပါတယ်။ တာကောင်ပေါင်း သတင်းစာကို ဘေကျင်းမြို့က တရုတ်ဗဟို အစိုးရက ထိန်းချုပ်တာဖြစ်ပြီး သတင်းစာရှေ့ဖုံးမှာဆိုရင် ကာမန်နဲ့ သူ့ လုပ်ဖော်ကိုင်ဖက်တွေဟာ ကောင်စီရုံးတွေမှာ ပါတီပွဲတွေလုပ်ခဲ့ကြတယ်လို့ စွပ်စွဲရေးသားဖော်ပြခဲ့ပါတယ်။
''အာဏာရှင်အစုအဖွဲ့ရဲ့ လက်စလက်န ဘယ်လိုဖြစ်တယ်ဆိုတာကို ရှင်တို့လည်း မှန်းမိကြမှာပဲလေ'' လို့ သူကပြောပါတယ်။ ''သူတို့ ရှင့်နောက်ကို နောက်ယောင်ခံလိုက်မယ်။ ထိပါးဖို့ လုပ်မယ်။ ကျွန်မ မိတ်ဆွေတွေ လုပ်ဖော်ကိုင်ဖက်တွေ အဖမ်းခံခဲ့ရတယ်''
ဒီလိုနဲ့ ကာမန် လန်ဒန်မြို့ကို ထွက်ပြေးလာပါတယ်။ ဒါပေမဲ့ သူ့ကို နောက်ယောင်ခံလိုက် ပစ်မှတ် ထားတုန်းလို့ သူ ယုံကြည်နေပါတယ်။
ဟောင်ကောင်ဘက်ကတော့ သူကို ဖမ်း ဝရမ်း နှစ်ခု ထုတ်ပါတယ်။ ''ခွဲထွက်အောင် လှုံ့ဆော်မှုနဲ့ ပြည်ပနိုင်ငံတစ်နိုင်ငံတစ်ခုနဲ့ လျှို့ဝှက်ပူးပေါင်းကြံစည်မှု ဒါမှမဟုတ် အမျိုးသား လုံခြုံရေးကို အန္တရာယ်ဖြစ်စေမယ့် ပြင်ပအင်အားစုတွေနဲ့ ပူးပေါင်းမှု'' လို့ စွပ်စွဲပါတယ်။
ဟောင်ကောင်ကနေ ထုတ်တဲ့ ဆုကြေးထုတ်တဲ့စာဟာ သူ့အိမ်နီးချင်းနားအထိကို ကပ်ပါလာပါတယ်။
''အာဏာရှင်အစုအဖွဲ့ဟာ ပြည်ပမှာရှိတဲ့ ခေါင်းထောင်တဲ့ တက်ကြွလှုပ်ရှားသူ မှန်သမျှကို ရှင်းချင်တာ'' လို့ သူက ပြောပါတယ်။
လန်ဒန်က SOAS တက္ကသိုလ်မှာ တရုတ်အင်စတီကျူရဲ့ ဒါရိုက်တာလည်းဖြစ်၊ သမိုင်းနဲ့ နိုင်ငံရေးသိပ္ပံဆိုင်ရာပညာရှင်လည်းဖြစ်တဲ့ စတိဗ် ဆန်ကတော့ ဟောင်ကောင်က လူတွေ ဒါမှမဟုတ် တချို့ နောက်ခံအကြောင်းတရားရှိသူတွေဟာ သံရုံးအသစ်နဲ့ပတ်သက်ပြီး စိတ်မသက်မသာဖြစ်ကြရတာကို သူနားလည်နိုင်တယ်လို့ ပြောပါတယ်။
''တရုတ်အစိုးရဟာ ၁၉၄၉ ခုနှစ်ကတည်းကဆိုရင် သူတို့ရဲ့သံရုံးဝင်းတွေထဲမှာ လူတွေကို ထိန်းသိမ်းထားတာ၊ ပြန်ပေးဆွဲတာမျိုး မှတ်တမ်းရှိမထားဘူး'' လို့တော့ သူက ပြောပါတယ်။
ဒါပေမဲ့ သံရုံးဝန်ထမ်းတချို့ကတော့ ဗြိတိန်က တရုတ်ကျောင်းသားတွေနဲ့ နွယ်ဖွားတွေကို စောင့်ကြည့်ဖို့ စေခိုင်းခံရတာမျိုး ရှိနိုင်တယ်လို့ ဆိုပါတယ်။ တရုတ်ရဲ့အကျိုးစီးပွားကို ရှေ့တန်းရောက်နိုင်ဖို့ သူတို့ဟာ သိပ္ပံပညာရှင်တွေ၊ စီးပွားရေးသမားတွေ၊ လွှမ်းမိုးမှုရှိတဲ့သူတွေလို ဗြိတိန်နိုင်ငံသားတွေကို ပစ်မှတ်ထားတာမျိုးလည်းဖြစ်နိုင်တယ်လို့ သူက ပြောပါတယ်။
တရုတ်သံရုံးကတော့ '' သံရုံးအနေနဲ့ တရုတ်နဲ့ ဗြိတိန်လူထုကြား ချစ်ကြည် နားလည်မှုကို တိုးမြှင့်ဖို့ လုပ်ဆောင်နေသလို နှစ်နိုင်ငံစလုံးအတွက် အကျိုးရှိစေမယ့် တိုးတက်မှုကဏ္ဍမှာ ပူးပေါင်းဆောင်ရွက်ဖို့လည်း ရည်သန်ထားပါတယ်။ သံရုံးအသစ်ကို တည်ဆောက်တာဟာ ကျွန်ုပ်တို့ရဲ့ တာဝန်ဝတ္တရားတွေကို ပိုကောင်းမွန်အောင် ဆောင်ရွက်ရာမှာ အထောက်အကူဖြစ်စေမှာပါ'' လို့ ဘီဘီစီကို ပြောပါတယ်။
သူလျှိုလုပ်နိုင်ခြေ သတိပေးချက်
အတိုက်အခံအချို့ နောက်ထပ် စိုးရိမ်နေကြတဲ့တစ်ချက်ကတော့ တရုတ်ဟာ လန်ဒန်မြို့က ကုမ္ပဏီတွေရဲ့အတိမ်းအစောင်းမခံတဲ့အချက်အလက်တွေရှိရာ ဖိုက်ဘာ အင်တာနက် ဆက်ကြောင်းတွေကို ထောက်လှမ်းပြီး ဗြိတိန်ရဲ့ ဘဏ္ဍာရေး စနစ်ထဲကို စိမ့်ဝင်ထိုးဖောက်ဖို့ ဒင်္ဂါးနဲ့တံဆိပ်စက်ရုံဝင်းကို အသုံးပြုမှာကို ဖြစ်ပါတယ်။
အဲဒီနေရာဟာ တစ်ချိန်တုန်းက ဘာကလေးစ် ဘဏ်ရဲ့ကုန်သွယ်ရေးအထပ်ရှိခဲ့ပါတယ်။ အဲဒီကနေ ဗြိတိန်ရဲ့ ဘဏ္ဍာရေးအခြေခံအဆောက်အဦထဲကို ချိတ်ဆက်ထားပါတယ်။ အနီးနားမှာတော့ ၁၉၈၅ ခုနှစ်ကတည်းက ဆောက်ထားတဲ့ လိုဏ်ခေါင်းတစ်ခုရှိပါတယ်။ သိမ်းမြစ်အောက်ကနေ ဖြတ်ပြီး လန်ဒန်မြို့တော်က ကုမ္ပဏီပေါင်းများစွာကို ဝန်ဆောင်မှုပေးနေတဲ့ ဖိုက်ဘာအင်တာနက်ဆက်ကြောင်းကို အဲဒီလိုဏ်ခေါင်းကနေ ဖြတ်သန်းပါတယ်။
အဲဒီဝင်းကြီးထဲမှာပဲ ၅ ထပ်မြင့်တဲ့အုတ်တိုက်ကြီး ရှိနေပါတယ်။ အဲဒီတိုက်ကြီးဟာ လန်ဒန်တစ်မြို့လုံးကို ခေါ် ဆိုနိုင်တဲ့ တယ်လီဖုန်းလိုင်းခွဲနေရာလည်းဖြစ်ပါတယ်။
ဆောက်သမ်တမ် တက္ကသိုလ်က အီလက်ထရောနစ်ပစ္စည်းတွေနဲ့ သူတို့ရဲ့စနစ်အကြောင်း ကျွမ်းကျင်သုတေသီ ပါမောက္ခ ပါလီကလစ် ပက်ထရိုပိုလော့စ်ကတော့ တယ်လီဖုန်း လိုင်းခွဲရုံတစ်ခုကို တိုက်ရိုက် အသုံးပြုခွင့်ရရုံရဲ့ သတင်းအချက်အလက်ကို ကောက်သင်းကောက်သလို ကောက်နိုင်ပြီလို့ ဆိုပါတယ်။
ဒါတွေဟာ သူလျှိုလုပ်လာနိုင်ခြေရှိတယ်ဆိုပြီး ကွန်ဆာဗေးတစ် ရှေ့တန်းအမတ် ကယ်ဗီ ဟိုလင်ရိတ်နဲ့ အမေရိကန်က အကြီးတန်း ရီပတ်ဘလင်ကန်ပါတီဝင်တို့လို့ လူတွေဆီက သတိပေးချက်တွေ ထွက်လာစေပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် လက်ထက်မှာ လုံခြုံရေးပိုင်း အတွေ့အကြုံရှိခဲ့သူ အရာရှိတစ်ဦးကတော့ သတင်းအချက်အလက်တွေ ဖြတ်ကျော် စီးဆင်းနိုင်မယ့် ကိရိယာတွေကို ကေဘယ်ကြိုးတွေမှာ ချိတ်ဆက် ဖြတ်ယူ ရရှိဖို့ဟာ လွယ်လှတယ်လို့ ကျွန်တော့်ကို ပြောပါတယ်။ ပြီးတော့ ဒီလိုလုပ်တာကို စောင့်ကြည့်ဖို့လည်း ခက်တယ်လို့ ဆိုပါတယ်။
''အဲဒီသံရုံးနဲ့ မိုင်ဝက်လောက်အကွာအဝေးအတွင်းက ဘယ်လိုအရာကိုမဆို ဒီလိုလုပ်လို့ရတယ်'' လို့ သူက ပြောပါတယ်။
ဒါပေမဲ့လည်း တရုတ်ဟာ စနစ်တွေထဲကို ဟတ်ပြီး ဝင်ရောက်နိုင်တဲ့နည်းလမ်းတွေရှိတာကြောင့် ဒီလိုနည်းလမ်းမျိုးကို မသုံးတန်ရာဘူးလို့ သူက သုံးသပ်ပါတယ်။
ဒီစိုးရိမ်ချက်တွေနဲ့ပတ်သက်ပြီး တရုတ်သံရုံးက ''တရုတ်ဆန့်ကျင်ရေးအင်အားစုတွေဟာ လုံခြုံရေးအန္တရာယ်ဆိုတဲ့အကြောင်းပြချက်ကို ဆင်ခြေပေးပြီး သံရုံးအသစ် ဆောက်လုပ်ရေး လျှောက်ထားချက်ကို ဗြိတိန်အစိုးရဲ့စဉ်းစားသုံးသပ်မှုကို အဟန့်အတားဖြစ်အောင် လုပ်နေတယ် '' လို့ ပြောပါတယ်။
''ဒီလိုလုပ်ရပ်မျိုးဟာ စက်ဆုပ်ဖွယ်ကောင်းတဲ့လုပ်ရပ်ဖြစ်ပြီး အောင်မြင်မှာလည်း မဟုတ်ပါဘူး''
ကပ်လျက်က အိမ်နီးချင်းတွေ အမြင်
အဲဒီဝင်းရဲ့ အနောက်ဘက်မှာတော့ ၁၉၈၀ ပြည့်နှစ်တွေတုန်းက ဆောက်ထားတဲ့ လူနေ တိုက်ခန်းတွေ ရှိနေပါတယ်။ မာ့ခ် နိုင်ဂိတ်က အဲဒီမှာ နေထိုင်နေတာ နှစ်ပေါင်း ၂၀ ကျော်ပါပြီ။ သူက ခပ်နိမ့်နိမ့် ပန်းခြံနံရံကို လက်ညှိုးထိုးပြပြီး ''သံရုံးဝန်ထမ်းတွေက အဲဒီမှာနေပြီး ကျွန်တော်တို့ကို စီးမိုး ကြည့်လို့ရတယ်'' လို့ ပြောပါတယ်။
''ဆန္ဒပြကြလို့ သံရုံးကို မဆောက်စေချင်တာမဟုတ်ဘူး။ ကျွန်တော်တို့ရဲ့ ပုဂ္ဂလ လုံခြုံရေးရော လုံခြုံရေးပိုင်းစိုးရိမ်ရတာတွေကြောင့်ရော မဆောက်စေချင်တာ''
သံရုံးဆောက်တာကို ကန့်ကွက်ကြသူတွေထဲ ဟောင်ကောင်သူ ဟောင်ကောင်သားတွေ၊ ဝီဂါတွေနဲ့ အတိုက်အခံနိုင်ငံရေးသမားတွေပါဝင်ပါတယ်။ သူတို့ဟာ လူပေါင်း ၆ ထောင်လောက် အင်အားနဲ့ ဆန္ဒပြ ကန့်ကွက်တာတွေ အကြိမ်ကြိမ်လုပ်ခဲ့ပြီးဖြစ်ပါတယ်။
ဒါပေမဲ့ မာ့ခ် စိုးရိမ်တာက သံရုံးကို တိုက်ခိုက်မှု လုပ်လာကြမှာကို ဖြစ်ပါတယ်။ ဒီလိုဆိုရင် သူရော သူ့အိမ်နီးချင်းတွေရော ထိခိုက်ရမှာလို့ မာ့ခ်က ယူဆပါတယ်။
ဒါပေမဲ့ လက်ရှိသံရုံးနားမှာနေထိုင်တဲ့ လန်ဒန်စီးပွားရေးကျောင်း အစိုးရဆိုင်ရာဌာနက ဧည့်ပါမောက္ခ တိုနီ ထရေဗာစ်ကတော့ သံရုံးအပြောင်းအလဲ ဆက်ဖြစ်တာတောင် အခုလို ဆန္ဒပြမှုတွေဟာ လက်ပါ ခြေပါတာမျိုး ဖြစ်လာဖို့ရာ မမြင်ဘူးလို့ ယူဆပါတယ်။
''အခုဆို လက်ရှိတရုတ်သံရုံးအပြင်ဘက်က ပုံမှန်လမ်းပိတ်ပြီး ဆန္ဒပြတာမျိုးကိုတောင် ကျွန်တော် သတိမထားမိပါဘူး။ တခြားနိုင်ငံတွေက သံရုံးတွေနဲ့ မဟာမင်းကြီးရုံးတွေရဲ့ အပြင်ဘက်မှာ လုပ်လေ့လုပ်ထ ရှိကြတဲ့ ဆန္ဒပြပွဲတွေထက်စာရင်ပေါ့လေ''
လန်ဒန်မှာရှိတဲ့ တရုတ်သံရုံးကတော့ အဆိုပြုထားတဲ့ ဆောက်လုပ် မွမ်းမံမှုအပိုင်းဟာ ''ပတ်ဝန်းကျင် အမြင်ကို အမြင်တင့်သွားစေမယ့်အပြင် ဒေသခံအသိုင်းအဝိုင်းနဲ့ နယ် အတွက်လည်း အကျိုးယုတ်စေမယ်လို့ မထင်တဲ့အကြောင်း '' ပြောပါတယ်။
သမ္မတရှီက ဒီကိစ္စကို ပြောလာတဲ့အခါ
အဲဒီနေရာကို ဆောက်လုပ်ရေးလုပ်ဖို့ တရုတ်ရဲ့ ပထမဆုံး လျှောက်ထားမှုကို တာဝါ ဟဲမက်စ် ကောင်စီက ၂၀၂၂ ခုနှစ်မှာ ပယ်ချခဲ့ပါတယ်။ လုံခြုံရေးနဲ့ ဘေးကင်းရေးဆိုင်ရာ စိုးရိမ်ချက်တွေ၊ ပြီးတော့ ဆန္ဒပြတာတွေနဲ့ အဲဒီအတွက် လုံခြုံရေးအစီအမံတွေ ပြုလုပ်တာကြောင့် ခရီးသွား လုပ်ငန်းကို ပျက်စီးစေနိုင်တယ်ဆိုတဲ့ စိုးရိမ်ချက်ကြောင့်ဖြစ်ပါတယ်။
အဲဒီအစီအစဉ်ကို ပြင်ဆင်တာ၊ အယူခံတာထက် တရုတ်ဟာ အချိန်စောင့်ဆိုင်းပြီး ၂၀၂၄ ခုနှစ်၊သြဂုတ်လမှာ အလားတူ လျှောက်လွှာပဲ ပြန်တင်ပါတယ်။ အဲဒီအချိန်ဟာ ဗြိတိန်မှာ လေဘာပါတီ အစိုးရစတင် အာဏာရတဲ့ တစ်လအကြာလည်းဖြစ်ပါတယ်။
သြဂုတ်လ ၂၃ ရက်မှာ ဗြိတိသျှ ဝန်ကြီးချုပ် ကီယာ စတားမာဟာ တရုတ်သမ္မတရှီကျင့်ဖျင်နဲ့ ဖုန်းကနေ ပထမဆုံး စကားပြောဆိုပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ ရှီဟာ သံရုံးကိစ္စကို ပြောခဲ့တယ်လို့ ဆာ ကီယာ က အတည်ပြုပြောဆိုခဲ့ပါတယ်။
အဲဒီကတည်းက ဒုတိယဝန်ကြီးချုပ် အိန်ဂျလာ ရေနာက သူ့လုပ်ပိုင်ခွင့်ကို ကျင့်သုံးပြီး ဒီကိစ္စကို ဒေသကောင်စီလက်ထဲကနေ လွှဲယူခဲ့ပါတယ်။ ဗြိတိသျှနိုင်ငံခြားရေးဝန်ကြီး ဒေးဗစ် လမ်မီက အဲဒီလိုလုပ်ဖို့ သူ့ကို တိုက်တွန်းခဲ့ပါတယ်။
ဒါဟာ ရှေ့က ဗြိတိသျှဝန်ကြီးချုပ် ရီရှီး ဆူးနက်က ဗြိတိန်- တရုတ် ရွှေခေတ်ဆက်ဆံရေး ပြီးဆုံးပြီလို့ ၂၀၂၂ ခုနှစ်မှာ ကြေညာခဲ့အပြီးမှာ ဗြိတိသျှအစိုးရသစ်က တရုတ်နဲ့ ပြန်လည် ထိတွေ့ဆက်ဆံဖို့ ကြိုးပမ်းမှုလို့ နားလည်နိုင်ပါတယ်။
ပါမောက္ခ ထရေဗာစ်ကတော့ နိုင်ငံရေးမှာ စီမံကိန်းဆိုင်ရာဆုံးဖြတ်လုပ်ကိုင်ရတာတွေလည်း ပါဝင်တယ်လို့ ပြောပါတယ်။
''နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ သူတို့ရှေ့မှာ မြင်ရတဲ့ စာရွက်စာတမ်းကို ကြည့်၊ ပြီးတော့ ဒါနဲ့ပတ်သက်ပြီး ဥပဒေကြောင်းအရ ဘယ်လိုရှိလဲ၊ ဘာက ပြဿနာလဲဆိုတာကို အခြေခံ ဆုံးဖြတ်ရတာ''
''ဒါပေမဲ့ ဒီနေရာမှာ နိုင်ငံရေး မနွှယ်ဘူးလို့ တွေးမိရင်တော့ အတွေးမှားမယ်''
တရုတ်နဲ့ ပါးယက် နားယက်လုပ်ခြင်း
ဗြိတိန်အမျိုးသား လုံခြုံရေးကောင်စီ ဥက္ကဋ္ဌဖြစ်ပြီး သံတမန်ဟောင်းလည်းဖြစ်တဲ့ လော့ ပီတာ ရစ်ကတ်စ်ကတော့ တရုတ်နဲ့ ဗြိတိန်ရဲ့ဆက်ဆံရေးဟာ ရှုပ်ထွေးလှတယ်လို့ ပြောပါတယ်။ သူက ကမ္ဘာလုံးဆိုင်ရာခြိမ်းခြောက်မှု ပြဿနာတွေနဲ့ပတ်သက်ပြီး ဝန်ကြီးချုပ်ကို အကြံပြုသူပါ။
အမျိုးသားလုံခြုံရေး ဗျူဟာ ကတော့ ဇွန်လတုန်းက စာတစ်စောင်ထုတ်ပါတယ်။ အဲဒီမှာ အစိုးရရဲ့ ချဉ်းကပ်ပုံမှာ ဦးစားပေးရမယ့်ကိစ္စတွေနဲ့ ဗြိတိန်စီးပွားရေးတက်ဖို့ တရုတ်- ဗြိတိန် ဆက်ဆံရေးကို အသုံးချလိုမှုကြားမှာ ထွေးရောယှက်တင်နေသလို လူ့ခွင့်အရေးနဲ့ ဆိုက်ဘာလုံခြုံရေးကြားမှာ ဗျာများနေတယ်ပုံပေါ်တယ်လို့ သုံးသပ်ပါတယ်။
''တချို့နယ်ပယ်တွေမှာတော့ လုံးဝ ဆန့်ကျင်ဘက်ဖြစ်နေတယ်။ ကျွန်တော်တို့ရဲ့ ဉာဏ္ဏမူပိုင်ခွင့်ကို ခိုးယူဖို့ ကြိုးပမ်းတာ ဒါမှမဟုတ် ကျွန်တော်တို့ နိုင်ငံသားတွေကို မမှန်သက်သေ ထွက်ဆိုခိုင်းတာမျိုး'' လို့ လော့ ရစ်ကတ်က ပြောပါတယ်။ ''ဒါပေမဲ့ စျေးကွက်တစ်ခုဖြစ်နေတယ်။ ရာသီဥတုပြောင်းလဲမှုနဲ့ ကျန်းမာရေးလို ကမ္ဘာလုံးဆိုင်ရာ ကိစ္စရပ်ကြီးတွေမှာ တကယ့် အခရာကျသူလည်း ဖြစ်နေပြန်တယ်''
''ကျွန်တော်တို့ဟာ တရုတ်ကို ဒီလိုအခန်းကဏ္ဍတွေမှာ တူညီတဲ့ဆက်ဆံမှုနဲ့ ဆက်ဆံနိုင်ရပါမယ်''
ဒါပေမဲ့ သံရုံးကိစ္စနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်ဟာ အဲဒီလိုဆက်ဆံမှုကို အသည်းခွဲရာရောက်တဲ့ ကိစ္စဖြစ်စေတယ်လို့ သူကပြောပါတယ်။ ''တကယ့်ကို ဒွိဟ ဖြစ်စရာတွေလည်းရှိတယ်၊ ဆုံးဖြတ်ချက်ချရမှာတွေလည်း ရှိမယ်၊ တရုတ်နဲ့ရှိထားပြီးသား နှစ်ပေါင်း ၃၀၊ ၄၀၊ ၅၀ ကြာ ဆက်ဆံရေးကို သံရုံးတစ်ရုံးဆောက်ခွင့်ပေးပြီး ဆက်လက်ခိုင်ကြည်ဖို့ လုပ်မယ်ဆိုရင်လည်း လုပ်စရာပေါ့လေ၊ ဒီလိုပဲ မြင်တယ် ''
''ဒါမှမဟုတ်လည်း ကာလတိုလုံခြုံရေး ခြိမ်းခြောက်မှုတွေကို ဦးစားပေး စဥ်းစားမလားပေါ့''
ကွန်ဆာဗေးတစ် လွှတ်တော်အမတ် ဆာ ဒန်ကန် စမစ်ကတော့ သံရုံးအသစ်ဆောက်ဖို့ မီးစိမ်းပြလိုက်ရင် အမှားကြီး မှားလိမ့်မယ်လို့ပြောပါတယ်။ ''စီးပွားရေးတိုးလာဖို့နဲ့ တရုတ်က လာရင်းနှီးမြှုပ်နှံတာတွေလုပ်ဖို့ဆိုရင် တရုတ်နဲ့ ပါးယက် နားယက်လုပ်တာကပဲ နည်းလမ်းတစ်ခုလို့ သူတို့ ထင်နေကြတာ'' လို့ သူက ကျွန်တော့်ကို ပြောပါတယ်။
ဒါပေမဲ့ လုံခြုံရေးနဲ့ပတ်သက်ပြီး အားလုံးစိုးရိမ်ကြပေမဲ့ သံရုံးကြီး တစ်ခုရှိနေတာဟာ ဗြိတိန်မှာ တရုတ်အရာရှိတွေ ဘာတွေကြံနေလဲဆိုတာကို ကြည့်နိုင်ဖို့ ပိုလွယ်သွားမယ်လို့ ပါမောက္ခ ဆန်က ပြောပါတယ်။
''တရုတ်ကို သူ့ဝန်ထမ်းတွေကို တစ်နေရာတည်းမှာ စုထားစေသလို ဖြစ်သွားစေတယ်'' လို့ သူက သုံးသပ်ပါတယ်။ ''ဘာကြောင့်လဲဆိုရင် လန်ဒန်တစ်မြို့လုံး နှံ့နေရင် စောင့်ကြည့်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူးလေ''
သံရုံးဆောက်ခွင့်ပဲ ပေးပေး၊ ပယ်ချတာပဲ လုပ်လုပ် စီးပွားရေးနဲ့ ကုန်သွယ်ရေးကို သက်ရောက်မယ်ဆိုတာကိုတော့ သူ လက်မခံလှပါဘူး။
''တရုတ်တွေက လုံးဝကို လက်တွေ့ကျတယ်။ နိုး ဆိုပြီး သူတို့က ချက်ချင်း တုံ့ပြန်မှာတော့ မဟုတ်ဘူး။ သံရုံးကို ပေးမဆောက်လို့ ကျွန်တော်တို့ရဲ့ လျှပ်စစ်ကားကောင်းကောင်းတွေကို ခင်ဗျားတို့ကို မရောင်းတော့ဘူးလို့ ပြောမှာမဟုတ်ဘူး။ ''
''သူတို့ကို သံရုံးအသစ်ပေးဆောက်လိုက်လို့ ဗြိတိန်မှာ တရုတ်ရင်းနှီးမြှုပ်နှံမှုတွေကို သိသိသာသာကြီး တိုးမြှင့်သွားမှာကိုလည်း လုပ်လိမ့်မှာမဟုတ်ဘူး'
ဒုတိယဝန်ကြီးချုပ် အိန်ဂျလာ ရေနာလည်း ဒီလို တွေးထင်မယ်ဆိုရင်တော့ သူ့ ဆုံးဖြတ်ချက်ဟာ တရုတ်ဟာ ဗြိတိန်ဘဏ်တွေအပေါ် ခိုးနားထောင်နိုင်တယ်ဆိုတဲ့ သတိပေးချက်တွေကို သူ ဘယ်လောက် ထည့်သွင်းစဉ်းစားတွက်ချက်မလဲဆိုတာအပေါ် မူတည်ပါလိမ့်မယ်။
သံရုံးဆောက်လုပ်ခွင့်ကို သူက ပယ်ချလိုက်မယ်ဆိုရင်တော့ ဖြစ်နိုင်မယ့် အန္တရာယ်ဟာ တကယ်ရှိတယ်လို့ သူ သုံးသပ်တာကြောင့်ပဲ ဖြစ်ပါလိမ့်မယ်။
ထိပ်ဆုံး ဓာတ်ပုံ ခရစ်ဒဏ် - Reuters, Richard Baker via Getty Images, SOPA Images via Getty Images and EPA -EFE/REX/Shutterstock