အဆိပ်သင့် ဒေလီ လေထုကြောင့် နာမကျန်းတဲ့ ကလေးတွေ

    • ရေးသားသူ, နိကီတာ ယာဒဗ်
    • ရေးသားသူ, ဗီကတ်စ် ပန်ဒီ
    • ရေးသားသူ, နီခေလ် အီနမ်ဒါ
    • ရေးသားပေးပို့သည့်နေရာ, in Delhi

အိန္ဒိယနိုင်ငံရဲ့ မြို့တော် ဒေလီကို လွှမ်းခြုံထားတဲ့ အဆိပ်သင့်မြူတွေက ဘယ်သူ့ကိုမှ ချန်လှပ်မထားဘဲ ဒုက္ခပေးနေပါတယ်။ အဆိုးဆုံးကတော့ ထပ်တလဲလဲ ခြိမ်းခြောက်နေတဲ့ လေထုညစ်ညမ်းမှု ပြဿနာကြောင့် ကလေးငယ်တွေရဲ့ ကျန်းမာရေး ထိခိုက်လာနေတာပါ။

ဒါတွေရဲ့ သက်ရောက်မှုကို ကလေးအထူးကုဆရာဝန်တွေရဲ့ ဆေးခန်းတွေထက် ထင်ထင်ရှားရှား တွေ့နိုင်တဲ့နေရာ မရှိပါဘူး။

ပြီးခဲ့တဲ့ ရက်တွေတုန်းက ဒေလီမြို့နားက နိုအိဒါမြို့ မှာရှိတဲ့ ဆေးခန်းတစ်ခုကို နေ့လယ်ခင်းအချိန်မှာသွားကြည့်ခဲ့ပါတယ်။

ဆရာဝန် စမ်းသပ်ခန်းအပြင်ဘက်မှာရှိတဲ့၊ လူပြည့်ကျပ်နေတဲ့ စောင့်ဆိုင်းခန်းမှာ စိုးရိမ်ပူပန်နေတဲ့ မိဘတွေကို နှာချေ၊ ချောင်းဆိုး၊ အသက်ရှူကျပ် ဝေဒနာကို ခံစားနေရတဲ့ ကလေးတွေနဲ့ အတူ တန်းစီနေတာ တွေ့ရပါတယ်။

မြို့တော်ရဲ့ လေထုအရည်အသွေးက အန္တရာယ်ရှိတဲ့ အဆင့်ကို ထိုးဆင်းသွားတာနဲ့အမျှ ဆရာဝန်နဲ့ ပြဖို့လာတဲ့ ကလေးလူနာတွေ ဆေးခန်းမှာစောင့်ရတဲ့ အချိန်တွေက ပုံမှန်ထက် ပိုကြာလာပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ အောက်တိုဘာလမှာ ကလေးအများစု နေမကောင်းဖြစ်လာခဲ့ကြပါတယ်။

ဆောင်းရာသီ ရောက်လာရင် ဒေလီနဲ့ အိန္ဒိယမြောက်ပိုင်း ဒေသတွေမှာ လေထုအဆိပ်သင့်တာက အကြိမ်များစွာ ဖြစ်တတ်တဲ့ ပြဿနာပါ။

ဒီပြဿနာဖြစ်စေတဲ့ တစ်ခုတည်းသော အကြောင်းရင်းမရှိပေမဲ့ လေတိုက်နှုန်း နည်းတာ၊ စက်မှုလုပ်ငန်းတွေက မီးခိုးတွေ စွန့်ထုတ်တာ၊ မော်တော်ယာဉ်တွေက မီးခိုးတွေထွက်တာ၊ အပူချိန်ကျဆင်းလာတာနဲ့ အနီးအနားက ပြည်နယ်တွေမှာ ရာသီအလိုက် ကောက်ရိုး မီးရှို့တာစတဲ့ အကြောင်းအရာပေါင်းစုံ ပေါင်းစပ်ပါဝင်နေပါတယ်။

ပြီးခဲ့သော တစ်လက စပြီး ဒေလီမြို့ရဲ့ လေထုအရည်အသွေးညွှန်းကိန်း (AQI) ဟာ ၃၀၀ နဲ့ ၄၀၀ ကြားမှာ ရှိနေခဲ့ပါတယ်။

ဒါဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အကြံပြုထားတဲ့ ကန့်သတ်ချက်ထက် အဆ ၂၀ ကျော် ပိုများနေတာ ဖြစ်ပါတယ်။

၄၀၀ ကျော်တဲ့ အညွှန်းကိန်းဟာ ကျန်းမာတဲ့ လူတိုင်းကို ထိခိုက်စေပြီး ရောဂါအခံရှိသူတွေကို ပြင်းပြင်းထန်ထန် သက်ရောက်ပါတယ်။ ဒါ့အပြင် PM2.5 (၂.၅ မိုက်ခရိုမီတာနဲ့ အဲဒီထက်သေးတဲ့ အမှုန်အမွှားလေးတွေ )အမှုန်အမွှားတွေနဲ့ အများအပြား ထိတွေ့တာဟာ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေကို အဆိုးရွားဆုံး ထိခိုက်စေပါတယ်။

ရှူရှိုက်ဖို့မသင့်အောင် ညစ်ညမ်းနေတဲ့ လေထုကြောင့် နေမကောင်းဖြစ်နေတဲ့ ကလေးတွေ မြို့တော်တစ်ဝန်းမှာ ရှိတဲ့ ဆေးရုံတွေကို အများအပြား ရောက်လာကြပါတယ်။

နိုအိဒါမြို့က ဆေးခန်းမှာရှိတဲ့ ကလေးအထူးကုဆရာဝန် ဒေါက်တာ ရှီရှာ ဘတ်နာဂါက "အမှုန်အမွှားတွေဟာ ကလေးရဲ့ ကိုယ်ခံအားစနစ်ကို ထိခိုက်စေနိုင်တယ်။ အထူးသဖြင့် သူတို့ရဲ့ လည်ပတ်ပုံ စနစ်က ဖွံ့ဖြိုးဆဲဖြစ်ပြီး ဆဲလ်တွေဟာ နုနယ်စဉ်အချိန်မှာ ကိုယ်ခံအားတုံ့ပြန်မှုကို သင်ယူနေတဲ့အချိန်မို့ ဖြစ်ပါတယ်" လို့ ဘီဘီစီကို ပြောပါတယ်။

"ဒီလိုဖြစ်ရပ်တွေဟာ မကြာသေးခင်နှစ်တွေအတွင်း ၁၀ ဆ အထိ တိုးလာခဲ့ပါတယ်။ ကျွန်တော့် အတွေ့အကြုံအရ၊ ပုံမှန်အားဖြင့် ဒီလိုခံစားချက်တွေနဲ့ လာရောက်ပြသသူ ၂၀ ကနေ ၃၀ % လောက်ကိုတွေ့ရတယ်။ ညစ်ညမ်းမှုများတဲ့ ရာသီမှာတော့ အဲဒီအရေအတွက်ဟာ ၅၀ ကနေ ၇၀ % အထိ တက်သွားပါတယ်။"

မြူဆိုးဒဏ်ကို ထိန်းချုပ်ဖို့ အရေးပေါ်အစီအမံတွေ ဖြစ်တဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေ ရပ်ဆိုင်းတာ၊ ညစ်ညမ်းတဲ့ ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ထုတ်ယာဉ်တွေကို တားမြစ်တာတွေကို အစိုးရက နှစ်စဉ် ချမှတ်ဆောင်ရွက်လေ့ ရှိပါတယ်။

အခုနှစ်မှာတော့ မိုးကြိုးမုန်တိုင်းဖြစ်ပေါ်စေဖို့ မိုးတုရွာအောင်လည်း လုပ်ခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။

ဒါပေမဲ့ အဲဒါတွေအထဲက တစ်ခုကမှ မြို့တော် လူဦးရေ သန်း ၂၀ - အထူးသဖြင့် ငယ်ရွယ်တဲ့ ကလေးမိဘတွေ - ပူပင်နေကြတဲ့ လေထုညစ်ညမ်းမှု အကျပ်အတည်းကို သက်သာရာရစေဖို့ အထောက်အကူ မပြုနိုင်ခဲ့ပါဘူး။

အသက် ၃၁ နှစ် အရွယ်ရှိ ကူရှ်ဘို ဘာတီဟာ သူ့ရဲ့ တနှစ်သမီးလေး ဆမာရာကို အရေးပေါ် ဆေးရုံတင်ခဲ့ရတဲ့ နိုဝင်ဘာ ၁၃ ရက် ညက အဖြစ်ကို တွေးမိတိုင်း တုန်လှုပ်မိတယ်လို့ ပြောပါတယ်။

"ကလေးက အကြိမ်ကြိမ်အန် ၊ ချောင်းအရမ်းဆိုးပြီး နိုးလာတာကို ကျွန်မ မှတ်မိနေတယ်" လို့ မစ္စစ် ဘာတီက ပြောပါတယ်။

သူက ပုံမှန်အိမ်တွင်းနည်းတွေနဲ့ ကုကြည့်ခဲ့ပေမယ့် ဘာမျှ အလုပ်မဖြစ်ခဲ့ပါဘူး။

နောက်ဆုံးမှာတော့ ညသန်းခေါင်မှာ ကလေးကို ဆေးရုံကို ခေါ်သွားခဲ့ရပါတယ်။

"ဆေးရုံကိုသွားတဲ့လမ်းမှာ သမီးလေးက ဘယ်သူ့ကိုမှ၊ ဘာကိုမှ မတုံ့ပြန်ဘူး။ ရွှင်ရွှင်ပြပြ နေတတ်တဲ့ကလေးက အခုတော့ သူလို့တောင် မထင်ရဘူး၊ သူ့မှာ ခေါင်းတောင် မထောင်နိုင်တော့ဘူး။ ဒါဟာ ကျွန်မဘဝရဲ့ အဆိုးရွားဆုံးအချိန်ပါပဲ။"

ဆေးရုံမှာ၊ အသက်တစ်နှစ်အရွယ် ကလေးငယ်ကို စတီးရွိုက်ပါတဲ့ ဆေးရည်ရှူစက်နဲ့ အသက်ရှုရတဲ့ ကုသမှုခံယူခဲ့ရပြီး အောက်ဆီဂျင်ပေးပြီး နှစ်ရက်ကြာ နေခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့ ကလေးမှာ နမိုးနီးယားရောဂါရှိကြောင်း ရောဂါရှာဖွေတွေ့ရှိခဲ့ပါတယ်။

အဲဒီအချိန်ကစပြီး မစ္စစ် ဘာတီ တယောက် အမြဲတမ်း စိုးရိမ်ပူပန်နေခဲ့ရပါတယ်။

"သူ ချောင်းနည်းနည်းဆိုးရင်တောင် ကျွန်မ လန့်နေမိရော။"

သမီးလေး ဆမာရာ အခုတော့ ပြန်နာလန်ထူလာပါပြီ။

ဒါပေမဲ့ လွန်ခဲ့တဲ့ တစ်ပတ်တုန်းက ရင်ဘတ်ထဲ တင်းကျပ်ကျပ် ခံစားရတဲ့၊ အဆုတ် ချွဲကျပ်တဲ့ ဝေဒနာ ခံစားနေရတဲ့ နှစ်နှစ် သမီးငယ် ရေနူကို ဂိုပါလ်က တခြားမိဘတွေလိုပဲ အစိုးရဆေးရုံသို့ ခေါ်သွားခဲ့ရပါတယ်။

ဒီလို ဝေဒနာတွေ ဖြစ်စေလောက်အောင် အန္တရာယ်ပေးနေတဲ့ လေထုက ကလေးတွေရဲ့ ကျန်းမာရေးကို ကုစားလို့ မရနိုင်လောက်တဲ့ ပျက်စီး ထိခိုက်မှုတွေ ပေးလာမလား ဆိုတဲ့ စိုးရိမ်ပူပန်မှုတွေ ရှိနေကြပါတယ်။

"ဆရာဝန်တွေကတော့ ကျွန်တော့်သမီးဟာ ခဏတော့ အသက်ရှု ကိရိယာကို သုံးလို့ ရနိုင်တယ်လို့ ပြောပါတယ်" လို့ ဂိုပါလ်က ဘီဘီစီကို ပြောပါတယ်။

နှစ်အလိုက် သုတေသနတွေအရ လေထုညစ်ညမ်းမှုဟာ ကမ္ဘာတစ်ဝန်းမှာ ရှိတဲ့ ကလေးငယ်တွေ ဖွံ့ဖြိုးမှုနှောင့်နှေးတာ၊ ကိုယ်ခံအားနည်းပြီး ဉာဏ်ရည်ဉာဏ်သွေး ပိုနိမ့်ကျစေနိုင်တဲ့၊ ပြင်းထန်တဲ့သက်ရောက်မှုတွေ ရှိတယ်လို့ မီးမောင်းထိုးပြခဲ့ပါတယ်။

ကိန်းဘရစ်ချ်တက္ကသိုလ်က ပြုလုပ်တဲ့၊ လူဦးရေ သန်း ၃၀ နီးပါးရဲ့ အချက်အလက်တွေပါဝင်တဲ့ မကြာသေးခင်က လေ့လာမှုတစ်ခုမှာလည်း တချို့ညစ်ညမ်းတဲ့ပစ္စည်းတွေနဲ့ ထိတွေ့တာဟာ မှတ်ဥာဏ် ချို့ယွင်းတဲ့ရောဂါ အပါအဝင် ဦးနှောက်ကျုံ့ဝင် မှတ်ဥာဏ် ချို့တဲ့ ရောဂါ အမျိုးမျိုး ဖြစ်ပွားနိုင်ခြေ ပိုမိုမြင့်မားတာကို တွေ့ရှိခဲ့ကြပါတယ်။

အခုလို မြင့်တက်လာတဲ့ အန္တရာယ်တွေကြောင့် မစ္စစ်ဘာတီလို မိဘတွေဟာ ဒေလီ ကနေ ပြောင်းရွှေ့နေထိုင်ဖို့ စဉ်းစားလာကြပါတယ်။

"ကျွန်မရဲ့သမီး ဘေးကင်းကင်းနဲ့ အသက်ရှူလို့တောင် မရတဲ့ မြို့မှာ နေထိုင်ရတာ ဘာအဓိပ္ပာယ်ရှိမလဲ"လို့ သူက မေးပါတယ်။

"ကျွန်မခင်ပွန်းရဲ့ အလုပ်က ဒေလီမှာ ရှိနေတော့ ကျွန်မတို့အားလုံးကို ထားခဲ့ပြီး ထွက်သွားလို့ မရဘူး။ ဒါပေမယ့် အခွင့်အရေးရတာနဲ့ ကျွန်မတို့ ပြောင်းကြမှာပါ"

အခုတော့ ယာယီအနေနဲ့ ဒေလီမြို့မှာ ကလေးတွေအပြင်ထွက်တာကို ကန့်သတ်ထားပါတယ်။ အဆောက်အအုံ အပြင်ထွက်ပြီး လုပ်ရတဲ့ အားကစားတွေကို ရွှေ့ဆိုင်းထားပြီး မူလတန်းတွေကို ပေါင်းစပ်အစီအစဉ်နဲ့ သင်ကြားပေးနေရပါတယ် ။

ဒီအစီအစဉ်ဟာ အတန်အသင့် ချမ်းသာတဲ့ သူတွေအတွက် အကျိုးရှိပေမဲ့ အလုပ်သမားမိသားစုတွေက မွေးပြီး လမ်းဘေးတွေ၊ ဆင်းရဲသားရပ်ကွက်တွေမှာ နေထိုင်ကြတဲ့ စီးပွားရေး အခက်အခဲရှိတဲ့ သိန်းနဲ့ချီတဲ့ မိသားစုတွေက ကလေးတွေအတွက်တော့ ဒီလို မဟုတ်ပါဘူး။

"သူတို့တွေရဲ့ အဆုတ်အပေါ် ကျရောက်နေတဲ့ အန္တရာယ်က ကြီးမားလွန်းတယ်" လို့ ကီရာလာပြည်နယ်က အဆုတ်ရောဂါအထူးကု ဒေါက်တာ အေ ဖာတာဟူဒင်းက ဘီဘီစီကို ပြောပါတယ်။

ကျဉ်းမြောင်းလှတဲ့ အိမ်တွေမှာ နေထိုင်တာ၊ သူတို့ ချက်ပြုတ်တဲ့ လောင်စာတွေ၊ ယာဉ်ကြောပိတ်ဆို့မှုနဲ့ လေဝင်လေထွက်မကောင်းတာတွေက လေထုညစ်ညမ်းမှုကို ပိုမိုထိတွေ့စေတဲ့ အချက်တွေ ဖြစ်ပါတယ်။ ဒါ့အပြင် ပြင်ပ အဆိပ်သင့်လေထုကလည်း ခုနက အခြေအနေကို ပိုဆိုးစေပါတယ်။

"ဒီကလေးတွေဟာ လေထု ညစ်ညမ်းမှုကို ဆိုးဆိုးရွားရွား ပုံမှန်လို ထိတွေ့နေရတဲ့အတွက် သူတို့ရဲ့ အဆုတ် ခုခံကာကွယ်ရေးစနစ်တွေ ကျဆင်းသွားတယ်။ ဒီလိုကလေးဘဝတုန်းက ရောဂါကူးစက်မှုတွေကို မကုသရင် အဆုတ်ကို ထာဝရပျက်စီးစေနိုင်တယ်" လို့ ဒေါက်တာ ဖာတာဟူဒင်းက ဆိုပါတယ်။

ဒါ့အပြင် ငယ်ရွယ်တဲ့ ကလေးတွေရဲ့ မဖွံ့ဖြိုးသေးတဲ့ အဆုတ်တွေမှာ လေထုညစ်ညမ်းမှုဒဏ်ကြောင့် လူကြီးဘဝ ရောက်တဲ့အခါ ဆေးလိပ်သောက်သူတွေမှာ တွေ့ရလေ့ရှိတဲ့ နာတာရှည် အသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါတွေ ဖြစ်ပွားနိုင်တယ်လို့ သုတေသန လေ့လာမှုတွေမှာ တွေ့ရကြောင်း သူက ထောက်ပြပါတယ်။

တတ်နိုင်သူတွေဟာ ကလေးတွေကို အိမ်ထဲမှာပဲ ထားသင့်ပြီး ကလေးတွေ ရေဓာတ် အပြည့်အဝ ရစေဖို့ လုပ်သင့်တယ်လို့ ဒေါက်တာ ဖာတာဟူဒင်းက အကြံပေးထားပါတယ်။ အပြင်ထွက်တဲ့ အခါမှာလည်း လေထု ညစ်ညမ်းစေတဲ့ အရာတွေရဲ့ ၉၅% ကို စစ်ထုတ်ပေးနိုင်တဲ့ N95 နှာခေါင်းစည်းတွေကို ကလေးတွေကို တပ်ပေးဖို့ အကြံပေးပါတယ်။

ဒါပေမဲ့ ဒီနေရာမှာ မိဘတွေက ကလေးတွေကို အိမ်ထဲမှာ ဘယ်လောက် ကြာကြာ ပိတ်ထားနိုင်မလဲ ဆိုတာကို မေးခွန်းထုတ်ကြပါတယ်။

"သူတို့က ကြီးထွားနေဆဲကလေးတွေ၊ သူတို့ဆော့ကစားဖို့ နေရာလိုအပ်တယ်။ သူတို့ အပြင်မှာ ခဏလောက်လေးရှိရင်တောင် အခု ကျွန်မတို့က သူတို့ကို အတင်း တားနေရတယ်" လို့ မိခင် တစ်ယောက်ဖြစ်တဲ့ ဆီမာက ပြောပါတယ်။

"တခါတလေ သူတို့ မကြိုက်ကြဘူး။ ဒါပေမယ့် ကျွန်မတို့မှာ ဘယ်လိုရွေးချယ်စရာရှိမလဲ။ ကိုယ်ကာယလှုပ်ရှားမှုက ဘယ်လောက်အရေးကြီးတယ်ဆိုတာ ကျွန်မတို့သိပေမဲ့ ဒီအဆိပ်သင့်လေကို ရှူရှိုက်ရတဲ့ အတွက် ပေးဆပ်လိုက်ရတာတွေကတော့ မဖြစ်သင့်ဘူး" လို့ သူက ဆိုပါတယ်။

*ကာယကံရှင်တွေရဲ့ ဆန္ဒအရ ဆောင်းပါးမှာ နာမည်တွေကို ပြောင်းလဲဖော်ပြထားပါတယ်။