တရုတ်နဲ့စစ်အေးတိုက်ပွဲမဖြစ်နေဘူးလို့အမေရိကန်ငြင်းဆို

တရုတ်နဲ့ စစ်အေးတိုက်ပွဲမဖြစ်နေပါဘူးလို့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ဗီယက်နမ်ကိုသွားခဲ့တဲ့ သမိုင်းဝင်ခရီးစဥ်အတွင်းမှာ ငြင်းဆိုလိုက်ပါတယ်။

တရုတ် ရဲ့ နိုင်ငံတကာမှာ သြဇာလွှမ်းမိုး‌ဖို့ ကြိုးစားနေတာကိုပြောင်းလဲနိုင်အောင် အမေရိကန်က အားထုတ်နေတယ်ဆိုတဲ့ပြောဆိုချက်တွေကို သမ္မတဂျိုးဘိုင်ဒန်က သူ့ရဲ့ ဗီယက်နမ်ခရီးစဥ်မှာ ငြင်းဆိုလိုက်တာပါ။

သမ္မတဂျိုးဘိုင်ဒန်ဟာ စက်တင်ဘာ ၁၀ ရက် နဲ့ ၁၁ ရက် နှစ်ရက်တာဗီယက်နမ်ကိုသွားရောက်ခဲ့ပါတယ်။ အခုသမ္မတဘိုင်ဒန်ရဲ့ ဗီယက်နမ် ခရီးစဥ်ဟာ ၂၀၂၁ ခုနှစ် သူသမ္မတရာထူးတာဝန်ယူပြီးတဲ့နောက် ပထမဆုံးခရီးစဥ်ပါ။

နှစ်နိုင်ငံစလုံးက သမိုင်းဝင်လို့သုံးနှုန်းတဲ့ အမေရိကန်သမ္မတ ရဲ့ ဗီယက်နမ်ခရီးစဥ်အတွင်းမှာပဲအမေရိကန်-ဗီယက်နမ် ဘက်စုံမဟာဗျူဟာမြောက်ဆက်ဆံရေးစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။

သမ္မတ နဲ့အတူ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန် ၊ အမျိုးသားလုံခြုံရေးအကြံပေးဂျိတ်ဆာလီဗန်၊ သမ္မတရဲ့ ရာသီဥတုဆိုင်ရာအထူးသံတမန် ဂျွန်ကယ်ရီ နဲ့ အရှေ့အာရှပစိဖိတ်ရေးရာလက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဒယ်နီရယ်ခရစ်တန်ဘရစ်တို့လည်းပါဝင်ကြပါတယ်။

၁၉၅၅ ကနေ ၁၉၇၅ အထိ နှစ်ပေါင်း ၂၀ နီးပါးကြာ အမေရိကန်-ဗီယက်နမ် စစ်ပွဲဖြစ်ပွားပြီးနောက် အမေရိကန်စစ်သားတွေ ဗီယက်နမ်ကအပြီးတိုင်ထွက်ခွာကြတာ နှစ်‌ပေါင်း ၅၀ အကြာမှာ မစ္စတာဘိုင်ဒန်ဟာ ရန်သူဟောင်းနဲ့ နီးစပ်လာမယ့် နှစ်နိုင်ငံသဘောတူညီချက်တွေအတွက် မြို့တော်ဟနွိုင်းကိုသွားရောက်ခဲ့တာပါ။

ဘက်စုံဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်ရေးဆိုတာဟာ ဗီယက်နမ်နဲ့ အမေရိကန်ကြားဆက်ဆံရေးကို အဆင့်မြှင့်လိုက်တာဖြစ်ပါတယ်။ ဘိုင်ဒန်ရဲ့ အခု ဗီယက်နမ်ခရီးစဥ်ဟာ ပြီးခဲ့တဲ့နှစ်နှစ်အတွင်းမှာ ဝါရှင်တန်အစိုးရရဲ့ အာရှမှာတရုတ်ရဲ့ လွှမ်းမိုးမှုကိုထိန်းချုပ်နိုင်ဖို့ မဆုတ်မနစ်အားထုတ်ခဲ့တဲ့ ရလဒ်လည်းဖြစ်တယ်လို့ ဘီဘီစီအာရှသတင်းထောက် လော်ရာဘစ်ကာက ဆိုပါတယ်။

ဒီဆက်ဆံရေးထူထောင်နိုင်မှုကို အသေးအဖွဲသဖွယ်ပြောလို့မရပါဘူး။ ဒါဟာအာရှမှာတရုတ်ရဲ့ အခိုင်အမာဆုံးမိတ်ဆွေတစ်ဦးဖြစ်တဲ့ ဗီယက်နမ် နဲ့ အမေရိကန်တို့ကြားမှာသံတမန်ဆက်ဆံရေးအမြင့်ဆုံးတိုးမြှင့်လိုက်နိုင်တဲ့အခြေအနေဖြစ်တာကြောင့်ပါ။

သမ္မတဘိုင်ဒန်ကတော့ အမေရိကန်ရဲ့လုပ်ဆောင်မှုတွေက တရုတ်ကိုပိတ်ပင်ထိန်းချုပ်ဖို့ ဒါမှမဟုတ် အထီးကျန်စေဖို့ ရည်ရွယ်တာမရှိခဲ့ဘူးလို့ ‌သတင်းထောက်တွေကိုပြောပါတယ်။ ဒါပေမဲ့ နိုင်ငံတကာ စည်းမျည်းဥပဒေတွေနဲ့အညီ ဒေသတွင်းတည်ငြိမ်ရေးမူကို‌တွန်းအားပေးလုပ်နေတာလို့ ဆိုပါတယ်။

'' ကျွန်တော်ကတော့ စစ်အေးတိုက်ပွဲအသုံးအနှုန်းနဲ့အယူအဆကို အများကြီးတွေးနေကြတာလို့ထင်ပါတယ်။ တကယ်တော့အဲဒီလမ်းကြောင်း မဟုတ်ပါဘူး။ တကယ့်လုပ်ဆောင်ချက်ကဒေသတွင်း စီးပွားရေးဖွံ့ဖြိုးဖို့ နဲ့ တည်ငြိမ်အေးချမ်းဖို့ပဲဖြစ်ပါတယ်'' လို့ သမ္မတဘိုင်ဒန်က တနင်္ဂနွေနေ့က သတင်းထောက်တွေနဲ့တွေ့ဆုံရာမှာ ဘီဘီစီရဲ့မေးခွန်းကိုဖြေကြားပါတယ်။

စစ်အေးခေတ်တိုက်ပွဲအသုံးအရ နိုင်ငံအချင်းချင်းကြား စစ်ရေးအရလွှမ်းမိုးမှုကိုအားထုတ်တာမလုပ်ဘဲ စီးပွားရေး နဲ့ နိုင်ငံရေးအရ လွှမ်းမိုးဖို့ ကြိုးပမ်းကြတဲ့အယူအဆအပေါ် သမ္မတဘိုင်ဒန်ကချိန်ထိုးဖြေကြားခဲ့တာပါ။

“ကျွန်တော်ကတော့ တရုတ်ရဲ့ စီးပွားရေးအောင်မြင်မှုကို မြင်ချင်ပါတယ်။ ဒါပေမဲ့ အဲဒါက စည်းမျည်း စည်းကမ်းတွေနဲ့အညီအောင်မြင်တယ်ဆိုတာကိုပဲမြင်ချင်တာပါ”လို့ လည်းသမ္မတဘိုင်ဒန်ကပြောပါတယ်။

ဒါပေမဲ့ ‌အမေရိကန်ရဲ့ အာရှနိုင်ငံတွေနဲ့ဆက်ဆံရေးတိုးမြှင့်နေတဲ့ ဒီလိုလုပ်ဆောင်မှုတွေက တရုတ်အစိုးရကိုစိတ်အနှောက်အယှက်ဖြစ်စေခဲ့ပြီး အမေရိကန် ရဲ့ "စစ်အေးတိုက်ပွဲ သဘောထား" ကိုပိုပြီး သက်သေပြပေါ်လွင်စေတယ်လို့ ပြောနေတာပါ။

ဒါပေမဲ့ ဟနွိုင်းအစိုးရက ဒါကိုမျှော်လင့်ထားပြီးသားဆိုပြီး စင်ကာပူအခြေစိုက် နိုင်ငံတကာလေ့လာရေးအဖွဲ့ ယူဆွတ်အစ်ဟက် အင်စတီကျုက သုတေသီ လီဟုန်ဟိုင်က ပြောပါတယ်။

ဒါပေမဲ့ အခု အမေရိကန်နဲ့ ဗီယက်နမ်ချုပ်ဆိုတဲ့ သဘောတူညီချက်ဟာ လက်တွေ့မှာအပြောင်းအလဲကြီးတွေ ဖြစ်လာဖို့ထက်စာရင် သင်္ကေတသဘောမျိုးပိုဆောင်တယ်လို့ ပြောပြီး '' ဗီယက်နမ်အနေနဲ့ အမေရိကန် နဲ့ ဆက်ဆံရေးတိုးမြှင့်ပြီး သဘောတူညီချက်တွေရှိလာရုံနဲ့ တခြားတစ်နိုင်ငံထက်ပိုပြီးရင်းနှီး သွားတယ်လို့ ပြောလို့ရတဲ့ လက္ခဏာမရှိပါဘူးလို့” သူက ထပ်ဖြည့်ပြောပါတယ်။

ဗီယက်နမ်အိပ်မက်ဘာလဲ

မဟာဗျူဟာမြောက်သဘောတူညီချက်ဆိုတာခေါင်းစဥ်ကတော့ သင်္ကေတသဘောသက်သက်လို့ဆိုကောင်းဆိုနိုင်ပါတယ်။ ဒါပေမဲ့ ဒါကနေအမေရိကန်နဲ့ ပိုမိုနီးကပ်တဲ့ စီးပွားရေးဆက်ဆံရေးရှိလာပြီး အဲဒီကနေ တရုတ်အပေါ် မှီခိုနေရတာတွေ နည်းပါးသွားနိုင်ပါတယ်။

ဗီယက်နမ်မှာ ငယ်ရွယ်ပြီး ပညာတတ်တဲ့လုပ်သားအင်အားအများအပြားရှိပါတယ်။ ဒါကပဲစွန့်ဦးတီထွင် စီးပွားရေးလုပ်ကိုင်လိုတဲ့ စိတ်ဓာတ်ရှိသူတွေ အများကြီးပေါ်လာပြီး အဲဒီအချက်ကလည်း အမေရိကန် ရင်းနှီးမြှုပ်နှံသူတွေကိုအများကြီး ဆွဲဆောင်ပါတယ်။ အထူးသဖြင့်တော့ တရုတ်မှာ အခြေစိုက်ထားရတဲ့ သူတို့စက်ရုံတွေကို နေရာရွှေ့ဖို့ စိတ်ကူးရှာဖွေနေသူတွေအတွက်ပါ။

ထင်ရှားတဲ့ အမေရိကန်လုပ်ငန်းကြီးတွေဖြစ်တဲ့ ဒဲလ် ၊ ဂူဂဲလ် ၊ မိုက်ခရိုဆော့ဖ် နဲ့ အက်ပဲလ် တို့ရဲ့ ထုတ်လုပ်တပ်ဆင်မှုတွေရဲ့ supply chains - ထောက်ပံ့ဖြည့်ဆည်းကွင်းဆက်လုပ်ငန်းတွေထဲက တစ်စိတ်တစ်ပိုင်းကိုပြီးခဲ့တဲ့နှစ်တွေကတည်းက ဗီယက်နမ်ကိုပြောင်းထားကြပါတယ်။

စစ်လက်နက်တွေအတွက် ရုရှားကနေခပ်ခွာခွာလုပ်ဖို့ ဗီယက်နမ်အစိုးရကကြိုးစားနေချိန်မှာစစ်လက်နက်နဲ့ စစ်ရေးသုံးပစ္စည်းတွေအတွက်ဗီယက်နမ်ဟာအလားအလာကောင်းတဲ့စျေးကွက်တစ်ခုလို့လည်း အမေရိကန်က ယူဆပါတယ်။

ဝါရှင်တန်အနေနဲ့ ဗီယက်နမ်ဟာ ကမ္ဘာ့ လျှပ်ကူးပစ္စည်းထုတ်လုပ်မှုလုပ်ငန်းတွေရဲ့ အဓိကထောက်ပံ့ရေး ကွင်းဆက်တွေကို ထုတ်လုပ်ပေးနိုင်တဲ့နိုင်ငံ ဖြစ်လာရေးနဲ့ ဗီယက်နမ်ရဲ့ အီလက်ထရောနစ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာဖို့အကူအညီပေးနိုင်ရေးကိုလည်းစိတ်အားထက်သန်နေတာပါ။ အဲဒီကဏ္ဍတွေမှာ တရုတ်က အဆင့်မြင့်နည်းပညာတွေရမသွားအောင် ကန့်သတ်ဖို့အမေရိကန်ကကြိုးစားနေတာမို့ အပြန်အလှန်အငြင်းပွားနေကြချိန်လည်းဖြစ်ပါတယ်။

ဗီယက်နမ်ကတော့ အမေရိကန်နဲ့ မိတ်ဘက်အသစ်အဖြစ် ဆက်ဆံရေးမြှင့်တာက တစ်ဖက်ဖက်ကို နောက်တစ်ဖက်ထက်အသာပေးပြီးရွေးလိုက်တာလို့ မြင်ပုံမရပါဘူး။ တရုတ်ရဲ့ စီးပွားရေးနှေးလာချိန်ချိန်မှာ အမေရိကန်နဲ့ ပိုပြီးနီးနီးကပ်ကပ်ပူးပေါင်းလိုက်တာက သူ့အတွက်လက်တွေ့ကျတဲ့ လုပ်ရပ်ဖြစ်မှာပါလို့ ဘီဘီစီသတင်းထောက် လော်ရာဘစ်ကာက သုံးသပ်ပါတယ်။

''ကျွန်တော် အမေရိကန်မှာ ၇ နှစ် နေခဲ့တယ်။ အမေရိကန် အိပ်မက်ဆိုတာဘာလဲ သိခဲ့သလိုအခွင့်အလမ်းတွေလည်း ရခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တွေးတယ်လေ။ ငါ့မှာ ပိုကြီးတဲ့အိပ်မက်ရှိတယ်။ အဲဒါ ဗီယက်နမ် အိပ်မက်ပဲ'' လို့ ဗီယက်နမ် ရဲ့ အီလက်ထရောနစ် ယာဥ်ငယ်တွေထုတ်လုပ်ရေးလုပ်ငန်း Selex Motors ရဲ့ အမှုဆောင်အရာရှိချုပ် ငုယင်ဟူဖားကပြောပါတယ်။

စက်ရုံထဲက ထုတ်လုပ်ရေးလိုင်းတွေရှေ့မှာ ရပ်နေတဲ့ မစ္စတာငုယင်ကအီလက်ထရောနစ်စကူတာဘီးတွေ ထုတ်လုပ်နေတဲ့ သူ့စက်ရုံထဲကထုတ်လုပ်ရေးလိုင်းတွေကို ပြပြီး ဘီဘီစီကိုဖြေကြားခဲ့တာပါ။

မစ္စတာငုယင်ဟာ ဒီလုပ်ငန်းစုကို လွန်ခဲ့တဲ့ ငါးနှစ်ကစတင်ခဲ့ပြီး အခုဆိုရင် Grab နဲ့ လာဇဒါ ကစလို့ အိမ်အရောက်သယ်ယူပို့ဆောင်ရေးလုပ်ငန်းစုကြီးတွေနဲ့ ချိတ်ဆက်လုပ်ကိုင်နေတဲ့အထိဖြစ်လာတာပါ။

သူဟာ လျှပ်စစ်မီးမရှိတဲ့ ဗီယက်နမ်အလယ်ပိုင်းကရွာ‌ငယ်လေးကနေ ကြီးပြင်းခဲ့သူပါ။ သူ့သက်တမ်းမှာပဲ ကမ္ဘာ့ပေါ်က အဆင်းရဲဆုံးနိုင်ငံအဖြစ်ကနေ အာရှရဲ့ စီးပွားရေးဖွံ့ဖြိုးမှုအမြင့်ဆုံးဖြစ်လာတဲ့ သူ့နိုင်ငံကိုမြင်ခဲ့ရပါပြီ။

" ကျွန်တော်တို့ရဲ့ အခွင့်အလမ်းတွေနဲ့ လုပ်နိုင်စွမ်းအားတွေကိုသုံးပြီး ကြီးပွားချမ်းသာမှုတွေ ရေရှည်တည်တန့်တဲ့ ဗီယက်နမ်ဖြစ်ဖို့ တည်ဆောက်ရေးမှာ ပါဝင်ကူညီချင်ခဲ့တယ်။ ကျွန်တော်တို့ အခွင့်အလမ်းတွေ အများကြီးကို လက်လွတ်ဆုံးရှုံးခဲ့ရပေမဲ့ အခုကတော့ အချိန်ကိုက်ဖြစ်လာပြီး ကျွန်တော်တို့က ဒါကိုအသုံးချရမယ့် မျိုးဆက်ပဲလို့ မြင်တယ်'' လို့ မစ္စတာငုယင်ကပြောပါတယ်။

သူဒီလိုပြောနေချိန်မှာပဲ တရုတ်သယ်ယူပို့ဆောင်ရေးကုမ္ပဏီ က သူတို့နဲ့စာချုပ်ချုပ်ဆိုဖို့စောင့်ဆိုင်းနေပါတယ်။ တစ်ချိန်တည်းမှာပဲ ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးရုံးကအရာရှိတွေကလည်း ဘီဘီစီရဲ့ ရှားရှားပါးပါး ဗီယက်နမ်ခရီးစဥ်မှာ အတူလိုက်ပါရင်းစောင့်ကြည့်နေတာပါ။

ဒီလိုစောင့်ကြည့်ခံနေရတယ်ဆိုတဲ့ အဓိပ္ပါယ်က ဗီယက်နမ်ရဲ့ လွတ်လပ်မှုမရှိတဲ့တင်းကျပ်မှုကိုပြတာပါပဲ။ ဒီအခြေအနေမျိုးနဲ့ပတ်သက်ပြီးလည်း သမ္မတဘိုင်ဒန် ရဲ့ အစိုးရလည်း ရင်ဆိုင်ရမှာပါ။ ဗီယက်နမ် ရဲ့ လူ့အခွင့်အရေး နဲ့ လွတ်လပ်မှုအပေါ် အကာအကွယ်ပေးရမယ့်အချက်နဲ့ အကျိုးစီးပွားဗျူဟာ‌ကြားမှာ ချိန်ထိုးကစားရမယ့်အခြေအနေပါ။

လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ - Human Rights Watch ရဲ့ အစီရင်ခံစာအရ ဗီယက်နမ်အစိုးရအပေါ် ဝေဖန်သူတွေဟာခြိမ်းခြောက်ခံရတာ၊ နှောင့်ယှက်ခံရတာ နဲ့ ထောင်ဒဏ် ချမှတ်ခံရတာတွေကို ကြုံနေရပါတယ်။

ဗီယက်နမ်အစိုးရရဲ့ ကွန်မြူနစ်ပါတီဟာ မီဒီယာတွေကိုလွှမ်းမိုးချုပ်ကိုင်ထားပြီး အစိုးရကလည်း ပုံနှိပ် နဲ့ ရုပ်သံအသံလွှင့်ရုံအားလုံးကို ထိန်းချုပ်ထားတာပါ။

တရုတ်ရဲ့ နောက်ဖေး တံခါးဝက ဗီယက်နမ်

ဗီယက်နမ်နဲ့ တိုးမြှင့်ဆက်ဆံရေးဟာ အကျိုးစီးပွားတွေ အများကြီးရှိနေလို့ အဲဒီ လူ့အခွင့်အရေးကိစ္စတွေကို သမ္မတဘိုင်ဒန်က မျက်နှာလွှဲနေပေးတာမျိုးလည်း ဖြစ်နိုင်တယ်လို့သုံးသပ်မှုတွေရှိပါတယ်။

အမေရိကန်အတွက် အကြီးကျယ်ဆုံးအောင်ပွဲကတော့ အခု ဗီယက်နမ်နဲ့ အဆင့်မြင့်မဟာမိတ်ဆက်ဆံရေးတည်ဆောက်လိုက်နိုင်တာက တရုတ်ရဲ့ နောက်ဖေးတံခါးပေါက်ဝမှာကို လုပ်လိုက်နိုင်တဲ့အချက်ပါ။

အမေရိကန်ဟာ ဗီယက်နမ် သူတို့ဘက်ပါလာဖို့အတော်ကြီးအားသွန်ခွန်စိုက် ကြိုးပမ်းခဲ့တာကို တွေ့ရပါတယ်။ ဒုတိယသမ္မတကမဲလာဟဲရစ်၊ နိုင်ငံခြားရေးဝန်ကြီးအန်တိုနီဘလင်ကန် နဲ့ ကာကွယ်ရေးဝန်ကြီးတို့ကို ပြီးခဲ့တဲ့နှစ်နှစ်အတွင်း ဗီယက်နမ်ကိုစေလွှတ်ထားခဲ့တာပါ။ အမေရိကန်ရဲ့ လေယာဥ်တင်သင်္ဘောတွေဗီယက်နမ်ဆိပ်ကမ်းမှာ ဝင်ဆိုက်နိုင်ခဲ့တယ်ဆိုတာက ဟနွိုင်းဆိုတဲ့စဥ်းစားချက်ထက် ကျော်လွန်ပါတယ်။

"အနာဂတ်ကိုမျှော်ကြည့်လိုက်ရင် အင်ဒို-ပစိဖိတ်ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ခြင်းကွန် ရက်မှာဗီယက်နမ်ဟာ ဦးဆောင်အခန်းကဏ္ဍမှာပါဝင်နေတယ်ဆိုတာထင်ဟပ်ပါတယ်" လို့အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေးဂျိတ်ဆာလီဗန် က မစ္စတာဘိုင်ဒန် ရဲ့ ဗီယက်နမ်ခရီးစဉ်မတိုင်မီ သတင်းစာရှင်းလင်းပွဲမှာပြောခဲ့ပါတယ်။

အာရှတဝန်းမှာ အမေရိကန်ရဲ့ ဒီ "မိတ်ဘက်ဆက်ဆံရေးကွန်ရက်" ဟာ ပြီးခဲ့တဲ့ လပိုင်းတွေ အတွင်းမှာပဲကြီးထွားလာခဲ့ပါတယ်။ ဝါရှင်တန်ဟာ ဖိလစ်ပိုင်မှာ စစ်အခြေစိုက်စခန်းအသစ်လေးခုကို အသုံးပြုနိုင်ဖို့ ညှိနှိုင်းနိုင်ခဲ့ပြီး ပိုပြီးသိသာထင်ရှားတာကတော့ အာရှပြိုင်ဘက်တွေဖြစ်ကြတဲ့ တောင်ကိုရီးယားနဲ့ ဂျပန်တို့ကိုပါ စည်းရုံးပါဝင်စေပြီးသုံးနိုင်ငံသဘောတူညီမှုတစ်ခု ရအောင်လုပ်နိုင်ခဲ့တာပါ။

ဒီနှစ်နိုင်ငံက ခေါင်းဆောင်တွေ တစ်ချိန်တုန်းကဆို တစ်ခန်းထဲအတူရှိနေဖို့တောင် မဖြစ်နိုင်ကြတဲ့ အခြေအနေပါ။အမေရိကန်ဟာ ဆော်လမွန်ကျွန်းစု နဲ့ ပစိဖိတ်ဒေသ လုံခြုံရေးဆိုင်ရာ သဘောတူညီချက်တွေကိုလည်း လက်မှတ်ထိုးနိုင်ခဲ့ပါတယ်။

အမေရိကန်ရဲ့ သံတမန်ရေးလှုပ်ရှားမှု အရှိန်အဟုန်က တရုတ်ကို အံ့အားသင့်သွားစေပုံပေါ်တယ်လို့ အင်ဒို-ပစိဖိတ်နိုင်ငံခြားရေးနဲ့ လုံခြုံရေးမူဝါဒအစီအစဉ်ရဲ့ အကြီးတန်းဒါရိုက်တာ ဒေါက်တာဂျွန်ဟမ် မင်းစ် ကပြောပါတယ်။

“ဒီအောင်မြင်မှုတွေကို ၀ါရှင်တန်ကအခုလောက်မြန်မြန်ဆန်ဆန်အသုံးချလိမ့်မယ်လို့ ဘေဂျင်းက ထင်ခဲ့ပုံမပေါ်ဘူး” လို့ ဒေါက်တာဟမ်းမင်းစ်က ပြောပါတယ်။

“ဝါရှင်တန်က စစ်အေးတိုက်ပွဲလို့ ပြောချင်မှာမဟုတ်ပါဘူး။ အဲဒီအစား လစ်ဘရယ်ဒီမိုကရေစီစံနှုန်းတွေရှိတဲ့ နိုင်ငံတွေနဲ့ အချုပ်အခြာအာဏာထိပါးခံရနိုင်တဲ့အန္တရာယ်တွေရှိတဲ့နိုင်ငံတွေကို ချဉ်းကပ်နေတာပါ” လို့ သူက သုံးသပ်ပါတယ်။

တစ်ဖက်မှာလည်း တောင်တရုတ်ပင်လယ်နဲ့ပတ်သက်ပြီး ကျူးကျော်မှုတွေဆက်လုပ်နေတဲ့ တရုတ် အစိုးရကို ဗီယက်နမ်က သတိပေးလိုက်တာ ဆိုတဲ့ယူဆချက်တွေ ရှိပါတယ်။

ပြီးခဲ့တဲ့အပတ်ကပဲ ပိုင်ဆိုင်မှုအငြင်းအခုံဖြစ်နေတဲ့ တရုတ် - ဗီယက်နမ် ရေပိုင်နက်အနီးပါရာဆယ်ကျွန်းအနီးမှာ တရုတ်ရဲ့ ကမ်းရိုးတန်းစောင့် သင်္ဘောတစ်စင်းကပစ်ခတ်မှုတွေလုပ်ခဲ့တယ်ဆိုတဲ့ ဗီယက်နမ်ငါးဖမ်းသမားတွေရဲ့ ပြောဆိုချက်တွေကို ဗီယက်နမ်နိုင်ငံပိုင်ရုပ်သံမီဒီယာကနေထုတ်လွှင့်ခဲ့ပါတယ်။

ဒါပေမဲ့ အမေရိကန်နဲ့ ပူးပေါင်းဆောင်ရွက်နေတယ်ဆိုတာနဲ့ ဗီယက်နမ်က သူနဲ့ တရုတ်ကြားက မိတ်ဆွေဖြစ်‌နေတာကို ရပ်ပစ်ဖို့တော့လိုလားမှာမဟုတ်ဘူးလို့ စင်ကာပူအခြေစိုက် နိုင်ငံတကာလေ့လာရေးအဖွဲ့ ယူဆွတ်အစ်ဟက် အင်စတီကျုကသုတေသီ လီဟုန်ဟိုင်က ပြောပါတယ်။

''ဗီယက်နမ်ရဲ့ တွက်ချက်မှုအရ အမေရိကန်နဲ့ဆက်ဆံရေးတိုးမြှင့်လိုက်တာနဲ့ တရုတ်နဲ့ ဆက်ဆံရေး ယိုယွင်းသွားမယ်ဆိုတာမဖြစ်သင့်ဘူးဆိုတဲ့ စဥ်းစားချက်ရှိပါတယ်။ မကြာခင်မှာပဲ ဗီယက်နမ်ကို တရုတ်သမ္မတရှီ ရောက်လာမယ့် အရိပ်အယောင်တချို့ကို ကျွန်တော်တို့ မြင်တွေ့နေရပါပြီ" လို့ ဖြည့်ပြောပါတယ်။

ဟနွိုင်း ကတရုတ်ဘက်က တုံ့ပြန်လာမှာကို သေချာပေါက်ကြိုတင်တွက်ချက်ထားခဲ့တာပါ။ သမ္မတဘိုင်ဒန် ရဲ့ ဗီယက်နမ်ခရီးစဥ်မတိုင်ခင်ကပဲ ဗီယက်နမ်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးငုယင်ဖူကျန်း ဟာ တရုတ် - ဗီယက်နမ်နယ်စပ်ကို သွားရောက်ခဲ့ပြီး တရုတ်သံအမတ်နဲ့ တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုကို ချီးကျူးပြောဆိုခဲ့ပါတယ်။

“အင်အားကြီးနိုင်ငံတွေရဲ့ ပြင်းထန်တဲ့ အားပြိုင်ပွဲမှာတစ်ဖက်ဖက်ကိုပဲ ရပ်လိုက်ဖို့ ဘယ်နိုင်ငံကမှလုပ်ချင်မှာမဟုတ်ပါဘူး။ ဒါပေမဲ့ ဒေသတွင်းနိုင်ငံအများစုဟာ သူတို့ရဲ့ သာယာဝပြောရေးနဲ့ လုံခြုံရေးအတွက် အရေးကြီးတဲ့နယ်ပယ်အသီးသီးမှာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ချက်တွေကအရေးတကြီးလိုအပ်ကြပါတယ်” လို့ အာရှ - ပစိဖိတ်လုံခြုံရေး နဲ့လေ့လာရေးဌာန က ပါမောက္ခ အလက်ဇန္ဒားဗူဗင်းက ပြောပါတယ်။

''အခုလို ဒေသနိုင်ငံအသီးသီးရဲ့ လိုအပ်ချက်တွေကို အသုံးချတာကလည်း အင်အားကြီးနိုင်ငံတွေရဲ့ ပြိုင်ဆိုင်မှု'' လို့ သူကဖြည့်စွက်ပြောပါတယ်။

ဒါပေမဲ့ ဝါရှင်တန်ရဲ့ အာရှမဟာမိတ်အင်အားစုရှာဖွေစုဆောင်းရေးမှာအမေရိကန် နဲ့ ဗီယက်နမ်တို့ ပိုကောင်းတဲ့ မိတ်ဆွေတွေဖြစ်လာကြတယ်ဆိုတာကတော့ သံသယဖြစ်စရာမရှိပါဘူး ။

စစ်တမ်းတွေအရတော့ ဗီယက်နမ်ပြည်တွင်းမှာ အမေရိကန်ကိုအထင်ကြီးလေးစားမှုတွေ အများကြီးရှိနေပါတယ်။ ၂၀ ရာစုရဲ့ အရက်စက်ဆုံးစစ်ပွဲတွေထဲက အဆိုးဆုံးကြောက်မက်ဖွယ်စစ်ပွဲကို ကြုံခဲ့ရတဲ့ဗီယက်နမ်တွေအနေနဲ့ ဒါကိုမေ့ပျောက်မှာမဟုတ်ပေမဲ့ နှစ်နိုင်ငံကြားသံတမန်ဆက်ဆံရေးကို ၁၉၉၅ ခုနှစ်ကစလို့ ပြန်လည်တည်ဆောက်ခဲ့ပြီး အဲဒီကတည်းက အပြန်အလှန်ယုံကြည်မှုတွေလည်း တိုးလာနေပါတယ်။

နှစ်နိုင်ငံစလုံးဟာ စစ်ဆင်ရေးကာလတွေမှာ ပျောက်ဆုံးခဲ့တဲ့ အမေရိကန်စစ်သားတွေရဲ့ ရုပ်အလောင်းအကြွင်းအကျန်တွေကို ပြန်လည်ရှာဖွေရာမှာ အတူတကွပူးပေါင်းလုပ်ဆောင်ခဲ့ကြပြီး ဝါရှင်တန်ကလည်း ဗီယက်နမ်စစ်သားအကြွင်းအကျန်တွေကို ရှာဖွေဖော်ထုတ်မှုမှာအကူညီပေးခဲ့ပါတယ်။

နှစ်စဉ်နှစ်တိုင်းသောင်းနဲ့ချီတဲ့ ဗီယက်နမ်ကျောင်းသားတွေ အမေရိကန်မှာပညာသင်ကြားဖို့သွားရောက် ကြပြီး အဲဒီအချက်ကလည်း ပြန်လည်သင့်မြတ်ရေးလမ်းကြောင်းကို ပံ့ပိုးပေးနေတာပါ။

"ကျွန်ုပ် တို့က HUST ရဲ့ ကျောင်းသားတွေဖြစ်ပါတယ်။ ကျွန်ုပ်တို့အားလုံးကထက်မြက်တယ်၊ ငယ်ရွယ်တယ်၊ ခွန်အားတွေရှိတယ်'' လို့ ဟနွိုင်းနည်းပညာနဲ့သိပ္ပံတက္ကသိုလ် - Hanoi University of Science and Technology က ကျောင်းသားတစ်စုက BBC ကိုစောင့်ကြည့်နေတဲ့ ဗီယက်နမ်အစိုးရအရာရှိတွေရှေ့မှာပဲ ကြွေး‌ကြော်ခဲ့ကြပါတယ်။

အခြားနေရာမှာတော့ ဗီယက်နမ်လူငယ်တစ်ဦးက ဗီယက်နမ်သီချင်းတစ်ပုဒ်ဖြစ်တဲ့ မင်းမှာရှိတာတွေအတွက် တန်ဖိုးထားလေးစားပါ ဆိုတဲ့ သီချင်းစာသားကိုဆိုပြီးဂစ်တာတီးနေပါတယ်။

“ကိုရီးယားနဲ့ ဂျပန်နည်းပညာကုမ္ပဏီတွေက ဗီယက်နမ်မှာ နည်းပညာစင်တာတွေ ဖွံ့ဖြိုးဖို့ ငွေကြေးစိုက်ထုတ်သုံးစွဲတယ်။ အခုလည်း အမေရိကန်ဝင်လာပြီ'' လို့ ဒုတိယနှစ် ကျောင်းသား တစ်ဦးက ပြောပါတယ်။

"အနာဂတ်မှာ ဗီယက်နမ်ဟာ အမေရိကန်အတွက် နောက်ထပ် ဆီလီကွန်တောင်ကြား (အမေရိကန်ကယ်လီဖိုးနီးယားက အဆင့်မြင့်နည်းပညာကုမ္ပဏီကြီးတွေ လုပ်ငန်းတွေ အခြေစိုက်ရာနေရာ) ဖြစ်လာတော့မယ်လို့ ကျွန်တော်မြင်ပါတယ်၊ အားလုံးကဒီကိုလာပြီး အလုပ်လုပ်ကြလိမ့်မယ်။ အဲဒီလိုဖြစ်လာ မယ့်အချိန်ကို ကျွန်တော်တော့စောင့်တောင်မစောင့်နိုင်တော့ပါဘူး။”