ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကော့ကရိတ်တိုက်ပွဲကြောင့် ထိုင်းနဲ့ နယ်စပ်ကုန်သွယ်ရေး ရပ်ဆိုင်းလုနီးဖြစ်နေတယ်လို့ဆို
အာရှလမ်းမကြီးကို ဖြတ်တဲ့ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ထဲမှာ ကရင်အမျိုးသားလွတ်မြောက်ရေး KNLA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ကြား သီတင်းပတ် နှစ်ပတ်နီးပါးကြာ တိုက်ပွဲပြင်းထန်နေလို့ ထိုင်းမြန်မာနယ်စပ် ကုန်သွယ်ရေးအပေါ် ရိုက်ခတ်မှုတွေ ရှိလာပါတယ်။
နှစ်ဖက်ထိတွေ့တိုက်ပွဲတွေကြာင့် ထိုင်းဘက်က မဲဆောက်မြို့နဲ့ မြန်မာဘက်က မြဝတီနဲ့ ကော့ကရိတ်မြို့တို့ကို ဖြတ်သန်းသွားတဲ့ အာရှလမ်းပိုင်းကို စစ်ကောင်စီတပ်က ပိတ်ထားပြီး ဆိုင်ကယ်တွေလောက်ပဲ ဖြတ်သန်းသွားလာခွင့်ပေးထားတယ်လို့ မြေပြင်အခြေအနေ သိရှိသူတွေက ဘီဘီစီကိုပြောပါတယ်။
လက်ရှိမှာ ကော့ကရိတ်-သင်္ကန်းညီနောင်လမ်းပိုင်းကို ဖွင့်ထားပေမဲ့ အာရှလမ်းပိုင်းကို ပိတ်ထားတဲ့ အခြေအနေကြောင့် ကုန်စည် ပို့ဆောင်ရာမှာ အခက်အခဲတွေရှိနေတယ်လို့ မြဝတီ-မဲဆောက် အေးခဲကုန် ပို့နေတဲ့ ကုန်သည်တစ်ဦးက ဆိုပါတယ်။
“လမ်းမှာ ပစ်တယ်ခတ်တယ်ဆိုရင် ကားတွေ မထွက်ဘူး။ ကုန်တင်ပို့တာလည်း ရပ်ထားရတယ်။ တခါတလေကျတော့လည်း ထိုင်းဘက်ခြမ်းကို ပြန်သည်ပြီး ကုန်တွေကို အအေးပြန်ခဲရတာ ရှိတယ်။ ကုန်တွေကတော့ သူ့နည်းသူ့ဟန်နဲ့ သယ်ကြတာပဲ။ အရင်ကထက်စာရင်တော့ ကုန်ကျစရိတ် ပိုများလာတယ်။ ဂိတ်ကြေးတွေ ပိုများလာတယ်” လို့လည်း ပြောပါတယ်။
ကော့ကရိတ်တိုက်ပွဲတွေကြောင့် လမ်းပိုင်းတချို့က တံတားသုံးစင်း ပျက်စီးသွားခဲ့ပြီး နှစ်သစ်ကူးကာလ မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေးဟာ ရပ်တန့်လု နီးပါး ဖြစ်နေတယ်လို့လည်း ကုန်သည်တွေက ဆိုပါတယ်။
တဖက်မှာလည်း ထိတွေ့တိုက်ပွဲတွေက နှစ်သစ်ကူးအားလပ်ရက်အထိ နေ့စဥ်ရက်ဆက်ဆိုသလို ဖြစ်နေပါတယ်။
စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ လေကြောင်းသုံးတိုက်ခိုက်တာ၊ ဗုံးကြဲတာတွေ ဆက်တိုက် ရှိနေတယ်လို့ KNLA ပူးပေါင်းအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ကျားဖြူတပ်ခွဲ(၁)က ဘီဘီစီကို ပြောပါတယ်။
“ထိတွေ့တိုက်ပွဲတွေက နည်းနည်းစီ အမြဲဖြစ်နေတယ်။ ဒီလိုမျိုး ဆိုင်ထားတဲ့ အခြေအနေဆိုတော့ အချိန်က ကြာသွားတယ်။ စစ်တပ်ဘက်က လေကြောင်းကနေ ပစ်ခတ်တာတွေ ပျံသန်းတာတွေ ဆက်တိုက်ရှိနေတယ်။ ဒီဇင်ဘာလ ၃၀ ရက်နေ့အထိ လေယာဥ်ပျံသန်းတာ ရှိတယ်။ မပစ်သွားတာပဲ ရှိတယ်။ ကျန်တဲ့ရက် တောက်လျှောက်ကတော့ ဗုံးကြဲတာကော၊ MI 35 နဲ့ ပစ်တာတွေကော အစုံပါပဲ” လို့လည်း ဆိုပါတယ်။
ဒီဇင်ဘာလ ၂၇ ရက်နေ့မှာလည်း ကော့ကရိတ်မြို့နယ် ကော့နွှဲ့ကျေးရွာအနီးမှာ စစ်တပ်ဘက်က လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ပြီး လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်ခဲ့သလို ရွာက နေအိမ်တချို့ကို မီးဝင်ရှို့တာတွေ ရှိတယ်လို့ ကျားဖြူတပ်ခွဲ(၁) ပြန်ကြားရေးဘက်က ပြောပါတယ်။
စစ်အင်အားအလုံးအရင်း တိုးချဲ့ချထားပေမယ့်လည်း စစ်ကောင်စီဘက်ရဲ့ သံချပ်ကာ သုံးစီးထဲက တစီးကို ပူးပေါင်းတပ်ဖွဲ့တွေဘက်က ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း ပစ်ချခဲ့သလို စစ်ကောင်စီဘက်က အကျအဆုံးများတယ်လို့လည်း ဆိုထားပါတယ်။
ဒါပေမဲ့ ဒီတိုက်ပွဲတွေအတွင်း အကျအဆုံးနဲ့ အခြေအနေ အသေးစိတ်ကိုတော့ စစ်ကောင်စီဘက်က တစုံတရာ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။
ကော့ကရိတ်မြို့နယ်တွင်း တိုက်ပွဲတွေကြောင့် ကော့နွဲ့ကျေးရွာအပါအဝင် အနီးနားကျေးရွာတွေက ကျေးရွာပေါင်း ၆ ရွာက ဒေသခံ ၂၀၀၀ ဝန်းကျင်ဟာ ဒေသခံတွေဟာ ဘေးလွတ်ရာ ပြေးရှောင်နေပြီး စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ အနွေးထည်စတဲ့ အကူအညီတွေ လိုအပ်လျက်ရှိနေတယ်လို့လည်း စစ်ရှောင်အရေးကူညီပေးနေသူတွေက ပြောပါတယ်။
အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံအလယ်ပိုင်းလို နေရာတွေမှာပါ စစ်မျက်နှာသစ်တွေ တိုးလာပေမဲ့ စစ်ကောင်စီက ၂၀၂၂ ကို ငြိမ်းချမ်းရေးနှစ်လို့ ကြေညာပြီး အုပ်ချုပ်ရေးယန္တရားတွေ တိုက်ခိုက်ခံရချိန်ကလွဲလို့ စစ်ဆင်ရေးတွေ ရပ်ဆိုင်းထားမယ်လို့ ကြေညာပြီး တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ ဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီကာလအတွင်းမှာပဲ နိုင်ငံနေရာအတော်များများ တိုက်ပွဲတွေက ဆက်တိုက် ရှိနေခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်ရဲ့ နောက်ဆုံးနေ့မှာလည်း လာမယ့် ၂၀၂၃ နှစ် တစ်နှစ်လုံးကို စစ်ဆင်ရေးတွေ ရပ်ဆိုင်းထားမယ်ဆိုပြီး ထပ်မံ ကြေညာခဲ့ပါတယ်။