ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဗြိတိသျှဒုံးကျည်စမ်းမှု မအောင်မြင်- ဖေဖော်ဝါရီ ၂၁ ရက် နိုင်ငံတကာသတင်းများ
အဏုမြူ ထိပ်ဖူး တပ်ဆင်ဖို့ ပြင်ထားတဲ့ ဒုံးကျည် စမ်းသပ်မှု ဒုတိယအကြိမ် မအောင်မမြင် ဖြစ်ခဲ့ပေမယ့်လည်း ဗြိတိန်ရဲ့ အဏုမြူ စနစ် အစွမ်းထက်ပြီး အားကိုးရဆဲဖြစ်တယ်လို့ ဗြိတိသျှ အစိုးရ အနေနဲ့ အပြည့်အဝ ယုံကြည်မှု ရှိကြောင်း ဗြိတိသျှ ကာကွယ်ရေး ဝန်ကြီး က ပြောကြားခဲ့ပါတယ်။
စမ်းသပ်ချိန်မှာ အမှားအယွင်း ဖြစ်ခဲ့ပေမယ့် ဒီ ထရွိုင်းဒန့် ဒုံးကျည်စနစ် ကို ယုံကြည်ရမှုအပေါ် ဘာမှ သံသယပွားစရာ မရှိဘူးလို့ ကာကွယ်ရေး ဝန်ကြီး ဂရန့်ရှပ်စ်က ဆိုပါတယ်။
အမေရိကန် အရှေ့ဘက် ကမ်းရိုးတန်းအစွန်းမှာ ဒီမတော်တဆမှု ဖြစ်ခဲ့တာပါ။
ဒီဒုံးကို ပစ်ခတ်ခဲ့တဲ့ ရေငုပ်သင်္ဘောပေါ်မှာ ဗြိတိသျှ ကာကွယ်ရေး ဝန်ကြီးနဲ့ ရေတပ် ဦးစီးချုပ်တို့ ရှိကြပါတယ်။
ဒီဒုံးကျည်က ကီလိုမီတာ ထောင်ချီ ထွက်သွားဖို့ ရှိပေမယ့် ပစ်ခတ်တဲ့နေရာအနီးက ပင်လယ်ပြင်ထဲကို ထိုးကျသွားခဲ့ပါတယ်။
ညွန့်ပေါင်းသစ်ကြောင့် ပါကစ္စတန် ရှယ်ယာစျေးပြန်တက်
ပါကစ္စတန်ရဲ့ အဓိကပါတီကြီး နှစ်ခု ညွန့်ပေါင်းအစိုးရဖွဲ့ဖို့ သဘောတူလိုက်ပြီလို့ ပြောကြားလိုက်ပြီးနောက် စတော့ရှယ်ယာစျေးအဖွင့်မှာ ၁.၅ ရာခိုင်နှုန်း တက်သွားခဲ့ပါတယ်။
အစိုးရသစ်ပေါ်လာတော့မှာမို့ ရင်းနှီးမြှုပ်နှံသူတွေရဲ့ ယုံကြည်မှုကို ပြန်ရစေကြောင်း စတော့ စျေးကွက် သုံးသပ်သူ တဦးက ပြောပါတယ်။
အင်္ဂါနေ့နှောင်းပိုင်းမှာပဲ ညွန့်ပေါင်းအစိုးရဖွဲ့ဖို့ သဘောတူညီမှု ရခဲ့ပြီလို့ ပါကစ္စတန် မွတ်ဆလင်အဖွဲ့ချုပ်နဲ့ ပါကစ္စတန် ပြည်သူ့ပါတီက ပြောကြားခဲ့ကြတာပါ။
လောလောဆယ် အကျဉ်းကျနေတဲ့ ဝန်ကြီးချုပ်ဟောင်း အင်မရန်ခန်းရဲ့ ဘက်သား တသီးပုဂ္ဂလကိုယ်စားလှယ်လောင်းတွေက ဒီလ ရွေးကောက်ပွဲမှာ နေရာအများဆုံး နိုင်ခဲ့ပေမယ့်လည်း အများစုနေရာကို မယူနိုင် ဖြစ်ခဲ့ပါတယ်။
အိန္ဒိယ လယ်သမားသပိတ်ကို ဖြိုခွဲ
အိန္ဒိယမြောက်ပိုင်းမှာ ဒေလီမြို့တော်ကို ချီတက်ဖို့ ပြန်တာစူလာကြတဲ့ လယ်သမားတွေကို ရဲက မျက်ရည်ယိုဗုံးတွေ သုံးပြီး လူစုခွဲခဲ့ပါတယ်။
သီးနှံစျေးတိုးပေးရေး အာမခံပေးဖို့ လယ်သမားတွေ တောင်းဆိုနေကြတာ ဖြစ်ပါတယ်။
မြို့တော်နဲ့ မိုင် ၁၂ဝ ကျော် ဝေးတဲ့ နေရာမှာ ထောင်နဲ့ချီတဲ့ လယ်သမားတွေ စုဝေးခဲ့ကြပြီး ဝန်ချီစက်တွေ၊ မြေတူးစက်တွေနဲ့ ထွန်စက်တွေ ပါလာကြပါတယ်။
ဆန္ဒပြသမားတွေကို တားဆီးဖို့ ရဲက ကွန်ကရစ်တုံးတွေနဲ့ သံဆူးကြိုးတွေကို သုံးခဲ့ပါတယ်။
ပန်ဂျပ်ပြည်နယ်က အများစု လာကြတဲ့ ဒီလယ်သမားတွေက သူတို့စိုက်ထားတဲ့ သီးနှံတွေ စျေးပိုရရေးကို ဥပဒေနဲ့ သတ်မှတ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
အစိုးရဘက်က အကြံပြုတဲ့ ငါးနှစ် ကန်ထရိုက်နဲ့ တချို့သီးနှံတွေကို ထောက်ပံ့ရေး အစီအစဉ်ကို တနင်္လာနေ့မှာ လယ်သမား သမဂ္ဂတွေက ပယ်ချခဲ့ကြပါတယ်။
တရုတ် သင်္ဘော ထိုင်ဝမ် နှင်ထုတ်
ထိုင်ဝမ် ထိန်းချုပ်ထားတဲ့ ကျွန်းလေးတကျွန်းနားက ပင်လယ်ပြင်ကို ဝင်ရောက်လာတဲ့ တရုတ်သင်္ဘောတစင်းကို ထိုင်ဝမ် ကမ်းရိုးတန်းစောင့်တပ်တွေက နှင်ထုတ်ခဲ့ကြောင်း ထိုင်ဝမ် အစိုးရက ပြောပါတယ်။
အရင်အပတ်က အလားတူဖြစ်ရပ်တခုမှာ တရုတ်ငါးဖမ်းသမားနှစ်ယောက် ရေနစ် သေဆုံးခဲ့တဲ့ ကျင်းမန်နားမှာပဲ အချင်း ဖြစ်ပွားခဲ့ကြတာပါ။
ဒီသေဆုံးရမှုအတွက် တရုတ်အစိုးရက ဒေါသတကြီး တုံ့ပြန်ခဲ့ပါတယ်။
တရုတ်ကမ်းရိုးတန်းနဲ့ နီးတဲ့ ဒီရေပြင်မှာ ထိုင်ဝမ်ထိန်းချုပ်မှုကို လုံးဝ အသိအမှတ်မပြုကြောင်းလည်း တရုတ်ဘက်က ပြောပါတယ်။
ဒါကို တုံ့ပြန်တဲ့အနေနဲ့ ထိုင်ဝမ်ဘက်က ကင်းလှည့်တာတွေ ပိုတိုးလုပ်ခဲ့ပါတယ်။
စင်္ကာပူ သူနာပြုတွေကို ဆုကြေးပေးမယ်
စင်္ကာပူမှာ သက်ကြီးပိုင်း ဦးရေ တိုးလာပြီး ကျန်းမာရေး ဝန်ထမ်းဦးရေ လျော့ကျနေတဲ့အတွက် အစိုးရ သူနာပြုတွေကို အားပေးတဲ့အနေနဲ့ အမေရိကန် ဒေါ်လာ ၇၄,၅၀၀ ထိ ဆုကြေးပေးမယ်လို့ စင်္ကာပူ အစိုးရက ပြောပါတယ်။
လုပ်သက် နှစ် ၂ဝ ပြည့် ဒါမှမဟုတ် ပင်စင်ယူတဲ့အရွယ်မှာ ဒီဆုကြေးကို ပေးမှာလို့ ကျန်းမာရေး ဝန်ကြီး အောင်ရီးကောင်းက ပြောပါတယ်။
ကိုဗစ် ၁၉ ကပ်ဘေးကြောင့် စင်္ကာပူမှာ သူနာပြုဦးရေ လျော့ကျခဲ့ပြီး နိုင်ငံခြားသူနာပြုအများအပြား စင်္ကာပူက ထွက်သွားခဲ့ပါတယ်။
စင်္ကာပူမှာ သက်ကြီးဦးရေ တိုးလာနေပြီး ၂၀၃ဝ မှာ စင်္ကာပူလူဦးရေရဲ့ လေးပုံတပုံက ၆၅ နှစ်အထက် ဖြစ်လိမ့်မယ်လို့ ခန့်မှန်းနေကြပါတယ်။
ဂျပန် လေကြောင်း စာမေးပွဲ မသမာမှု
ဂျပန်ရဲ့ အကြီးဆုံး လေကြောင်းလိုင်းနှစ်ခုရဲ့ တိုကျိုလေဆိပ်မှာ လုပ်နေကြတဲ့ ဝန်ထမ်းတွေကို ယာဉ်မောင်း ရေးဖြေ စာမေးပွဲမှာ လိမ်ညာခွင့်ပြုခဲ့ကြောင်း ဝန်ခံလိုက်ပါတယ်။
ဂျပန်လေကြောင်းနဲ့ All Nippon Airways ကုမ္ပဏီတွေရဲ့ ထုတ်ပြန်ချက်တွေဟာ ဂျပန် လေကြောင်းလောကမှာ ဖြစ်နေတဲ့ မတော်တဆဖြစ်မှု ပြဿနာတွေထဲ နောက်ဆုံးပိတ် တခု ဖြစ်ပါတယ်။
ဟာနဲဒါ လေဆိပ်မှာ ခရီးသည်အိတ် သယ်တဲ့ကားနဲ့ အစားအသောက် ရောင်းတဲ့ကားတွေ မောင်းဖို့ ငှားထားတဲ့ လူတချို့ကို ယာဉ်လုံခြုံမှု ဆိုင်ရာ စစ်တဲ့ စာမေးပွဲမှာ ပြဋ္ဌာန်းစာအုပ်ကြည့်ပြီး ဖြေခွင့်ပေးခွင့်တယ်လို့ လေကြောင်းလိုင်းတွေက ပြောပါတယ်။
ဇန်နဝါရီလကပဲ လေယာဉ်ငယ်တစီးမှာ လိုက်ပါသွားတဲ့ လူငါးယောက် ဂျပန်လေကြောင်းက လေယာဉ်တစီးနဲ့ တိုက်မိပြီး သေဆုံးခဲ့ပါတယ်။
အဲဒီနောက် လေယာဉ်ကြီး မီးစွဲလောင်ပြီး လေယာဉ်ပေါ်ပါ လူ ၃၇၉ ယောက် လွတ်အောင် ရှောင်တိမ်းခဲ့ရပါတယ်။